NEWS

အခြေခံလုပ်ခ ၂၅ ရာခိုင်နှုန်း မဖြစ်မနေလွှဲပြောင်းပေးရမဲ့ အချက်ကို ပယ်ဖျက်ပေးရန် ရွှေ့ပြောင်းလုပ်သားဆိုင်ရာအဖွဲ့အစည်းများတိုက်တွန်း

CoverLogo
507 Views

ပြည်ပ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေခံလုပ်ခ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ မဖြစ်မနေ ပြန်လည်လွှဲပြောင်းပေးရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အမိန့်ကြေညာစာကို ပယ်ဖျက်ပေးဖို့အပါအဝင် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးတွေအတွက်   မြန်မာရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများကွန်ရက်က တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့ ထုတ်ပြန်ကြေညာချက်မှာ  မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သတ်လို့ သက်ဆိုင်တဲ့  မူရင်းနိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံရှိ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် လုပ်သားစုဆောင်းသော အေဂျင်စီများအား အချက် ၉ ချက်ပါ တိုက်တွန်းချက်တွေကို ထည့်သွင်းဖော်ပြထားတာပါ။

"အဓိကတောင်းဆိုချက် ၉ ချက်ရှိတယ် အဲ့ထဲမှာအရေးကြီးဆုံးကတော့ ရွှေ့ပြောင်းလုပ်သားတွေက မိသားစုတွေထံကို အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်ပို့ပေးရမယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမား တွေက မိမိရဲ့လစာ မိမိရဲ့ ဝင်ငွေကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတယ် အဲ့ဒါကို ကိုယ့်ရဲ့ဝင်ငွေလစာထဲကနေပြီး မဖြစ်မနေ ၂၅ ရာခိုင်နှုန်း မိသားစုထံ လွှဲပြောင်းပေးရမယ်ဆိုတာကကျတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးပေါ့နော် သူတို့ရဲ့ စီမံခန့်ခွဲခွင့်ကို ကန့်သတ်ရာကျတယ် အဲ့တာကြောင့် အဲ့အချက်ကို ပယ်ဖျက်ပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်" လို့ ကွန်ယက်ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားများတွင် အထူးသဖြင့် အမျိုးသမီးများရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက် အမြတ်ထုတ် ခံရခြင်းများ၊ လူကုန်ကူးခံရခြင်းများအား အထူးကာကွယ်ပေးရန်၊ တန်းတူမညီမျှမှုများကို လျှော့ချရန်နှင့် အလုပ်သမား အခွင့်အရေး စံနှုန်းအပြည့်အဝ ရရှိရန် နောက်ပြီး  အိမ်အကူအလုပ်သမားများကို တရားဝင်ရွှေ့ပြောင်းသွားလာခြင်း လမ်းကြောင်းများ ဖြစ်ပေါ်လာစေရေး ဆောင်ရွက် ပေးရန်နှင့် တရားမဝင်ပွဲစားများကြောင့် ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသည့် အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လာနိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးရန် ကျင့်ဝတ်နှင့် ဥပဒေချိုးဖောက်သော ပွဲစားများနှင့် အေဂျင်စီများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် ရန်  စတဲ့အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

"အခုချိန်မှာက လူတွေက အိမ်အကူမှ မဟုတ်ဘူး ရွှေ့ပြောင်းခြင်းက ဒီကာလတွေမှာ အရမ်းကိုများလာတယ် ကိုယ့်နိုင်ငံရဲ့ အခြေအနေအခင်းအကျင်းတွေ ကြောင့်လူတွေက ရွှေ့ပြောင်းပြီးအလုပ်လုပ်ကိုင်ဖို့ ရွေးချယ်လာကြတယ် အမျိုးသမီးတွေဆိုရင် အိမ်အကူနဲ့သွားရောက်လုပ်ကိုင်ကြတယ် မပိတ်ပင်ထားတော့ဘူးဆိုပေမဲ့ အမ်အိုယူ ထိုးရမဲ့ လုပ်ငန်းစဉ်တွေ မှာ မလုပ်တာဖြစ်တဲ့အတွက် သွားရောက်မဲ့ အမျိုးသမီ‌းတွေ  အဓိကအားဖြင့် အရှေ့အလယ်ပိုင်းတွေမှာ အများကြီး ဒုက္ခရောက်ကြတယ် အဲ့ဒုက္ခရောက်တာလည်း အမျိုးသမီးတွေဖြစ်နေတယ် အဲ့အတွက် အမှန်တကယ်ပြောရရင် တရားဝင်စေလွှတ်တဲ့ လမ်းကြောင်း တရားဝင်ဆိုတာ အထောက်အထားတွေနဲ့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ ဘေးကင်းလုံခြုံစွာနဲ့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ဒါက လုပ်ပေးရမှာဖြစ်တယ်"လို့ ယင်းတာဝန်ရှိသူက ပြောဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်ပကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကတဲ့ အလုပ်သမားတွေ ပိုများလာပြီး ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုတွေ အားနည်းတာကြောင့် နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်နေရသူတွေလည်းများစွာရှိနေတာပါ။

ဒါကြောင့်  ပင်လယ်ငါးဖမ်းလုပ်သား ၊ အိမ်အကူလုပ်သားစတဲ့ အလုပ်သမားတွေအတွက်  အခြားအလုပ်သမားများနည်းတူ အလုပ်သမား အခွင့်အရေးများ အပြည့်အဝ ရရှိခံစားရစေရေးအတွက် ဆိုက်ရောက်နိုင်ငံများက ဥပဒေများပြဌာန်းပြီး  အကာအကွယ်ပေးဖို့  အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိခိုက်နစ်နာကြေးပံ့ပိုးခြင်းနှင့် အခြားသော လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် အစီအမံများ ပြုလုပ်ပေးရန် လည်း လိုအပ်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေဟာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော အလုပ်သမားတွေဖြစ်ပြီး ဝင်ငွေနည်းပါးခြင်း၊  အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေး အခွင့်အလမ်းနည်းပါးခြင်းနှင့် ပညာရေးစနစ်  အားနည်းခြင်း၊ ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးတမ်း မတူညီခြင်းများစတဲ့ အဓိက ရင်ဆိုင်နေရသော အခြေအနေများကို ကျော်လွှားနိုင်ဖို့  အထောက်အထားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ  ပိုမိုကောင်းမွန်သော  လုပ်ငန်းခွင်အခြေအနေ ကျွမ်းကျင်မှုသင်တန်း အစီအစဉ်များ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာသော လူမှုပတ်ဝန်း ကျင်များ၊ ပညာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အစရှိသော ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အလမ်းများကို တိုးမြှင့်ပေးရန် ကြိုးပမ်းနေတယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်ထားပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026