လုပ်ငန်းခွင်မှာ အနိုင်ကျင့်အလုပ်ထုတ်ခံရတာတွေ အာဏာသိမ်း စစ်ကောင်စီအစိုးရလက်ထက် ပိုမိုများပြားလာသလို အလုပ်သမားရုံးတွေကိုတိုင်ကြားရာမှာ လည်း တရားသဖြင့်ဖြေရှင်းပေးခြင်းမရှိကြဘူးလို့ အလုပ်သမား အရေးကူညီဆောင်ရွက်ပေးနေသူတွေနဲ့ အလုပ်သမားတွေရဲ့ ဝေဖန်ပြောဆိုချက်တွေအရ သိရပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးက စက်မှုဇုန်လုပ်ငန်းခွင်တွေထဲမှာလည်း ရန်ကုန်တိုင်းထဲက စက်မှုဇုန်တွေက အလုပ်သမားတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုများသလို အနိုင်ကျင့်အလုပ်ထုတ်ခံရမှုတွေလည်း ဆက်တိုက်ကြုံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေဟာ နစ်နာမှုတွေအတွက် မြို့နယ်အလုပ်သမားရေးရာ ညွှန်ကြားမှုဦးစီးဌာနရုံးတွေကို သွားရောက် တိုင်ကြားပေမယ့် သေသေချာချာမဖြေရှင်းပေးဘဲ အပေါ်ယံအဖြစ်သာဖြေရှင်းလာတာကြောင့် အလုပ်သမားတွေဘက်က အကြိမ်ကြိမ်နစ်နာနေရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက မှတ်ချက်ပေးပါတယ်။
လတ်တလောအလုပ်ထုတ်ခံရမှုတွေမှာဆိုရင် ခွင့်ယူလို့အလုပ်ထုတ်ခံရခြင်း၊ အချိန်ပိုမဆင်းလို့အလုပ် ထုတ်ခံရခြင်း၊ စံချိန်အပြည့်မပေးနိုင်လို့အလုပ်ထုတ်ခြင်း၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းလို့ အလုပ်ထုတ်ခြင်း၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုထုတ်ဖော်ပြောဆိုလို့ အလုပ်ထုတ်ခြင်း၊ အသက်ရွယ်ကြီးရင့်လာ လို့ အလုပ်ထုတ်ခံရခြင်းစတဲ့ အကြောင်းအရာတွေကြောင့် အလုပ်ထုတ်ခံရတာတွေဟာ ပိုမိုဖြစ်ပွားလာ တာလို့ သိရပါတယ်။
"ခွင့်တိုင်ပေမယ့် ခွင့်မတိုင်ဘူးဆိုပြီး စက်ရုံဘက်က အလုပ်သမားကို အလုပ်ထုတ်တယ်။ကျွန်မတို့ အလုပ်သမားရုံးကိုဖြေရှင်းပေးဖို့တိုင်တယ်။စာပို့ပေးမယ်ပြောပြီး ဒီနေ့အထိစောင့်နေတာ ဘာမှအကြောင်းပြန်မလာဘူး။၄ ရက်လောက်ရှိနေပြီ။စက်ရုံဘက်ကိုမေးတော့ နို့တစ်စာမရဘူးပြန်ပြောတယ်။ရုံးကိုပြန်မေးတော့ ဥပဒေအတိုင်းပဲလုပ်ပါဆိုပြီး ပြောပြန်ရော။ရုံးတွေဘက်က တာဝန်ယူမှုတာဝန်ခံမှုမရှိပဲ လုပ်နေတာ ဒီနှစ်ထဲမှာတင် ၄ ကြိမ်လောက်ရှိနေပြီ"လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတဦးက ပြောပြပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မှာရှိတဲ့ စက်မှုဇုန်တွေရဲ့စက်ရုံအချို့က အလုပ်သမားတွေဟာ လုပ်ခလစာနည်းပါးတဲ့အပြင် ညပိုင်းအထိ အချိန်ပိုဆင်းခိုင်းတာနဲ့ တညလုံး အချိန်ပိုဆင်းခိုင်းတာတွေလည်း ဆက်တိုက်ဖြစ်လာတာကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားအရေးကူညီသူတွေထံ အလုပ်သမားတွေက အကူအညီတောင်းနေရတယ်လို့ ဝါးတရာစက်မှုဇုံ၊ ရုန်(လ်)သာအထည်ချုပ်စက်ရုံက အလုပ်သမားတဦးကပြောပါတယ်။
"စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဆိုရင် သူများစက်ရုံတွေက နေ့ခင်းပိုင်းအထိပဲဆင်းရတယ်။ညီမတို့ကျတော့ ညလုံးပေါက်ဆင်းရတယ်။ ည ၇ နာရီ ၈ နာရီလောက်အထိဆင်းခိုင်းတာမျိုးတွေလုပ်တယ်။စက်ရုံဘက်က မလုပ်နိုင်ရင်ထွက်ဆိုတာမျိုးပြောတယ်။အများစုကတော့ ဒီအလုပ်ပေါ်မှီခိုနေရတော့ မလုပ်ချင်လည်းလုပ်နေရတာပဲ။အလုပ်သမားရုံးတိုင်ရင်လည်းအပိုပဲ။စက်ရုံဘက်ကအလုပ်သမားရုံးဘက်ကို ပေးထား၊ ကျွေးထားတော့ တိုင်ရင်လည်း ရက်ချိန်းတွေနဲ့ ဘယ်သူတွေကတိုင်ပါတယ်ဆိုတာမျိုးနဲ့ တိုင်တဲ့အထဲပါတဲ့သူတွေ အကုန်အလုပ်ပြုတ်တာပဲရှိတာ"လို့ သူကဆက်ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုလိုမျိုးအချိန်ပိုတွေဆက်တိုက်ခေါ်ယူတာတွေပြုလုပ်လို့ နားချိန်၊ အိပ်ချိန်မရရှိတဲ့အတွက် အချိန်ပိုမဆင်းလို့အလုပ်ထုတ်ခံရတာတွေပါ ဆက်တိုက်ဖြစ်လာလို့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေရတဲ့ အလုပ်သမားတွေဟာ စက်ရုံတခုလုံးဆန္ဒဖော်ထုတ်တာတွေ တောင်းဆိုတာတွေ ရှိပေမယ့် စက်ရုံဘက်က အာဏာသိမ်းစစ်တပ်ကို ခေါ်ပြီး ဖမ်းခိုင်းတဲ့ဖြစ်စဉ်တွေလည်းဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီလိုမျိုးဖမ်းဆီးခံရမှုတွေဆက်တိုက်ဖြစ်ပွားလာပြီးနောက် အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်အဝမရရှိခြင်းနဲ့ အလုပ်ထုတ်ခံရခြင်းတွေ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းတွေအတွက် အလုပ်သမားတွေကမိမိတို့ကိုယ်တိုင်တောင်းဆိုမှုတွေမပြုလုပ်တော့ဘဲ သက်ဆိုင်ရာအလုပ်သမားရုံးတွေဆီ တိုင်ကြားလာတာပဲဖြစ်ပါတယ်။
အဲ့ဒီလိုတိုင်ကြားမှုတွေကို အလုပ်သမားရုံးတွေက ယခင်ကလိုစနစ်တကျဖြေရှင်းဆောင်ရွက်တာမျိုး မဟုတ်တော့ဘဲ အပေါ်ယံအဖြစ်သာဖြေရှင်းပြီး အလုပ်သမားကနစ်နာတယ်ထင်ပါက မိမိကိုယ်တိုင် အလုပ်ရှင်ကိုတရားစွဲစေခြင်းဖြင့်သာ အလွယ်တကူဖြေရှင်းလာတာကိုတွေ့မြင်ရပါတယ်။
"ခုနောက်ပိုင်းအလုပ်သမားကိုတရားစွဲခိုင်းတာတွေဆက်တိုက်ဖြစ်လာတယ်။ အလုပ်သမားကတစ်နေ့စာ တောင်တစ်နေ့မလုပ်ရရင်အဆင်မပြေတာလေ အလုပ်သမားကိုယ်တိုင်ဘယ်လိုတရားစွဲနိုင်မလဲ။ အဲဒီလို တရားမစွဲနိုင်ရင် ဒီပြဿနာကဒီမှာတင်ရပ်သွားပြီးပြီးသွားပြီ။ အလုပ်သမားကပိုနစ်နာရယ်။ အဲ့တော့အလုပ် သမားကိုတရားစွဲခိုင်းတာတွေလုပ်လာကြတယ်။ အရင်ကလည်းရှိတယ် ဒါပေမဲ့ရှားတယ်။ အလုပ်ရှင်ကအီး စီချိုးဖောက်ရင် အလုပ်သမားရုံးကဦးစီးမှူးတွေကိုယ်တိုင်ကတရားစွဲဆိုပေးရမှာ ဒီလိုအမှုလည်း သူတို့ခေါင်းရှောင်ပြီးအလုပ်သမားကတရားစွဲ အလုပ်သမားကတရားစွဲ ဒီလိုပဲလုပ်လာတာ။ ဒါကဦးစီးမှူးတွေကိုယ်တိုင်က အလုပ်ရှင်ကိုအရေးယူရမှာကိုအရေးမယူဘဲ ခေါင်းရှောင်တာ"လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။
LIGHTHOUSE Enterprises Limited အမှတ်(----)၊မဟာမြိုင်လမ်း၊ ဝါးတရာ စက်မှု့ဇုန်က ကိုသန့်ဇင်ဦး နှင့် ကိုဟန်မျိုးလှိုင် တို့နှစ်ဦးဟာ လုပ်သက် ၁၀ နှစ် နှင့် လုပ်သက် ၄ နှစ်ခွဲ ခန့် အသီးသီးရှိကြသော လုပ်သက်ရင့်ဝန်ထမ်းများဖြစ်ကြပေမဲ့ စက်ရုံကနေ့ရှင်း/လစားသမားတွေ အဖြစ်သာ အလုပ်ခန့်ထားခဲ့ပြီး EC စာချုပ်ချုပ်ဆိုပေးရန် ပျက်ကွက်နေခဲ့တာကြောင့် ၆.၃.၂၀၂၄ ရက်နေ့တွင် မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သို့ တိုင်ကြားခဲ့ပါတယ်။
၆ ရက်အကြာ ၁၂.၃.၂၀၂၄ ရက်နေ့ ပထမ ရုံးချိန်းတွင် လုပ်ငန်းရှင်ဘက်မှ ၂၂.၃.၂၀၂၄ ရက်နေ့ အပြီးအစီး EC စာချုပ်ချုပ်ဆိုပေးမယ်လို့ နှစ်ဦးသဘောတူညီချက် စာချုပ်" ချုပ်ဆိုခဲ့ပြီးမှ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ၂၆.၃.၂၀၂၄ ရက်နေ့အထိ EC စာချုပ် ချုပ်ဆိုပေးရန် ထပ်မံ ပျက်ကွက်လျက်ရှိနေသောကြောင့် မြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန သို့စာချုပ်ဖောက်ဖျက်မှု့ ဖြင့် အရေးယူပေးဖို့ တိုင်ကြားခဲ့ရပါတယ်။
မြို့နယ် အလုပ်သမားညွှန်ကြားရေးဒုဦးစီးမှ ရုံချိန်းခေါ်၍ ဖြေရှင်းမှုပြုလုပ်ပေးရာမှာ "နှစ်ဦးသဘောတူညီချက် စာချုပ်" ဖောက်ဖျက်မှုအကြောင်းကိစ္စဖြင့် ဖြေရှင်းမှုပြုလုပ်ပေးခြင်းမရှိဘဲ ပြီးစီးခဲ့သော ၆.၃.၂၀၂၄ ရက်နေ့ EC စာချုပ် ချုပ်ဆိုပေးရန် ပျက်ကွက် နေသဖြင့် တိုင်ကြားထားသော တိုင်ကြားစာ ၏ ဒုတိယ ရုံးချိန်းစာများ ဖြင့်ဖြေရှင်းခဲ့တာကြောင့် အလုပ်ရှင်ကလည်း ၇.၅.၂၀၂၄ ရက်နေ့ အ.လ.ည (၄) ကြိမ်မြောက် ရုံးချိန်းအထိ အလုပ်ချိန် တစ်ရက် (၈း၀၀) သတ်မှတ်ထည့်သွင်း ချုပ်ဆိုမပေးနိုင်လို့ EC စာချုပ် ချုပ်ဆိုဖို့ဆက်လက် ငြင်းဆိုခဲ့တာကို မြို့နယ် အလုပ်သမားညွှန့်ကြားရေး ဦးစီးမှူးကအထက်သို့ စာတင်ပေးပြီး အထက်မှစာကျလာသည်နှင့် ညွှန်ကြားချက် အတိုင်း ဆက်လက် ဆောင်ရွက်ပေးမယ်လို့သာပြောဆိုခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး နောက်ထပ်ကြန့်ကြာနေသောအမှုတစ်ခုဖြစ်တဲ့ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှာ ဖြေရှင်းနေတဲ့ Hong Miao Garment စက်ရုံမှ မနှင်းလွှာသွေးနှင့် မသိရီကိုကိုအောင် တို့ (၂) ဦး ၏ စက်ရုံပိတ်သိမ်းပြီး လုပ်ငန်းရှင်မှ လုပ်သက်နစ်နာကြေး+ နို့တစ်ကြေး ပေးချေ ခြင်းမရှိတဲ့ အမှု့ကိစ္စကိုတိုင်ကြားဖြေရှင်းရာမှာလည်း(၂) ချိန်းမြောက် ချိန်းဆို ဖြေရှင်းပြီး မြို့နယ် ဦးစီးအရာရွိ မွ "အထက်ရုံး သို့ စာတင်ပြီး ဆုံးဖြတ်ချက် ကျသည်နှင့် စာကျသည့် အတိုင်းဖြေရှင်းဆောင်ရွက်ပေးမယ်လို့သာဆိုခဲ့ပြီး အချိန် (၆) လကြာအထိ မြိုနယ် ဦးစီး အရာရှိမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။
ရွှေပြည်သာမြို့နယ်၊ ဝန်ဆောင်မှုလမ်း၊ ဝါးတရာစက်မှု့ဇုန်၊ Chu Yang(Myanmar) Garment CO, Ltd အထည်ချုပ်စက်ရုံပိုင်ရှင်ကို နစ်နာသူအလုပ်သမားက တရားစွဲဆိုခဲ့ရပါတယ်။ အလုပ်သမားဟာ အလုပ်တွင် ခွင့်တိုင်ခဲ့သော်လည်းခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ အလုပ်မှထုတ်ပယ်ခြင်းခံရလို့ မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တွင် ရုံးချိန်း ၃ ကြိမ်အထိ ဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရရှိသည့်အတွက် မြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမွ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ရန်သာစာထုတ်ပေးခဲ့လို့ ရွှေပြည်သာမြို့နယ် တရားရုံးတွင်အလုပ်သမားက အမှုဖွင့်တရားစွဲခဲ့ရတာပဲဖြစ်ပါတယ်။
ဒါ့အပြင် မြေတိုင်းအမှတ်(၄၂) I စက်မှု့ဇုန် (၁) I Wai Hua (Myanmar) Garment CO, Ltd အထည်ချုပ်စက်ရုံ မှ မဇင်မာဦးသည် ၂၉.၁.၂၀၂၄ ရက်နေ့တွင် စက်လိုင်းအတွင်း "ပဲ" ကျသည့်ကိစ္စ ဖြင့် အငြင်းအခုန် ဖြစ်သည်ကို အလုပ်မှထုတ်ပယ်ခံခဲ့ရလို့ မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တွင် ရုံးချိန်း ၃ ကြိမ်အထိ ဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရရှိသည့်အတွက် ဦးစီးဌာနမွ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ရန် စာထုတ်ပေးခဲ့လို့ ရွှေပြည်သာမြို့နယ် တရားရုံးတွင် ၂.၄.၂၀၂၄ ရက်နေ့က Wai Hua (Myanmar) Garment လုပ်ငန်းရှင်ကိုလည်း နစ်နာသူအလုပ်သမားမှတရားစွဲဆိုခဲ့ရပြန်ပါတယ်။
"စည်းကြပ်ရတဲ့ဥပဒေအလိုက် လုပ်ငန်းရှင်ကချိုးဖောက်တာဆိုရင် ဌာနကအရေးယူပေးရမှာ ဥပဒေအရဆက်လက်ဆောင်ရွက်ဖို့ဆိုရင်လည်း ဦးစီးမှူးတွေကိုယ်တိုင်ကချိုးဖောက်တဲ့လုပ်ငန်းရှင်ကို တရားစွဲ ရမှာ ။ ခုကအဲလိုမဟုတ်ဘူး အလုပ်သမားကိုပဲစွဲခိုင်းနေတော့တာလို့ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတစ်ဦးကဆိုပါတယ်။
ဆက်လက်ပြီးတော့ Kingsrich Myanmar အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့အလုပ်သမားရဲ့ အလုပ်ရှင်ကိုတရားဆွဲဆိုမှုကိုလည်း ဖော်ပြပေးချင်ပါတယ်။
ရွှေပြည်သာစက်မှု့ဇုန်၊ ရေပြာလမ်း၊ ၁၈ရပ်ကွက်မှာရှိတဲ့ Kingsrich (Myanmar) Garment CO;Ltd အထည်ချုပ်စက်ရုံက အလုပ်သမား မရှားလဲ့ဖြူသည် ၂၁.၇.၂၀၂၃ ရက်နေ့က လုပ်ငန်းခွင်အတွင်း အမျိုးသားတဦးမှ ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုကိုခံရလို့ အချင်းချင်းရန်ဖြစ်ခဲ့ရမှုကြောင့် စတင်ထိုးကြိတ်မှုကျူးလွန်တဲ့အမျိုးသား အလုပ်သမား ကို အလုပ်မှ ထုတ်ခြင်းမျိုး မဟုတ်ဘဲ ကျူးလွန်ခံရတဲ့ အမျိုးသမီးကိုပါအလုပ်ထုတ်ခဲ့သဖြင့် လုပ်ငန်းရှင်အားမြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတွင် တိုင်ကြားမှု ပြုလုပ်ခဲ့တာပါ။
ရုံးချိန်း ၃ ကြိမ်အထိ ဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရလို့ ဦးစီးဌာနမွ ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်ဖို့သာ စာထုတ်ပေးတာကြောင့် ရွှေပြည်သာမြို့နယ် တရားရုံးတွင် ၂.၄.၂၀၂၄ ရက်နေ့၌အမှုဖွင့်တရားစွဲခဲ့ပြီး လက်ရှိအမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှု့ဇုန်က ZYZ Apparel Co, Ltd အထည်ချုပ်စက်ရုံက မပိုင်ပိုင်သည် ၁.၂.၂၀၂၄ ရက်နေ့တွင် နောက်ကျ Gate Pass ယူခြင်းကြောင့် အလုပ်မှထုတ်ပယ်ခံခဲ့ရပါသေးတယ်။ အဆိုပါအလုပ်ထုတ်မှုကို မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တွင် ရုံးချိန်း ၃ ကြိမ်အထိ ဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရရှိသည့်အတွက် မြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမွ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ရန်သာ စာထုတ်ပေးခဲ့တာကြောင့် ရွှေပြည်သာမြို့နယ် တရားရုံးတွင်၂.၄.၂၀၂၄ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားရပါသေးတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုပြဿနာတွေကို အလုပ်သမားတွေက အလုပ်သမားရေးကူညီဆောင်ရွက်သူအဖွဲ့အစည်းတွေထံ အကူညီတောင်းခံ မှုကြောင့် အလုပ်သမားရေးဆောင်ရွက်သူတွေဟာ ဖမ်းဆီးခံရခြင်းတွေကြုံတွေ့သလို အလုပ်ရှင်တစ်ချို့ရဲ့ လူမိုက် ငှား ခြိမ်းခြောက်မှုတွေပါရှိခဲ့တာကြောင့် အလုပ်သမားတွေဟာ မိမိတို့ကိုယ်တိုင် မိမိတို့ရဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေ အလုပ်ထုတ်ခံရတာတွေကို တောင်းဆိုမှုတွေပြုလုပ် ခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီလိုပြုလုပ်ခဲ့သော်ငြားလည်း အလုပ်သမားတွေဟာ တောင်းဆိုမှုတွေပြေလည်တာမရရှိခဲ့ဘဲ အလုပ်သမားခေါင်းဆောင်ဟုဆိုကာ အလုပ်ထုတ်ခံရခြင်းနဲ့ စစ်တပ်ခေါ်ခြိမ်းခြောက်ဖြေရှင်းခြင်း၊ ညဘက်လူအိပ်ချိန်တွေမှာလိုက်လံဖမ်းဆီးခြင်းနဲ့ ခြိမ်းခြောက်ခြင်းတွေကိုသာ ပြုလုပ်ခံရတာကြောင့် အလုပ်သမားတွေဟာ မိမိကိုယ်တိုင်လည်းတောင်းဆိုမှုမပြုလုပ်ရဲဘဲ အလုပ်သမားရုံးတွေကို တိုင်ကြား မှုတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။
အလုပ်သမားတွေက တိုင်ကြားမှုတွေပြုလုပ်လာပါက အ၊လ၊ည အနေနဲ့ အလုပ်ရှင်အပေါ်အရေးယူဆောင်ရွက်ရမဲ့အမှုတွေဟာ EC စာချုပ် မချုပ်တာ၊ EC ဖောက်ဖျက်တာ၊ အနိမ့်ဆုံးလုပ်ခလစာပြည့်မီအောင်မပေးတာ၊ သမဂ္ဂဖြိုခွဲတာစတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် စည်းကြပ်ရတဲ့ ဥပေဒ အလိုက် လုပ်ငန်းရှင် က ချိုးဖောက်ရင် ဌာန က အရေးယူပေးရတာပဲဖြစ်ပါတယ်။
အ၊လ၊ရ အနေနဲ့ လုပ်ငန်းရှင်တွေက အချိန်ပို ခေါ်ယူတာတွေ factory act ကိုချိုးဖောက်တာတွေကို ဌာနအနေနဲ့အရေးယူဆောင်ရွက်ပေးရတာပဲဖြစ် ပါတယ်။
အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရလည်း အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေဖြစ်ပွားရာမှာ အနိမ့်ဆုံးအဆင့် လုပ်ငန်းခွင် ထဲက အလုပ်သမားသမဂ္ဂ ဒါမှမဟုတ် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ကနေ ဆွေးနွေးညှိနှိုင်း နိုင်သလို ကျေနပ်မှုမရှိပါက အဆင့်ဆင့်တက်ပြီး မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ထပ်မံပြီး တိုင်းအဆင့် ခုံသမာဓိအဖွဲ့နဲ့ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်တွေအထိ တင်ပြအဆုံးအဖြတ်ခံယူနိုင်မှာဖြစ်တယ်လို့ ပြဌာန်းထားပေမဲ့ လက်တွေ့မှာတော့ ဥပဒေက စာအုပ်ပြင်ပ ရောက်ရှိစည်းနှောင်ခြင်းရှိမနေတာတွေ့မြင်နေရပါတယ်။
ယခုလက်ရှိအခြေအနေမှာတော့ အလုပ်သမားတွေဘက်က တိုင်ကြားပေမဲ့လည်း သက်ဆိုင်ရာအလုပ်သမားရုံးဦးစီးမှုးတွေက တရားသဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းမပြုဘဲ အလုပ်ရှင်ဘက်ကိုသာ တဖက်သတ် ကြည့်ရှုဖြေရှင်းလာကြတာဖြစ်သလို အလုပ်သမားတွေအပေါ်ခြိမ်းခြောက် မှုတွေနဲ့ ဖိနှိပ် ဖြေရှင်းမှုတွပြုလုပ်လာကြပြီး မကျေနပ်ပါက အလုပ်သမားက အလုပ်ရှင်ကိုတရားစွဲ ဆိုစေတဲ့နည်းဖြင့် သာ ဖြေရှင်းမှုတွေဆက်တိုက်ပြုလုပ်လာကြတာဖြစ်ပါတယ်။
အလုပ်သမားဘက်က တရားစွဲဆိုမှုကို မိမိသဘောဖြင့် ရပ်လိုက်ပါက အလုပ်ရှင်ကဖြေရှင်းစရာမလိုတော့ဘဲ အမှုရပ်သွားတာကြောင့် ချိုးဖောက်ခံရတဲ့ အလုပ်သမား တွေဟာ နစ်နာမြဲ နစ်နာနေဆဲဖြစ်နေတယ်ဆိုတာ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအောက်က အလုပ်သမားရေးရာဖြေရှင်းရေး ယန္တရားတွေ အလုပ်မဖြစ်တော့ဘူးလားဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။