ARTICLE

အထည်ချုပ် စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေ ဖြစ်နိုင်သလဲ။

CoverLogo
93 Views

စစ်တပ်က အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံ  ပိုင်ရှင်တွေက တရား၀င်ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့တွေကို ဖြိုခွဲမှု ဖြစ်စဉ်တွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။  

ဒီလိုဖြစ်စဉ်တွေကြောင့်မို့  အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှုကို  စိတ်ဝင်စားမှုတွေ  နည်းပါးလာတာတယ်လို့  အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ 

“ဒီအချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ အလုပ်သမားသမဂ္ဂ ဖြိုခွဲမှုတွေက  မြင့်တက်လာတယ်” လို့ အလုပ်သမားရေး  ကူညီဆောင်ရွက်ပေးနေသူ တဦး ပြောဆိုပါတယ်။    

အလုပ်သမာသမဂ္ဂတွေဖြိုခွဲမှုတွေက  အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက  စတင်လာတာဖြစ်ပြီး  အလုပ်သမားရေး တက်ကြွလှုပ်ရှားတဲ့  အဖွဲ့အစည်းတွေကို တရားမဝင် ကြေညာတာ ၊ အဖွဲ့ချုပ် ရုံးခန်းတွေကို ဝင်စီးတာ၊ ချိတ်ပိတ်တာတွေ စစ်ကောင်စီက ပြုလုပ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။ 

“ပိတ်တယ် ဆိုတာ၊ သမဂ္ဂ သေးသေးလေးတွေကိုတောင် မဟုတ်ဘူး အခိုင်အမာ  ဖွဲ့စည်းထားတဲ့  အဖွဲ့ချုပ် အကြီးကြီးတွေကိုပါ လုပ်လာတာ ဖြစ်တယ်။ အလုပ်သမားတွေကို ကူညီပေးတဲ့  အဖွဲ့အစည်းတွေနဲ့ အဖွဲ့ချုပ်တွေက  ခေါင်းဆောင်တွေကို ဖမ်းဆီးတာတွေ၊ ဝရမ်းထုတ်တာတွေ လုပ်တယ်” လို့ ပြောပါတယ်။

လိုက်လံဖမ်းဆီးတာတွေ ကြောင့် အလုပ်သမားအရေးဆောင်ရွက်သူတွေ တိမ်းရှောင်နေထိုင်ရတာတွေ ရှိလာပြီး အလုပ်သမားသမဂ္ဂငယ်တွေကို ကူညီ မပေးနိုင်တဲ့ အခြေအနေတွေပါ ရှိလာတယ်လို့ အဲဒီ အလုပ်သမားအရေး ဆောင်ရွက်နေသူက ပြောပါတယ်။ 

“ ဒီလိုအခြေအနေတွေ ဖြစ်လာတော့ အလုပ်သမားသမဂ္ဂ လေးတွေ အပေါ်မှာ အလုပ်ရှင်တွေ၊ အလုပ်သမား ဦးစီးဌာနတွေက ဖိအားပေးတာတွေ ခြိမ်းခြောက်တာတွေ ၊ အလုပ်ရှင်တွေက အခွင့်အရေး ချိုးဖောက် တာတွေ  လုပ်တယ်။ အလုပ်ထုတ်တာတွေ ရှိနေတယ်။” လို့ ပြောပါတယ်။   

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံတွင်း အငြင်းပွားမှု ဖြစ်စဉ်တွေမှာ စစ်တပ်ကပါ ဝင်ရောက် စွတ်ဖက် တာတွေ ရှိလာတဲ့အတွက် ပြောဆိုခွင့်တွေ၊ ညှိနှိုင်းခွင့်တွေနဲ့ လှုပ်ရှားခွင့်တွေ မရှိတော့ဘဲ  အလုပ်သမား သမဂ္ဂ အခွင့်အရေးတွေ ဆုံးရှုံးလာရတယ်လို့ သိရပါတယ်။  

ဒါ့အပြင် အော်ဒါမရတာ၊ ကုန်ကြမ်းပြတ်လပ်တာ၊  လုပ်သား အင်လျော့ချတာဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်ရှင်တွေက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေကို အလုပ်ထုတ်တာတွေ ရှိနေတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသေူတွေက ပြောဆိုပါတယ်။ 

ဒီထက်ပိုပြီး သမဂ္ဂဖွဲ့စည်းဖို့ စိတ်၀င်စားတဲ့ တက်ကြွတဲ့ အလုပ်သမားတွေနဲ့  ပူးပေါင်းပါ၀င်တဲ့ အလုပ်သမားတွေကိုပါ အလုပ်ထုတ်တာ၊ အလုပ်ထုတ် မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေကို ဆက်တိုက် ပြုလုပ်လာ ကြတယ် အလုပ်သမားတွေက ပြောပါတယ်။

“ ခြိမ်းခြောက်မှုတွေက သမဂ္ဂဖွဲ့စည်းဖို့၊ ပါဝင်ဖို့ဆိုတာကို အလုပ်သမားတွေ စိတ်ဝင်စားမှု နည်းလာကြတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။   

အလုပ်သမားအဖွဲ့အစည်း(သမဂ္ဂ)တွေကို အလုပ်သမားအခွင့်အရေး ကာကွယ်ဖို့ ၊ အလုပ်သမားနှင့် အလုပ်သမား ကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ အလုပ်သမားသမဂ္ဂတွေကို အလုပ်သမားတွေက အမှီအခို ကင်းကင်း နဲ့ စနစ်တကျ ဖွဲ့စည်းအုပ်ချုပ်တတ်စေဖို့ ဆိုတဲ့ ရည်ရွက်ချက်တွေနဲ့ ဖွဲ့စည်းတာ ဖြစ်တယ်လို့ ILO က ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့  ILO ရဲ့ စည်းမျဉ်း လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ  ၁၉၄၈ ကတည်းက လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လက်မှတ်ထိုးထားပေမဲ့ အလုပ်သမားသမဂ္ဂ လို အဖွဲ့အစည်းတွေဖွဲ့စည်းခွင့်ကတော့ အုပ်ချုပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာန အရာရှိတွေ ဖိနှိပ်တင်းကျပ်မှု၊ ခြိမ်းခြောက်မှုတွေကြောင့် လက်ရှိ  ခက်ခဲနေဆဲ ဆိုတာကို ဖြစ်စဉ် တချို့မှာ တွေ့မြင်ရပါတယ်။  

လက်ရှိ အထည်ချုပ် စက်ရုံ စုစုပေါင်း ၅၃၀ ထဲမှာ သမဂ္ဂဖွဲ့စည်းမှုက  ၂၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်းနှုန်းလောက်သာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 

ဒီခန့်မှန်းချက်ကတော့  Myanmar Labour News မှာ သတင်းဖော်ပြထားတဲ့ စက်ရုံတွေအပေါ်မှာ စိစစ်ခန့်မှန်းချက် ဖြစ်ပါတယ်။  

“ရှိနေတဲ့အဖွဲ့(သမဂ္ဂ)တွေလည်း နိုင်ငံရေးအခြေအနေကြောင့်၊ ဘာမှ မလုပ်နိုင်တော့ဘူး။ WCC အဖွဲ့တော့  ရှိနေကြ  တယ်။ အဖွဲ့အစည်းအနေနဲ့လည်း သိပ်မရှိကြတော့ဘူး။ တချို့စက်ရုံတွေကလည်း ပိတ်ကုန်တယ်။ လက်ရှိ ခိုင်မာတဲ့ သမဂ္ဂအဖွဲ့တွေ မရှိသလောက် ဖြစ်သွားပြီ။” လို့မြ န်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)ဗဟိုအလုပ်အမှုဆောင် ကောင်မတီဝင် တဦး က မှတ်ချက်ပေး ပါတယ်။ 

GYSen Myanmar အထည်ချုပ် စက်ရုံက ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်မှာ လုပ်သားအင်အား ၇၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ် နေပါတယ်။  

လွန်ခဲ့သော ၄ နှစ်လောက်မှာ စတင်ဖွင့်လှစ်ထားတဲ့ စက်ရုံ ဖြစ်ပြီး တရားဝင် ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂလည်းရှိနေပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာတော့ စက်ရုံအလုပ်သမားသမဂ္ဂကို ဖြိုခွဲဖို့ ကြံစည်လာတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

 “အခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် button ဌာန၊ Iron ဌာနကဝန်ထမ်းတွေကို လုပ်သားလျော့ချတယ်ဆိုတာကို အကြောင်းပြ တယ်။ ပြုတ်တော့ သမဂ္ဂခေါင်းဆောင်နဲ့  အလုပ်သမား ၅၀ ကို အလုပ်ဖြုတ်ခဲ့တာ။” လို့ ပြောပါ တယ်။

အခုနှစ် ဧပြီလမှာ အထည်ချုပ်စက်ရုံအားလုံး အော်ဒါများခဲ့ပြီး ညနက် အချိန်ပိုတွေ ခေါ်ယူတဲ့အထိ အလုပ်များ ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

အခုလို သမဂ္ဂကို ဖြိုခွဲဖို့ ရည်ရွယ်တဲ့ လုပ်ငန်းရှင်ရဲ့လုပ်ဆောင်ချက် တွေကို  အလုပ်သမားညွှန်ကြားမှူ ဦးစီး ဌာနက အရေးယူပေးဖို့ တိုင်ကြားခဲ့ပေမဲ့ ၄ လ ကြာတဲ့အထိ  အရေးယူ ဆောင်ရွက် တာ မရှိခဲ့ဘူးလို့ သွေးစည်း ညီညွှတ်သော သမဂ္ဂများ အဖွဲ့ချုပ် STUM က လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

အလုပ်သမား သမဂ္ဂနဲ့ သင်းပင်းဖွဲ့စည်းမှုတွေ အပေါ် စစ်ကောင်စီ ဝန်ထမ်းရဲ့ ဖိနှိပ်မှု ထင်းရှားတဲ့ ဖြစ်ရပ်တခု ကတော့ ဝါးတရာစက်မှု့ဇုန်မှာ ပြီးခဲ့တဲ့ ဇူလိုင်မှာ  ဖြစ်ပွားခဲ့ပါတယ်။  

ဝန်ဆောင်မှုလမ်းထဲက Chu Yang Myanmar အထည်ချုပ်စက်ရုံမှာ"အခြေခံအလုပ်သမား အဖွဲ့အစည်း” မှတ်ပုံတင်ပေးဖို့ မြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနကို လျှောက်ထားခဲ့ပေမဲ့  ဖွဲ့စည်းခွင့်မရခဲ့တဲ့ အပြင် မြို့နယ် အလုပ်သမားအရာရှိရဲ့ ခြိမ်းခြောက်မှုကို ပါ ခံခဲ့ရတာပါ။ 

ဇူလိုင် ၃၁ ရက်မှာ ဒုဦးစီးမှူး စက်ရုံတွင်းလာရောက်စစ်ဆေးစဉ် အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

“သူက "နင်တို့က ဘာနားလည်လို့ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရတာလဲ၊ နင်တို့ အားလုံး ဘယ်နေရာမှ အလုပ်လုပ်လို့ မရအောင် Black List သွင်းလိုက်မယ်၊ နင်တို့ ဒီစက်ရုံမှာ အလုပ်မလုပ်ချင်တော့ဘူးနဲ့တူတယ်"  ဆိုပြီး ပြောခဲ့တာပါ” လို့ အလုပ်သမားတဦးက  ပြောပြခဲ့တာပါ။ 

အခုလို  ခြိမ်းခြောက်မှုက ILO ကွန်ဗန်းရှင်းကို လက်မှတ်ထိုးတဲ့ နိုင်ငံရဲ့ ဝန်ထမ်းတွေက  ပြောဆိုခဲ့တာ  ဖြစ်ပါ တယ်။
 
ဒါကြောင့် အလုပ်သမားအဖွဲ့အစည်းတွ ဖွဲ့စည်းခွင့်မရအောင် ဟန့်တား နှောင့်ယှက်သူတွေက အလုပ်ရှင် တွေ သာမက အဖွဲ့အစည်း ဥပဒေကို စည်းကြပ်ရတဲ့ ဦးစီးဌာန ဝန်ထမ်းတွေပါဝင် ပတ်သက်နေတယ် လို့လည်း သုံးသပ်ပါတယ်။ 

လက်ရှိ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအဖွဲ့အစည်းတွေကို ဖိနှိပ်နေမှုတွေကြောင့် သမဂ္ဂ စုစုပေါင်း တရာဝန်းကျင်လောက်သာ ရှိနိုင်တယ်လို့ အလုပ်အရေးဆောင်ရွက်ပေးနေသူ အမျိုးသမီး တဦးက ပြောပါတယ်။ 

စစ်တပ်က အာဏာသိမ်းအပြီး အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင်တွေကို ဝရမ်းထုတ်၊ ချိတ်ပိတ်တာတွေ တက်ကြွ လှုပ်ရှားတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်ထဲအထိ လိုက်လံ ဖမ်းဆီးတာတွေနဲ့ လုပ်ငန်းရှင် အလုပ်ထုတ်မှုကြောင့် အလုပ်လက်မဲ့နဲ့ ထွက်ပြေး တိမ်းရှောင်ရတာတွေ ရှိနေပါတယ်။ 

ဒီလို ဖမ်းဆီးတာတွေ  ၂၀၂၃ ခုနှစ်ထဲမှာ ဖြစ်ပွားခဲ့ပြီး အလုပ်သမားခေါင်းဆောင် ၁၅ ဦးဝန်းကျင် ဖမ်းဆီးခံရပြီး လအတော်ကြာ ချုပ်နှောင်ခံခဲ့ရတာပါ။  

သမဂ္ဂအဖွဲ့ဝင်တွေကို လုပ်ငန်းရှင်ဘက်က ခြိမ်းခြောက်မှုတခုလည်း ဝါးတရာစက်မှုဇုန်ထဲမှာပဲ ဖြစ်ပွားခဲ့ပါတယ်။ 

ဇူလိုင် ၃၁ ရက်မှာပဲ GTIG Guohua Glory Garment အထည်ချုပ်စက်ရုံဘက်က စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ အမျိုးသမီးအလုပ်သမားကို တစ်ဦးတည်းခေါ်ယူတွေ့ဆုံပြီး အလုပ်ဖြုတ်နိုင်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 "သမဂ္ဂအဖွဲ့ဝင် ဘယ်နှစ်ဦးရှိလဲ။  တခြားစက်ရုံ တွေမှာ သမဂ္ဂလုပ်တဲ့သူတွေကို  အလုပ်ဖြုတ်တယ်ဆိုတာကို သိလား။ ကြားမိရဲ့လား။ လုပ်ငန်းခွင်မှာ   သူဌေးရဲ့ဆုံးဖြတ်ချက်ကို   အလုပ်သမားတွေဘက်က  လိုက်လံ တားဆီးနေရင်  စက်ရုံက အခြေအနေမကောင်းဘဲ  ပိတ်ပစ်ရလိမ့်မယ်၊ အလုပ်သမားရေးရာ ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်မှုတွေ  သိပ်မလုပ်နဲ့" ဆိုပြီး နိုင်ငံခြားသားလုပ်ငန်းရှင်တရုတ်သူဌေးက ခြိမ်းခြောက်ခဲ့တယ်” လို သမဂ္ဂ ဥက္ကဋ္ဌ က ပြောပါတယ်။   

ဒီအဖြစ်အပျက်အပြင် ဝါးတရာစက်မှုဇုန်က Chu Yang (Myanmar) Garment Co,ltd အထည်ချုပ် အခြေခံ အလုပ်သမား  သမဂ္ဂ ဥက္ကဋ္ဌ မစုမြတ်နွယ်ကိုလည်း ဂိတ်ပတ်စ် ယူလို့ဆိုပြီး  ဩဂုတ် ၂ ရက်မှာ စက်ရုံမန်နေဂျာက အလုပ်ထုတ်ပယ်ခဲ့တဲ့  ဖြစ်စဉ်တွေ အပြင်  အခြားစက်ရုံတွေရဲ့  သမဂ္ဂဖြိုခွဲမှု ဖြစ်စဉ်တွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်း ဥပဒေရဲ့ ပုဒ်မ ၄၉ မှာ “ မည်သူမျှ အလုပ်သမားတဦးဦး အား အလုပ်သမားအဖွဲ့အစည်းတွင် ပါဝင်ရန် သို့မဟုတ် မပါဝင်ရန် အတင်းအကျပ်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် မသမာသောနည်းဖြစ် သွေးဆောင်ဖျားယောင်းခြင်း  မပြုရလို့ ပြဌာန်းထား ပါတယ်။ 

ဒီဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက ဒဏ်ငွေ ကျပ်တသိန်း ဒါမှမဟုတ် ထောင်ဒဏ် တနှစ် နဲ့ တောင်ဒဏ် ငွေဒဏ် နှစ်ရပ်ပေါင်းလည်း ချခံရမယ်လို့ ပြဌာန်းထားပါတယ်။ 

သမဂ္ဂဖွဲ့ဖို့ စိတ်ဝင်စားတဲ့ စက်ရုံတွေက အလုပ်သမားတွေဟာ စဖွဲ့ဖို့ စည်းရုံးတဲ့ကာလမှာပဲ အလုပ်ဖြုတ် ခံနေရပြီး အချိန်ကြာလာတာနဲ့အမျှ သမဂ္ဂ အင်အားချိနဲ့ လာနိုင်တယ်လို့လည်း အလုပ်သမားအရေးဆောင်ရွက်သူ က သုံးသပ်ပါတယ်။

အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တစ်ခုရဲ့ ၂၀၂၄  ဒုတိယ သုတေသန စာတမ်းမှာ  သမဂ္ဂ ဖြိုခွဲ ခံရမှုတွေကို မှတ်တမ်း တည့်သွင်းထားပြီး အခုလို သမဂ္ဂဖြိုခွဲခံရတဲ့ ဖြစ်စဉ်တွေက  ဥပဒေကို နားမလည်တဲ့ အထည်ချုပ်ပိုင်ရှင်တွေနဲ့ ဦးစီးဌာနက ဝန်ထမ်း တချို့ ရဲ့ လာဘ်ပေး လာဘ်ယူမှုတွေကြောင့် ဖြစ်ပေါ်နေပြီး အထည်ချုပ်ကဏ္ဍတခုလုံး ရပ်ဆိုင်းသွားမဲ့ အခြေအနေတွေ ရှိနေတယ်လို့  အဖွဲ့က သုံးသပ်ထား ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လွတ်လပ်စွာသင်းပင်း ဖွဲ့စည်းခွင့် ILO Convention 87 ကို ချိုးဖောက်တဲ့  မှတ်တမ်း ၊သက်သေ အထောက်အထားတွေကို မှတ်တမ်းတင်ထားသလို ချိုးဖောက်မှု  နောက်ဆက်တွဲအဖြစ် ILO အရေးယူ မှု၊ ကုန်အမှတ်တံဆိပ်တွေ Brand ထွက်ခွာမှုနဲ့ နိုင်ငံတကာ ဖိအားတွေပါ ရင်ဆိုင်ရနိုင်တယ်လို့လည်း သတိပေး ထား ပါတယ်။  

 


Related posts

Cover
ရေဘေးသင့်ပြည်သူ တွေအတွက် မြန်မာသံရုံးက ထိုင်းရောက်မြန်မာ အလုပ်သမားတွေဆီ အလှူခံနေ
Sep 16, 2024
Cover
ရွှေပြည်သာ ထန်းခြောက်ပင် ဂိတ်က ကယ်ရီလုပ်ကိုင်သူတွေကို စစ်သင်တန်းတက်ရန်ဖိအားပေးနေ
Sep 16, 2024
Cover
လွိုင်ကော်ဒေသ ရေကြီးနစ်မြုပ်မှု သွားရောက်ကူညီမယ့်သူတွေ ထောက်ခံစာပါမှ ဝင်ခွင့်ပြုမယ်လို့ဆို
Sep 16, 2024
Cover
စားအုန်းဆီ စာအုပ်နဲ့ခွဲတမ်းထုတ်ယူရန် စက်ရုံလုပ်သားများအတွက် အခက်အခဲရှိနေ
Sep 16, 2024
Cover
ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် နယ်ခံ ၂၅ ဦးခန့် အပါဝင်​ရွှေ့​ပြောင်းလုပ်သား ၁၀၀ ဝန်းကျင် ​သေဆုံးတယ်လို့ ​ဒေသခံဆို
Sep 16, 2024
Cover
မြို့နယ် ၅၆ မြို့နယ်မှာရေကြီးမှု​ကြောင့် ပြည်သူရာနဲ့ချီ ​သေဆုံး ၃ သိန်း​ကျော်​​ရေဘေးသင့်
Sep 16, 2024
Cover
မိုးထိမိုးမိ ရွှေလုပ်ကွက်များ မြေပြိုကျပြီး ရွာလုံးကျွတ်မြေအောက်ရောက်ကာ အလုပ်သမားအများအပြား ပျောက်ဆုံးနေ
Sep 13, 2024
Cover
ကရင်နီဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါသေဆုံး
Sep 13, 2024