ARTICLE

အထည်ချုပ်လောက အတွင်းရေး ပေးစာ၊ ပြန်စာ ၂

CoverLogo
102 Views

ကိုကြီးကျော်ရေ...

နေကောင်းကျန်းမာရဲ့လား ..

ဒီ ဩဂုတ်လ အကုန်က စပြီး အလုပ်သမားတွေ လုပ်ခလစာ ကျပ်တထောင် တိုးပေးလိုက် ပြီနော်။

ပြီးခဲ့တဲ့ ထောက်ပံ့ကြေးတိုးပေးတုန်းကလို နှစ်ခါပြန်ကြေညာမျိုး မဟုတ်တော့ဘူး။ ဒီတခါ  ညွှန်ကြားချက်စာ ကတော့ ရှင်းလင်းတယ်လို့ မြင်မိတယ် ကိုကြီးကျော်ရေ...။

ပြီးခဲ့တဲ့  တခေါက်က ထောက်ပံ့ကြေးဆိုပြီး သုံးနှုန်းထားတော့၊ အချိန်ပိုကြေး တွက်တော့ အရှုပ်အထွေး ဖြစ်တာပေါ့။  ဒီတခေါက်တော့ ရှင်းသွားပြီး ။

“နေ့စားလုပ်သားများအား နေ့စဉ်လုပ်ခ ၆၈၀၀ ကျပ် ခွင့်ပြုရန် ဖြစ်သည်” လို့ ရေးထားတော့ ရှင်းရှင်းလင်းလင်းနဲ့ ဘာမှ ဝေ့ဝါးစရာမလို့တော့ဘူးပေါ့ ကိုကြီးကျော်။ အချိန်ပိုကြေး တွက်ရင်လည်း ဒီနေ့စဉ်လုပ်ခ ၆၈၀၀ ကိုပဲ ၈ နာရီနဲ့ စားပြီး ရတဲ့ တနာရီလုပ်ခကို ၂ နဲ့ မြောက်လိုက်ရင် အချိန်ပို တနာရီအတွက် လုပ်ခရပြီပေါ့။

ညီမတွက်ကြည့်တော့  အချိန်ပိုခက တနာရီ ၁၇၀၀ ကို အလုပ်သမားတွေ ရကြရမယ် ကိုကြီးကျော်။ ဥပဒေမှာ  ပါတဲ့ အတိုင်း  အချိန်ပို ခိုင်းမယ်ဆိုရင်တော့ အနည်းဆုံး ၃၀၀,၀၀၀ ကျော်ကျော်ကနေ ၃၆၀,၀၀၀  အတွင်း အလုပ်သမားတွေ ရကြလိမ့်မယ်။

ဒါပေမဲ့ ဒီတခါ အနည်းဆုံးလုပ်ခလစာ တိုးပေးတာက နည်းနည်းငြိမ်နေတယ်နော် ကိုကြီးကျော်။

တကယ်တော့ ဝန်ကြီးဌာနက တိုးပေးတဲ့ လုပ်ခလစာက လက်တွေ့မြေပြင်မှာ ပေးနေတဲ့ လုပ်ခလစာထက် နည်းနေသေးလို့ ထင်တယ် ။ အထည်ချုပ် စက်ရုံတချို့မှာဆိုရင် ၇၂၀၀ ကနေ ၇၈၀၀ အထိပေးထား ကြပြီလေ။ လုပ်ခတိုးမပေးသေးဘူးဆိုတဲ့ စက်ရုံမှာတောင် တရက် ၈ နာရီအတွက်ကို ၆၈၀၀ လောက်ပေးထားပြီးဆိုတော့ သိပ်ပြီး လှုပ်လှုပ်ရှားရှား မဖြစ်ဘူးပေါ့။

ကိုကြီးကျော်ရေ ...

ညီမပြောတာ စောနေမလားတော့ မသိဘူး။

တချို့ စက်ရုံတွေက အရင်တခါတိုးပေးတဲ့ လုပ်ခ လစာ  ၅၈၀၀ ကိုတောင် အပြည့်မပေးတဲ့ စက်ရုံတွေလည်း ရှိသေးတယ်။ အချိန်ပို လုပ်ခ တနာရီကို ၁၂၀၀/၁၃၀၀/ ၁၄၀၀ လောက်ပဲ ပေးတဲ့ စက်ရုံတွေလည်း ရှိနေသေးတယ် ကိုကြီးကျော်။

တချို့ဆိုရင် ၅၈၀၀ ရဖို့ တိုက်ပွဲဝင်နေရတုန်း။

အဲ့ဒီ ၅၈၀၀ ကို အပြည့်မပေးဘဲ တိုင်(ရပိုင်ခွင့် အမျိုးအစား) အမျိုးမျိုးခွဲ ပေးတုန်း၊ ကိုကြီးကျော်ရေ။ အနည်းဆုံးလုပ်ခလစာ ဥပဒေကို သေချာ မသိတာလား ။ သိလျက်နဲ့ ချိုးဖောက်တာလား ဆိုတော့ ကာယကံရှင်တွေပဲ သိမယ်နော် ကိုကြီးကျော်။

လုပ်ခ လစာတိုးပေးတာကို စစ်‌ကောင်စီရဲ့ မီဒီယာတွေ ဖော်ပြတာ မတွေ့ရသလိုပဲ နော်။ ဝန်ကြီးဌာနကြီးဌာနကလည်း အချိန်နဲ့ တဖြည်းညီ စက်ရုံ၊ အလုပ်ရုံတွေ အကြောင်းကြားတာ မတွေ့ရဘူး။ ဒါကြောင့်ပဲ ပထမ တခါ တောက်ပံ့ကြေးတိုးတုန်းကဆို မြို့နယ် အလုပ်သမားရုံးကို ညီမတို့ သေချာ မေးရတယ်။ တကယ်ဆို မီဒီယာမှာ ကြေညာပေးလိုက်ရင် အလုပ်ရှင် အလုပ်သမား တပြိုက်နက်တည်း သိနိုင်တာပေါ့။

အခုဟာ လုပ်ခလစာ တိုးပေးလား မတိုးဘူးလား သေချာမသိရနဲ့  ၊ အွန်လိုင်းသတင်းတွေပဲ ကြည့်နေရတာ။ ဘာပဲ ပြောပြော စေတနာထားဖို့ လိုတာပေါ့နော် ကိုကြီးကျော်...။

တလောက အလုပ်ရှင် တချို့ လုပ်ခလစာတိုးပေးတာကို လူမှုကွန်ရက်မှာ ရေးထားတာကို တွေ့ရတော့  နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်ရတယ်။မုဒိတာ ပွားကြရတယ်။ အလုပ်သမားတွေကို ကိုယ်ချင်းစာနိုင်တဲ့ လုပ်ငန်းရှင် တွေမို့ ကောင်းမွန်တဲ့ ဆုမွန်တွေ၊ မှတ်ချက်တွေပေးတာ  အမြောက်အများ  တွေ့ရတယ် ကိုကြီးကျော်ရေ..။

ဒါကလည်း နာရီပိုင်းပဲ ကြာခဲ့တာ ။ စစ်ကောင်စီက ဒီလို လုပ်ခလစာတိုးပေးတာကို မကျေနပ်နိုင်တာလား၊ အလုပ်သမားတွေကို စေတနာ မထားနိုင်တာလားဆိုတာ ညီမတော့ သေချာမသိတော့ဘူး။ လုပ်ခလစာတိုးတဲ့ လုပ်ငန်းရှင်တွေကို အရေးယူတယ်ဆိုပြီး သတင်းတွေ ဖော်ပြတာတွေ့ရတယ်။

ဒါက ဘာသဘောကိုဆောင်သလဲဆို   အလုပ်သမားတွေကို လုပ်ခတိုးပေးမှုကို စစ်ကောင်စီက မလိုလားဘူးဆိုတဲ့ သဘောလို့ ညီမတော့ မြင်တယ်။

အဲဒီလို အရေးယူခဲ့လို့  အထည်ချုပ်လုပ်ငန်းရှင်တွေ လုပ်ခလစာတိုးပေးဖို့ တော်တော်လေး ခက်သွားတယ်။ သူတို့ တိုးပေးလိုက်ရင် အရေးယူခံရမလား၊ တိုးပေးထားတဲ့ စက်ရုံတွေမှာလည်း တိုင်တွေခွဲ လိုက်ရတယ်။ အကျိုးဆက် က အလုပ်သမားနဲ့ အလုပ်ရှင်ကြား ပြဿနာတွေ ဖြစ်ကြတာပေါ့.။

အလုပ်သမားတွေက တနေ့လုပ်ခလစာကို ခိုင်ခိုင်မာမာ ကြေညာစေချင်ကြတာပဲ။

တကယ်ဆို အလုပ်သမားတွေရဲ့ ခွန်အား၊ လုပ်အားကနေရနေတဲ့ အခွန်အခက နိုင်ငံတော်ရဲ့  အဓိက ဝင်ငွေ ဖြစ်နေတယ်ဆိုတာ အားလုံးသိနေတာ။ ဒါကိုတောင် အလုပ်သမားတွေ ဖိနှိပ်ခံရတာကို ကာကွယ် မပေးဘူး။ မျက်နှာလိုက်ဖို့လည်း မလိုပါဘူး။

အဆိုးဆုံးက အလုပ်သမားတွေရဲ့ တိုင်ကြားမှုကို လျစ်လျူရှု့နေပဲ ကိုကြီးကျော်။

ဒါကြောင့်လည်း ကိုကြီးကျော်တို့ သတင်းရေးတိုင်း ဥပဒေပါ အခွင့်အရေးလို့ ထည့်ရေးတာကိုးလို့  သဘောပေါက် မိတယ်။ တကယ်ပဲ အလုပ်သမားတွေကို နိုင်ငံတကာက သတ်မှတ်ထားတဲ့ အခွင့်အရေးမပြောနဲ့ မြန်မာ ဥပဒေမှာ ပြဌာန်းထားတဲ့ ဥပဒေပါ အခွင့်အရေးတောင်မရကြပါဘူး။

ပြည်ပမှာ သွားပြီး အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဆိုရင် အရေးအကြောင်းဆို သံရုံးတို့ အလုပ်သမား သံအရာရှိ ဆိုသူတွေကို အားကိုးမရတာကို လူမှုကွန်ရက်မှာ ရေးတာတွေလည်း တွေ့ရတယ်။

ပြည်ပမှာ အလုပ်သမားတွေ တခုခု အခက်အခဲတွေ့တိုင်း နိုင်ငံသားအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းတွေ၊ လူပုဂ္ဂိုလ်တွေကပဲ ကူညီပေးနေတာ။ သံရုံးနဲ့ သံအရာရှိ ကူညီဖြေရှင်းပေးတာမျိုး မတွေ့မိဘူး။

ဒါပေမဲ့လည်း ဝင်ငွေရဲ့ ၂၅ ရာခိုင်းနှူန်းကို တရားဝင် ငွေလွှဲဖို့တို့၊ ဝင်ငွေခွန် ၂ ရာခိုင်းနှုန်းတော့ ကောက်နေ ကြတယ်။ ခွန်အား၊ ချွေး၊ လုပ်အားနဲ့ ရလာတဲ့ ဝင်ငွေကို  တရားဝင်ငွေလွှဲဖို့ဆိုတာ ငွေလွှဲဈေး ၄၀ ရာခိုင်နှု န်းလောက် ကွာတော့ ဘယ်အလုပ်သမားမှ မလွှဲချင်ကြဘူး။ ပြည်တွင်းမှလည်း ကျပ်တည်းနေတာဆိုတော့ သူ့လုပ်အားနဲ့ ရလာတဲ့ လုပ်အားခတန်းဖိုးအပြည့်အဝကို  မိသားစုတွေကို သုံးစေချင်ကြမှာပဲ  ကိုကြီးကျော်...။

ပြည်တွင်းမှာ အကျပ်အတည်းကာလ ဆိုတော့ အစစအရာရာ ဈေးကြီးနေတာ။ ညီမတို့ရဲ့ အထည်ချုပ် လုပ်သား တွေ ရတဲ့ လုပ်ခ လစာက အမြင့်ဆုံး ၃၀၀,၀၀၀ ဝန်းကျင်ပဲ။ အချိန်ပို တလကို နာရီ ၁၂၀ ကျော် လုပ်ပေး မှ ၅၀၀၀၀၀ သိန်းဝန်းကျင်ရတာ။ အဲ့လောက်လုပ်ရရင်လည်း တပတ်ကို အိပ်ရေးဝဝ ၃  ရက်လောက်ပဲ အိပ်ရမယ် ကိုကြီးကျော်ရေ.။

ဒါနဲ့ ကိုကြီးကျော် တခုလောက် သတိထားမိလား။

ပြည်ပကုန်သည်အသင်းတခုက သုတေသန လုပ်ထားတာ တွေ့မိလား။ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ တလပုံမှန်  ကုန်ကျစာရိတ်က ၆၃၀,၀၀၀ ကျော်ကျော် ရှိတယ်တဲ့ ကိုကြီးကျော်။ လက်ရှိရနေတဲ့ အနည်းဆုံး လုပ်ခလစာရဲ့ လေးဆ လောက်ရှိတယ် ဆိုပဲ။  ဒီအတိုင်းဆိုရင် ညီမတို့ရဲ့ အထည်ချုပ်လုပ်သားတွေက လစဉ် ၃၀၀၀၀၀ ကျော်လောက် အကြွေးတင်နေတာပေါ့နော်။

ဒါလည်း ဖြစ်နိုင်တာပဲ နော်။

ညီမဆိုလည်း အခုဆို ဈေးထဲသွားရင် ဘာဝယ်မယ်ဆိုပြီ တခါတည်း စဉ်းစားထား၊ တခါတည်းဝယ်၊ တခါတည်း ပြန်နေရတယ် ကိုကြီးကျော်။ လျှောက်မေးနေရင် နှလုံးရောဂါ ရမယ်။

ကြော်လှော်စားသောက်လို့ရတဲ့ အရွက်တွေဆို  ၅၀၀ အောက် ဘာမှမရတာ၊ ကဇွန်းရွက်တောင် ၁,၀၀၀ ဆိုတော့။ ကြက်ဥက  ၄၀၀/ ၅၀၀။ ဆန်၊ ဆီတွေ အကြောင်း မပြောတော့ဘူး  ။ ဒီလို ဈေးနှူန်းတွေကြောင့် အလုပ်သမား တွေ ဈေးမသွားတာလည်း မထူးဆန်းတော့ဘူး  ပေါ့။

မနက် သောက်နေကြ ကော်ဖီမစ်တွေလည်း ၅၀၀ ၊ အစာပြေအတွက်ဆို ၂၀၀ တန်မုန့်က ဘာမှမရှိတော့ဘူး။  ၂၀၀ တန်စားချင်ရင် ငါးခုပါတဲ့ ဆီးသီးထုတ် တော့ရှိတယ် ကိုကြီးကျော်ရေ...။

ဈေးထဲမှာ ပိတ်ထားတဲ့ ဆိုင်တွေလည်း များနေတာကို  ကိုကြီးကျော် တွေ့မှာပါ။

ကိုကြီးကျော်ကတော့  ပိုရှာ၊ တိုးရှာဖို့ ပြောမှာပဲ။ ဒါဆိုလည်း နေ့မနား ၊ ညမနားတောင် ငါးသိန်းဝန်းကျင်ပဲ ရတာ။ အလုပ်အကိုင်လည်းရှားတယ် ၊ တခုခု ပြောင်းဖို့ဆိုတာက မလွယ်ဘူးလေ ကိုကြီးကျော်။ ဒါကြောင့် အိမ်က ယောက်ျားကို ရှိတဲ့ အလုပ်မှာလည်း ငြိမ်ငြိမ်လုပ်ဖို့ ပြောထားရတယ်။

ကိုကြီကျော်ရေ နေကောင်းအောင် နေဦးနော်...

နောက်လ လစာထုတ်ရင် ဘာတွေဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရအောင် ..။

 

 

 

 

 


Related posts

Cover
နိုင်ငံခြားငွေရရှိရေး ဘီလူးဆိုင်းတီးလာတဲ့ စစ်ကောင်စီ
Sep 10, 2024
Cover
အထည်ချုပ် စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေ ဖြစ်နိုင်သလဲ။
Aug 30, 2024
Cover
“စစ်ရှောင်သောက”
Aug 23, 2024
Cover
ဆီ.. ဆီ..၊ ကုန်ဈေးနှုန်း ၊ ကျပ်တထောင်
Aug 18, 2024
Cover
အလုပ်သမားတွေ ခံစားခွင့်မရတဲ့ စာရွက်ပေါ်က ဥပဒေ
Aug 16, 2024
Cover
ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု
Aug 03, 2024
Cover
ခါးသီးသော နေ့ရက်များ
Jul 29, 2024
Cover
အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
Jul 24, 2024