ARTICLE

အဖမ်းဆီးခံ တောင်းဆိုခဲ့ပေမဲ့ တရက်လုပ်ခလစာ တိုးမြှင့်ရခဲရဲ့လား

CoverLogo
881 Views

အလုပ်သမားကိုယ်စားလှယ်တချို့က တရက်လုပ်ခလစာ တိုးတက်ရရှိရေးတောင်းဆိုခဲ့လို့  ဖမ်းဆီးချုပ် နှောင်ခံနေ ရတာ အခုရက်ဆို တလ ပြည့်ပါပြီ ။ 

ဒါဆို သူတို့တွေ တောင်းဆိုခဲ့တာတွေ ပြည့်ပြည့်စုံစုံ ရရှိပါရဲ့လား .........

လက်ရှိ ဒီမေးခွန်းကို ဖြေဖို့ခက်တဲ့ အခြေအနေတွေမှာ ရှိနေပါတယ်။

ဇွန်လအတွင်း တရက်လုပ်ခလစာ တိုးမြှင့်ပေးဖို့ စက်ရုံအတွင်း ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြရာမှာ စက်ရုံ အတော် များများကတာ့ အေးချမ်းစွာနဲ့ ပြီးဆုံးသွားပါတယ်။ 

ဒါပေမဲ့ တချို့စက်ရုံတွေက လုံးဝ အဆင် မပြေခဲ့ပါဘူး ။ ဖမ်းဆီးခံ အလုပ်သမား နှစ်ဦး အလုပ်လုပ်တဲ့ Sun apprarel စက်ရုံဆို ဇွန်လ ၆ ရက်ကတည်းက စတင် တောင်း ဆို ခဲ့တာဖြစ်ပါတယ်။ 

အလုပ်သမား ငါးဦး အဖမ်းခံရတဲ့ ဟိုစိန့်မြန်မာ စက်ရုံ တောင်းဆိုမှုကလည်း အဲ့ဒီရက်နဲ့ သိပ်မကွာလှပါဘူး ။

Myanmar Labour News က ရရှိထားတဲ့ အချက်အလက်တွေအတိုင်းဆိုရင် အလုပ်သမားတွေဟာ ဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်အတိုင်း အဆင့်လိုက် တောင်းဆို ခဲ့ကြတာပါ ။ 

အဲဒီလို တောင်းဆိုနေစဉ်မှာ မြို့နယ် အလုပ်သမားဦးစီးဌာနတွေက ကြားဝင်ပြီး  ညှိနှိုင်းမှုတွေ အဆင့်လိုက် လုပ်ဆောင်ခဲ့ကြပါတယ်။ 

ဒါပေမဲ့ ဟို့စိန့်မြန်မာ စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့  အလုပ်သမားကိုယ်စားလှယ် ၇ ဦးနဲ့ စက်ရုံတာဝန်ရှိ သူတွေ ဟာ ဇွန်လ ၁၄ ရက်မှာ မြို့နယ်အလုပ်သမားရုံးမှာ ညှိနှိုင်းမှုခဲ့ပြီးနောက် အဲဒီရုံးက အထွက်မှာပဲ စစ်ကောင်စီ လက်အောက် ရဲတပ်ဖွဲ့ဝင်တွေက အလုပ်သမားကိုယ်စားလှယ် မသူသူစံကို စတင်ဖမ်းဆီးခဲ့ပါတယ် ။ 

ဇွန်လ ၁၄ ရက်က စလိုက်တဲ့ ဖမ်းဆီးမှုတွေဟာ ဇွန်လ ၁၇ ရက်မှ ပြီးဆုံးခဲပြီး အလုပ်သမားနဲ့ ကူညီရေးအဖွဲ့ဝင် စုစုပေါင်း ၁၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဖမ်းဆီးခံ အလုပ်သမားတွေဟာဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ဆောင်ရွက်ခဲ့ပေမဲ့ ဖမ်းဆီးခံခဲ့ရသလို အာဏာ သိမ်းမှု အတွင်း အကြမ်းဖက် စစ်ဆေးမှုတွေကြောင့် ကျော်ကြားတဲ့ စစ်တပ်ရဲ့ စစ်ကြောရေးကို ပို့ဆောင်ခံ ခဲ့ ရပါတယ်။ ဒီနောက် မှာတော့ သက်ဆိုင်ရာ စစ်ခုံရုံးတွေမှာ အလုပ်သမားတွေနဲ့  မသက်ဆိုင်တဲ့ နိုင်ငံရေးပုဒ်မ ၅၀၅ (က)နဲ့ ၁၇ (၁) စတဲ့ ပုဒ်မတွေနဲ့  စစ်ဆေးတာ ခံနေပါတယ်။ 

ဒီလိုဖမ်းဆီးမှုတွေ ဖြစ်ပေါ်လာပြီးနောက် စက်ရုံပိုင်ရှင်တွေ ၊ စက်ရုံ စီမံခန့်ခွဲသူတွေက တရက် လုပ်ခလစာနဲ့ ပတ်သက်ပြီး ပြောဆိုလုပ်ကိုင်မှုတွေဟာ လူကြီးလူကောင်းမဆန်တော့တာကို တွေ့ရပါတယ်။ 

အခြေခံ လုပ်ခလစာအတွက် အလုပ်သမားတွေ တောင်းဆိုထားတဲ့ ၅၆၀၀ ကျပ်ကို ပုံစံအမျိုးမျိုးနဲ့ လျှော့ချ သတ်မှတ်ဖို့ ကြိုးစား လာကြပါတယ်။ 

ဒီလို ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပေမဲ့  မြို့နယ်အလုပ်သမားရုံးက ဦးစီးမှူး တချို့က မြေနိမ့်ရာ လှံစိုက် ဆိုသလို စက်ရုံတချို့ကို လုပ်ခလစာ သတ်မှတ်ချက် တိုးမြှင့်ခဲ့ပါက  ရုံးကို အကြောင်း ကြားရမယ်၊ ရုံးက ခွင့် မပြုရင် ပေးလို့မရဘူး ဆိုပြီး ပြောဆိုခဲ့တယ်လို့ စက်ရုံ စီမံခန့်ခွဲသူတချို့က ပြောပါတယ်။ 

အရပ်သားအစိုးရလက်ထက်မှာ သတ်မှတ်ခဲ့ပြီး လက်ရှိ အနည်းဆုံး တရက်လုပ်ခလစာဟာ ကျပ် ၄၈၀၀ ဖြစ်ပါ တယ်။ ဥပဒေအရဆိုရင် ကျပ် ၄၈၀၀ အထက် လျှော့ပေးမရပေမဲ့ တိုးမြှင့် ပေးနိုင်တယ်လို့တော့ Myanmar Labour News က  နားလည် ထားပါတယ်။ 

ဇွန်လအတွင်း အလုပ်သမားတွေဟာ တရက်လုပ်ခကို အခြေခံအနေနဲ့ ၅၆၀၀ ကျပ်ကို သတ်မှတ်ပြီး အနိမ့်ဆုံး အနေနဲ့ တောင်းဆိုခဲ့တာပါ။  လက်ရှိ အဲဒီတောင်းဆိုထားတဲ့ ပမာဏဟာ ရရှိသလို ဖြစ်နေပေမဲ့ ၊ စက်ရုံအများစုက ပုံစံအမျိုးမျိုးနဲ့ လျှော့ချပါတယ်။  တောက်ပံ ကြေး အနေ ၈၀၀ ကျပ် ပေါင်ပေးတာ၊ အလုပ်သမားတွေရဲ့ လုပ်ကိုင် နိုင်စွမ်း အဆင့်သတ်မှတ်ချက်နဲ့ အထည်ချုပ် နိုင်တဲ့ စံချိန်ပေါ်မူတည်ပြီး ခွဲခြားပေးတာ၊ တလ ၂၆ ရက်အတွက် သာ ကျပ် ၈၀၀ ပေးတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောဆို ကြပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လကုန်မှာတော့ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေကို လုပ်ခငွေကို ရှင်းပေးတာနဲ့ ပတ်သတ် ပြီး သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ( မြန်မာ) STUM က ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာ အခုလို ရေးသားထား ပါတယ်။ 

“ဇွန်လ ကုန်မှာထုတ်ပေးလိုက်တဲ့လစာ တွေမှာ အလုပ်သမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပီး ၄၈၀၀ နဲ့ ၅၆၀၀ ကို ခွဲခြားပေးလိုက်တယ်။ ဥပဒေက ပြဌာန်းလိုက်တာ မဟုတ်တဲ့အတွက် မပေးလည်း သူတိုက ဝိနည်း လွတ်တာကိုး။ ဒါဆိုရင် ဘာကြောင့်မို့ လစာတိုးပေးမယ်တို့၊ ၅၆၀၀ ပေးလိုက်ပြီလို့ တို့  အသံထုတ်လာ ကြတာလဲ။ အလုပ်သမား က လကုန်ရင် ၅၆၀၀ ရမယ်လို့ သိထားတယ်။ တကယ်ရတော့ ၄၈၀၀ ။ ဘာ့ကြောင့် လဲမေးတော့ target မပြည့် လို့ ။ Target အပြည့်ရမှ ၅၆၀၀ ပေးမယ်လို့လည်း တိတိကျကျ ထုတ်မပြော။ အနိမ့်ဆုံးအခကြေးငွေ တိုးဖို့ လိုအပ် ပါတယ်။” လို့ ရေးသားထား ပါတယ်။ 

လက်ရှိ စက်ရုံ စီမံခန့်ခွဲသူတွေဟာ အလုပ်သမားတွေအတွက် ဝင်ငွေ ခိုင်မာမှုမရှိတဲ့ ဆုကြေးတွေနဲ့ ချိတ်ဆက်ပြီး တိုးမြှင့်ထားတဲ့ လုပ်ခ ၈၀၀ ကျပ်ကို ပေါင်းပေးတာ၊ တောက်ပံကြေးဆိုပြီး သတ်မှတ်တာတွေက အကြောင်း အမျိုးမျိုး ကြောင့် အဲဒီသတ်မှတ်ကြေးတွေ ဖြတ်ချခံရပါက  အဲဒီ အလုပ်သမားဟာ  မူလ လုပ်ခလစာဖြစ်တဲ့ ကျပ် ၄၈၀၀ သာ ခံစား ခွင့်ရမှာ ဖြစ်ပါတယ်။

“ဒေးကြေး က ဒေးကြေး၊ ဆုကြေးက ဆုကြေး မတူပါဘူး ။ ဒေးကြေးတိုးမပေးပဲ ၊ တခြားဟိုနည်းနည်း ဒီနည်းနည်း ပေးတာတွေက သူတို့ လျော့ချင် ပြန်လျော့ကြတယ် ။ နောက်ပြီး အကန့်အသတ်တွေနဲ့ ဥပမာ ဒေးကြေးတိုးမပေးပဲ ၊ အခြားခေါင်းစဥ်တွေနဲ့ ပေးတဲ့အခါ ခွင့်ရက်ပျက်ရင် တိုးပေးထားတဲ့ငွေကို မပေး တော့ ဘူး။  သတ်မှတ်စံနှုန်းတွေ မပြည့်မှီရင် မပေးဘူးပေါ့။ ဒေးကြေးဆိုပီး တိုးပေးခဲ့မယ်ဆိုရင်တော့ မတူ တော့ ဘူး။ ဒေးကြေး အပြည့်ရမယ် ။ အချိန်ပိုကိုလည်း ရတဲ့ ဒေးကြေးနဲ့ ပြန်တွက်ရတဲ့အခါ အလုပ်သမား တွေ အတွက်  အချိန်ပို ဆင်းရရင် ဆင်းရသလောက် ငွေပမာဏ ပိုတိုးလာနိုင်တယ်။  ဒါ့ကြောင့် ဒေးကြေး လို့ မပေးပဲ အခြားခေါင်းစဥ်တွေနဲ့ ပေးခဲ့ရင် အလုပ်သမားတွေအနေနဲ့ တချို့ရပိုင်ခွင့်တွေနဲ့ အချိန်ပိုကြေးတွေမှာ နစ်နာနိုင်တယ်လို့ မြင်တယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မအေအေး (အမည်လွှဲ) က ပြောပါတယ်။ 

ဥပဒေအရဆိုရင် အလုပ်သမားတွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကြောင့် ပျက်ရက်ရှိရင် ခွင့်ခံစားခွင့် ရှိပြီး အဲဒီရက်အတွက် လစာခံစားခွင့် ရှိတဲ့အတွက် ဝင်ငွေလျော့ဖို့ မရှိပါဘူး။ နောက် အချိန်ပိုလုပ်ခ တွက်ချက် ရာမှာလည်း ဒီအခြေခံလစာကို အပေါ်မူတည် တွက်ချက်တာဖြစ်လို့ အရင်ကထက် ဝင်ငွေပိုရမှာ ဖြစ်ပါတယ်။

ဆုကြေးတွေနဲ့ ချိတ်ဆက်တိုးမြှင့်ပေးတယ်ဆိုတာနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူက မနွေဦးက  အခုလို ပြောပြထားပါတယ်။ 

“ရက်မှန်ကြေး၊ အထည်ကြေး၊ ဆုကြေး ဆိုတာက အလုပ်ရှင်က အလုပ်သမားတွေကို မက်လုံးပေး စွဲဆောင် ထား တာပါ။ တကယ်စေတနာရှိရင် ဒေးကြေးမှာ တိုးပေးမှာပေါ့။ တခြားပေးတဲ့ ဆုကြေးတွေက ရက်ပျက် မရဘူး လေ သတ်မှတ်ချက် ရှိတယ်။” လို့  ဆိုပြီး ပြောပါတယ်။ 

လက်ရှိ စက်ရုံအများစုက အချိန်ပိုကို ဥပဒေသတ်မှတ်ချက်ထက် ပိုမို ခေါ်ယူတဲ့ အခြေအနေနဲ့ ခွင့်ခံစားခွင့် မပေးတဲ့ အခြေအနေတွေဟာ အလုပ်သမားတွေအတွက် အလုပ်ပျက်ကွက်ရမဲ့ အခြေအနေကို ဖြစ်စေမှာ ဖြစ်ပါ တယ်။ 

ဒါကြောင့်လည်း  ဖမ်းဆီးခံအလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ တရက်လုပ်ခ ၅၆၀၀  မရခဲ့ဘူးလို့ ပြောရမှာ ဖြစ်ပါ တယ်။ အလုပ်သမားတွေ တကယ် တောင်းဆိုခဲ့တာက ပြုပြင် ပြောင်းလဲလို့မရတဲ့ တရက်အနည်းဆုံး လုပ်ခကို တိုးမြှင့် သတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။ 

လက်ရှိ စက်ရုံဘက်က အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဆင်းရက် ပျက်ကွက်ပါက ဆုကြေးအမျိုးအစားအားလုံး ဖြတ်ချတာကြောင့် အလုပ်သမားတွေအတွက် နစ်နာမှု ကြီးမားနေပါတယ်။ ဒါကြောင့်လည်း ခိုင်မာမှုရှိတဲ့ တရက် လုပ်ခ အတွက် အဖမ်းဆီးခံပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ။


Related posts

Cover
"ပွဲစားခမှ လွတ်မြောက်ခွင့်အထိ (သို့) Yunnan Xiao Bu Garment စက်ရုံမှ လစာခေါင်းပုံဖြတ်မှု"
Nov 15, 2025
Cover
လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။
Nov 12, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
အခြေခံလစာလား၊ ထောက်ပံ့ကြေးလား။ မြန်မာ့လုပ်သားတွေ ဘယ်လောက်အထိ ရေရှည်နစ်နာနေရသလဲ။
Oct 28, 2025
Cover
၇,၈၀၀ ကျပ် လုပ်ခ အပြောင်းအလဲမှာ  အလုပ်သမားတွေ ခံစားခွင့်ရ မရ
Oct 20, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။အပိုင်း(၁)
Oct 12, 2025
Cover
လေယာဉ်ဗုံးဒဏ်အောက်က ပျက်စီးသွားသော ကလေးသူငယ်များ၏ အနာဂတ်
Oct 09, 2025