ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဆီမှ ပွဲစားခ ငွေကြေးတောင်းယူပြီး အလုပ်ရှာ မပေးဘဲ ထွက်ပြေးတိမ်းရှောင် တာ တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး အလုပ်သမားအဖွဲ့စည်းတွေလည်း မကြာခဏ ဖြေရှင်းပေးရတဲ့ အမှုအကြောင်းရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာလည်း ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ MOU အလုပ်သမား ၇ ဦးကို ပွဲစားတစ်ဦးက အလုပ်ရှာပေးမယ်ဆိုကာ ထိုင်းဘတ်ငွေ ၃ သောင်းကျော်ယူသွားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သားကူညီစောင့်ရှောက်ရေးM.H.A.C မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
ဖြစ်စဉ်မှာ ပွဲစားတစ်ဦးမှ မြန်မာ MoU အလုပ်သမား ၇ ဦးအား အလုပ်ရှာပေးမယ် ဟုယုံကြည်အောင်ပြောဆို ပြီး အလုပ်စမတ်ခအဖြင့် တစ်ဦးလျှင် ဘတ် ၄,၅၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၃၁,၅၀၀ တောင်းယူသွားပြီး အလုပ်မရှာပေးတဲ့ အတွက် စက်တင်ဘာလ ၈ ရက်မှာ M.H.A.C မဟာမိတ်အဖွဲ့ ထံ လာရောက် အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
နစ်နာသူ အလုပ်သမားများက အကူအညီတောင်းခံလာတဲ့ အတွက် (M.H.A.C) မဟာမိတ်ရုံးနှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ငွေကြေးတောင်းယူပြီး အလုပ်မရှာပေးသည့်အမှုအား ကူညီဖြေရှင်းပေးခဲ့ရာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ပွဲစားဆိုသူ မှ ၎င်းတောင်းယူထားတဲ့ ဘတ် ၃၁,၅၀၀ အား အလုပ်သမား ၇ ဦးထံ ပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။