NEWS

အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ

CoverLogo
348 Views
ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေနဲ့
နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို ၃ လ စီမံချက်နဲ့ အရှိန်မြှင့်ဖမ်းဆီးနှိမ်နင်းသွားမယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တာကြောင့်ထိုင်းရောက်မြန်မာ လုပ်သားတွေ စိုးရိမ် ထိတ်လန့် နေရတယ်လို့ မြန်မာလုပ်သားတွေကပြောပါတယ်။
 
မေလဆန်းပိုင်းကလည်း အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေကို စစ်ဆေး ဖမ်းဆီးရန် လုပ်ငန်းခွင်တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တင်းကျပ်စွာ စစ်ဆေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး ယခုတခါ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ က ၃ လစီမံချက်နဲ့စစ်ဆေးဖမ်းဆီးရန် ထုတ်ပြန်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။
 
အခုလို ထုတ်ပြန်ချက်တွေကြောင့် ထိုင်းနိုင်ငံရှိ အထောက်အထားမပြည့်စုံတဲ့ မြန်မာလုပ်သားတွေ ခွင့်ပြုချက်ပြင်ပ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့သူတွေ မှာ စိုးရိမ် ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
 
""အခုစစ်ဆေးမှုက အတော်လေး တင်းကြပ်မယ်ထင်တယ် အထောက်အထားရှိလဲ ဝေါ့ပါမစ်မှာ ရှိတဲ့ အလုပ်နဲ့ လက်ရှိ အလုပ်မတူရင်လည်းဖမ်းမှာ နေထိုင်အလုပ်လုပ်ခွင့်ရအောင် ဘတ်တင်ကြဆိုလို့ တင်လိုက်တယ် ကျန်တဲ့အထောက်အထားတွေ ကို ပြည့်စုံအောင် အမြန်မလုပ်ပေးဘဲ အချိန်ဆွဲနေတော့ ရတဲ့ အလုပ်ဝင်လုပ်ကြပြန်တော့ လိုက်ဖမ်းတယ် အဖမ်းခံရရင်လည်း မြန်မာ ပြည်ပြန်ပို့ခံရမယ် စစ်မှုထမ်း ထဲ ထည့်ခံရမယ် ကျွန်တော်တို့မှာ ရှင်သန်ရပ်တည်ဖို့ အတော်လေး စိုးရိမ် ထိတ်လန့်နေရတဲ့အခြေနေပါ""လို့ ထိုင်းရောက်မြန်မာလုပ်သား တစ်ဦးကပြောပါတယ်။
 
ပြည်တွင်း မှာ ဖြစ်ပွားနေတဲ့ အခြေနေတွေကြောင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာ လုပ်သားတွေ သန်းနဲ့ချီ ရှိနေရာ အများစုမှာ အထောက်အထား မပြည့်စုံသူတွေ များကြောင်း သိရပါတယ်။
 
""ပါမစ်ကပ်တာမှာ သူဌေးမတူရင်ဖမ်းတယ်ဆိုတာကလွန်ပါတယ် အလုပ်မကောင်းရင်ပြောင်းမှာပေါ့ တစ်ချို့သူဌေးတွေကအကျင့်မကောင်းဘဲ မပေးပြောင်းတာတွေရှိတယ် ထိုင်းရောက် မြန်မာလုပ်သားတွေမှာ စားဖို့တောင်အနိုင်နိုင်အိမ်ပို့ဖို့မပြောနဲ့သူဌေးနာမည်ပြောင်းဖို့ဆိုတာလဲ ပိုက်ဆံရှိမှ လေ အခု ဖမ်းမယ်ဆီးမယ်ဆိုတော့ အလုပ်လဲမသွားရဲဘူး ""လို့မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ထိုင်းအာဏာပိုင်တွေဘက်ကလည်း ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့နေထိုင်ခြင်း၊ တရားမဝင်အလုပ်လုပ်ကိုင်ခြင်းတွေနဲ့ ပတ်သက်သူတွေ ကူညီပံ့ပိုးသူတွေကို စတင်စစ်ဆေးအရေးယူတော့မှာဖြစ်လို့ အလုပ်သမားများနဲ့ နိုင်ငံခြားသားတွေ အနေနဲ့ စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်ထားရန် လိုအပ်ကြောင်း သတိပေးထားပါတယ်။
 
ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် လိုအပ်တဲ့ အဓိက စာရွက်စာတမ်းတွေကတော့
၁။ နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)
Passport (PJ), အလုပ်သမားပတ်စပို့ အမျိုးအစားဖြစ်ရပါမယ်။
 
CI (Certificate of Identity),ပတ်စပို့ မရှိသူတွေအတွက် ထိုင်းနိုင်ငံထဲမှာ ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြား ဖြစ်ပါတယ်။စာအုပ်ရဲ့ သက်တမ်း (Expiry Date) မကုန်ဆုံးသေးဖို့ လိုပါတယ်။
 
၂။ ပြည်ဝင်ခွင့်ဗီဇာ (Visa)
Passport ရှိရုံနဲ့ မလုံလောက်ပါဘူး။ ထိုင်းနိုင်ငံထဲမှာ နေထိုင်ခွင့် သက်တမ်း (Stay Permit) ရှိနေရပါမယ်။
MOU အလုပ်သမားဆိုရင် ဗီဇာသက်တမ်း တိုးထားတာ ရှိရပါမယ်။
ဗီဇာသက်တမ်း ကုန်နေရင် "Overstay" ဖြစ်ပြီး အဖမ်းခံရနိုင်သလို ဒဏ်ငွေလည်း အများကြီး ဆောင်ရတတ်ပါတယ်။
 
၃။ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit)
ဒါဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘယ်အလုပ်ရှင်နဲ့ ဘယ်နေရာမှာ အလုပ်လုပ်နေတယ်ဆိုတာကို ဖော်ပြထားတဲ့ ကတ် (သို့မဟုတ်) စာရွက် ဖြစ်ပါတယ်။
 
အခုနောက်ပိုင်း စမတ်ဖုန်းထဲမှာ ပြရတဲ့ Digital Work Permit တွေကိုလည်း အသုံးပြုလာကြပါတယ်။
Work Permit ထဲမှာပါတဲ့ အလုပ်ရှင်အမည်နဲ့ လက်ရှိလုပ်နေတဲ့ အလုပ်ရှင်အမည် တူညီနေရပါမယ်။ အလုပ်ရှင်မတူရင် အဖမ်းခံရနိုင်ပါတယ်။
 
၄။ ပန်းရောင်ကတ် (Pink Card) - (အကယ်၍ ပတ်စပို့မရှိသေးသူများအတွက်)
အစိုးရက အထူးခွင့်ပြုချက်နဲ့ မှတ်ပုံတင်ခိုင်းထားတဲ့ အလုပ်သမားတွေအတွက် ထုတ်ပေးထားတဲ့ ကတ် ဖြစ်ပါတယ်။
 
ဒီကတ်ရှိသူတွေဟာ သတ်မှတ်ထားတဲ့ ခရိုင်အတွင်းမှာပဲ နေထိုင်/အလုပ်လုပ်ရမှာ ဖြစ်ပြီး တခြားခရိုင်ကို သွားချင်ရင် ခွင့်ပြုချက် (ခရီးသွားလာခွင့်) တောင်းရပါတယ်။
 
နောက်ထပ်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
ရက် ၉၀ အကြောင်းကြားခြင်း (90 Days Report) ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၉၀ ပြည့်တိုင်း လဝက (Immigration) ကို မိမိနေရပ်လိပ်စာ သတင်းပို့ရပါတယ်။ ဒါကို ပျက်ကွက်ရင် ဒဏ်ငွေ ၂၀၀၀ ကနေ ၅၀၀၀ ထိ ဆောင်ရတတ်ပါတယ်။
 
မူရင်းစာအုပ်တွေကို အလုပ်ရှင်က သိမ်းထားတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် ပတ်စပို့မျက်နှာစာ၊ ဗီဇာစာမျက်နှာနဲ့ Work Permit တို့ကို မိတ္တူ (Color) ဆွဲပြီး အမြဲဆောင်ထားပါ။ ဖုန်းထဲမှာလည်း ဓာတ်ပုံရိုက်သိမ်းထားပါ။
 
အလုပ်ပြောင်းပါက အလုပ်ရှင်ဟောင်းဆီက ထွက်စာ (Cancellation) ကို စနစ်တကျယူပြီး ရက်ပေါင်း ၃၀ ဒါမှမဟုတ် ၆၀ အတွင်း (သတ်မှတ်ချက်အတိုင်း) အလုပ်ရှင်သစ်ဆီမှာ အမည်ပြောင်းရပါမယ်။
နေရပ်လိပ်စာ တိုင်ကြားခြင်း (TM.30): မိမိနေထိုင်တဲ့ အိမ်ပိုင်ရှင်ကဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ လဝက မှာ နေရပ်လိပ်စာ တိုင်ထားရပါမယ်။
 
လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်သမား စစ်ဆေးမှုတွေ အလွန်တင်းကျပ်နေတဲ့အတွက် မိမိရဲ့ စာရွက်စာတမ်း သက်တမ်းတွေကို အမြဲစစ်ဆေးပါ။ သက်တမ်းကုန်ခါနီးရင် ပွဲစား (သို့မဟုတ်) အေဂျင်စီတွေနဲ့ ကြိုတင်ချိတ်ဆက်ပြီး သက်တမ်းတိုးထားဖို့ လိုအပ်ပါတယ်။
 
လက်ရှိမှာတော့ အလုပ်သမားတယောက်ချင်းစီတိုင်းမှာ ဒီအထောက်အထားတွေပြည့်စုံဖို့ ခက်ခဲနေလို့ ဒီနှစ် ဖမ်းဆီးမှု မှာလည်း မြန်မာလုပ်သားများ အများဆုံး ပါဝင်နိုင်တာကြောင့် နေထိုင်ခွင့်အထောက်အထားတွေကို ကြိုတင်ပြင်ဆင်ထားရန် အထူးသတိပြုနေထိုင်ကြရန် သတိပေးထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026