ရန်ကုန် အင်းစိန် အကျဉ်းထောင် မှ နိုင်ငံရေးအကျဉ်းသား/သူ အများပြား ကို ဒိုက်ဦးနဲ့ သာယာဝတီ အကျဉ်းထောင် တို့ကို ဇူလိုင် ၂၁ရက်က ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)နဲ့အကျဉ်းကျခံရသူ တွေရဲ့ မိသားစုဝင်တွေထံ က သိရပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ နံနက်အစောပိုင်းမှာ နိုင်ငံရေး အကျဉ်းသား/သူ တွေ ကို ထောင်ပြောင်းရွှေ့ခဲ့ တာဖြစ်ပြီး ဒိုက်ဦးအကျဉ်းထောင်ကို အမျိုးသား ၂၀၀ ဦးနဲ့ အမျိုးသမီး ၆၀ ဦး ပြောင်းရွှေ့ခဲ့ကာ သာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို တော့ ရရှိရန် ကြိုးစားနေဆဲဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ သိရပါတယ်။
""အင်းစိန်ထောင်ကနေ နိုင်ကျဉ်းအမှုနဲ့ကျတဲ့သူတွေကို ထောင်ပြောင်းတယ် ဆိုတာ အခုမနက် မှ ထောင်ဝင်စာပို့တဲ့ အသိတစ်ယောက်က ဖုန်းလှမ်းဆက်လို့ သိရတာ ကျွန်မသား လေး ပါမပါ မသိရသေးဘူး ဘယ်ထောင်ကိုရောက်တယ်ဆိုတာလည်း မသိရသေးဘူး ထောင်အပေါက်ဝ နားမှာတော့ စာကပ်ထားတယ် ပြောတယ် သွားကြည့်ရအုံးမယ်
ကျွန်မတို့ဘဝ တွေ က ဒုက္ခ ပေါ် ဒုက္ခဆင့်သလိုပါဘဲ ပြောင်းသွားတဲ့ထောင်မှာ အဆင်ပြေပါ့မလား စိုးရိမ်ရတာကတစ်ဖက် ပြောင်းတဲ့ ထောင်အထိ ထောင်ဝင်စာ ပုံမှန် ပို့နိုင်ဖို့ အတွက် ရုန်းကန် ရမှာက တစ်ဖက် ခက်ခဲလှပါတယ်""လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့မိခင်ဖြစ်သူကပြောပါတယ်။
အခုလို ထောင်အပြောင်းအရွှေ့များ လုပ်ဆောင်တဲ့ အတွက် မိသားစုဝင် တွေ ထောင်ဝင်စာပို့ရာ မှာ ယခင်ကထက် ပိုမိုခက်ခဲလာမှာ ဖြစ်ပြီး ကုန်ကျစရိတ်တွေ လည်း ပိုမိုများလာမယ့်အတွက် ပုံမှန်ထောင်ဝင်စာပိုရန် မလွယ်ကူမယ့်အခြေနေတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။