ARTICLE

အချိန်ပိုင်းလုပ်သားခေါ်ယူခြင်းနှင့်  လုပ်သားရှားပါးမှုပြဿနာ

CoverLogo
86 Views

အချိန်ပြည့် လုပ်ငန်းခွင်မဝင်ရောက်နိုင်သူတွေအတွက် အချိန်ပိုင်းလုပ်သားခေါ်ယူတဲ့ဈေးကွက်ဟာ ပိုမိုကျယ်ပြန့်လာပြီးကုမ္ပဏီကြီးတွေကပါ ခေါ်ယူတာတွေ ရှိလာပါတယ်။

အချိန်ပိုင်းအလုပ်အကိုင်အနေနဲ့က မြန်မာနိုင်ငံမှာ များများစားစားထွက်ပေါ်သေးခြင်းမရှိသလို အစိုးရက တရားဝင်သတ်မှတ်ပေးထားတဲ့ လုပ်ခနှုန်းထားက ခေတ်နဲ့မညီတော့တာ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့်လည်း အခြေခံအလုပ်သမားတွေအတွက် ဝင်ငွေပိုမိုလိုအပ်နေတာပါ။ 

"အမက သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ‌နဲ့ ချိတ်ထားတာရှိတယ်။ အလုပ်ရှိရင်ခေါ်တယ်။ ပုံမှန်တော့မရဘူး။ သူတို့ခေါ်တဲ့နေ့ရတယ်။ လုပ်ရတာကလည်း အချိန်အလိုက်ပေါ့။ ကုမ္ပဏီဘက်က ဘယ်လောက်လုပ်ရမယ် အချိန်ဘယ်လောက်ကြာမယ် ပြောတယ်။ သူပြောတဲ့အချိန်အမ လုပ်နိုင်ရင်သွားလိုက်တယ်။ ပြေမယ်ဆို အိမ်အလုပ်က အမတို့နဲ့မစိမ်းဘူးလေ။ အပိုဝင်ငွေရတာပေါ့"လို့ အချိန်ပိုင်းလုပ်သားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ City Mart Holding Co.,Ltd ကလည်း တစ်ရက်လေးနာရီ လုပ်ကိုင်ရမယ့် အချိန်ပိုင်းလုပ်သားတွေ ခေါ်ယူမယ်လို့ကြေညာခဲ့ပြီး အလုပ်ခေါ်တဲ့ပို့စ်ကိုမျှဝေတာနဲ့မှတ်ချက်ပေးတာတွေလည်းများခဲ့ပါတယ်။

"ညီမကတော့ သဘောကျတယ်။ အခုက  ယောက်ျားကပေးတာနဲ့ မလောက်ဘူး။ သူတို့ကို ပြောတော့လည်း ရန်ဖြစ်ရတာပဲ အဖက်တင်တယ်။ တစ်ကယ်သာ လုပ်လို့ရမယ်ဆို အိမ်ရှင်မတိုင်း လုပ်ချင်တယ်"လို့ မိခင်တစ်ဦးက ပြောပါတယ်။

City Mart Holding Co.,Ltd က အချိန်ပိုင်းလုပ်သားခေါ်ယူရာမှာ ကျောင်းသူကျောင်းသားတွေ၊ မိခင်တွေ၊ အငြိမ်းစားတွေနဲ့ အပိုဝင်ငွေရှာဖို့ အလုပ်ထပ်လုပ်ချင်သူတွေအားလုံး လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

"အလုပ်ချိန် ၄ နာရီပဲလုပ်ရတယ်ဆိိုတာက ကျောင်းတက်ရင်း အလုပ်လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးဖန်တီးထားတာလို့ထင်တယ်၊ အချိန်ပိုင်းဆိုတော့ အလုပ်သမားတွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုတော့ နည်းသွားမယ် ၊ အီးစီစာချုပ်တွေ မရှိဘူး၊ အလုပ်သမားအခွင့်အရေးတွေမရဘူး။ ရှောင်တခင်ခွင့်တို့ လုပ်သက်ခွင့်တို့ ကျတော့ အချိန်ပိုင်းတွေမှာတော့ မရှိတော့ဘူး၊ ပြောရမယ်ဆိုရင်တော့ အလုပ်ရှင်ဘက်က အဲ့လိုဟာမျိုးတွေ တာဝန်ယူစရာမလိုဘူးပေါ့၊ အဲ့လိုမျိုးဖြစ်သွားတာပေါ့ အဲ့လိုဖြစ်အောင်လည်း အချိန်ပိုင်းအလုပ်ကို ဖန်တီးလိုက်တာပေါ့၊ အလုပ်သမားတွေအတွက်ကတော့ ၄ နာရီအလုပ်လုပ်ရင်ပြီးပြီ ကျန်တာမလိုတော့ဘူးပေါ့၊ တဖက်ကကြည့်တယ်ဆိုရင်တော့ အလုပ်ချိန် ၄ နာရီပဲ လုပ်ရမှာဖြစ်တဲ့အတွက် ကျောင်းတက်ရင်း အလုပ်လုပ်ဖို့ အခွင့်အလမ်းပေါ်လာတာပေါ့၊ ဒီလို အလုပ်တွေရှိတဲ့အတွက် ကျောင်းသားမှ မဟုတ်ဘူး အိမ်ရှင်မတွေ လည်းလုပ်လို့ ရသွားတာပေါ့၊ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ အလုပ်မရှိတဲ့သူတွေ အလုပ်ခဏခဏ ပြောင်းနေရတဲ့ သူတွေအတွက် အဆင်ပြေသွားတာပေါ့။" လို့ အလုပ်သမားအရေး လုပ်ဆောင်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။ 

လက်ရှိမြန်မာနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ထားမှုနဲ့ ခေတ်ကာလ ကုန်ဈေးနှုန်း ကိုက်ညီမှုမရှိတာကတော့ အချိန်ပိုင်း အလုပ်ခေါ်ယူသူနဲ့ လုပ်ကိုင်သူတွေကြားမှာ စိန်ခေါ်မှုတခုဖြစ်လာနိုင်သေးတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူ တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။ 

"အချိန်ပိုင်းအလုပ်တွေမှာ အများအားဖြင့် သန့်ရှင်းရေး ၊ အိမ်အလုပ်၊ ကလေးထိန်းစသဖြင့် လုပ်ကိုင်ကြတယ် ခုနောက်ပိုင်း အွန်လိုင်းပေါ်ကနေ ရုံးတက်စရာမလိုဘဲ လုပ်ကိုင်နိုင်ကြတဲ့ အလုပ်တွေလည်း များလာတယ်၊ ဆိုတော့ အခုလို အချိန်ပိုင်းအလုပ်တွေက လုပ်ခနည်းမယ်ဆိုရင်တော့ ခဏပဲ လုပ်ကြမယ်လို့ ထင်တယ် ဘာလို့လဲ ဆိုတော့ ထိုင်းမှာဆိုရင် အချိန်ပိုင်း အလုပ် တရက် ၅ နာရီကို အနည်းဆုံး ဘတ် ၃၀၀ ၊ ၄၀၀ ရတယ် အဲ့လိုနှိုင်းယှဉ်လိုက်မယ်ဆိုရင် ပြည်ပအလုပ်အကိုင်တွေက ပိုပြီး ဆွဲဆောင်မှုရှိနေတုန်းပဲ " လို့ ယင်းကပြောပါတယ်။ 

နိုင်ငံရေး ပဋိပက္ခတွေကြောင့် စီးပွားရေး မငြိမ်မသက်ဖြစ်မှုတွေကြားမှာ အခြေခံပြည်သူတွေက အများဆုံးထိခိုက်ခံစားနေရပြီး ပြည်တွင်း လုပ်သားရှားပါးမှုက တရိပ်ရိပ်မြင့်တက်လာနေပါတယ်။ 

အခုလို အချိန်ပိုင်းအလုပ်အကိုင်တွေ ဖန်တီးပေးရာမှာတော့ သေချာတဲ့ လုပ်အားခ၊ မျှတတဲ့ အလုပ်ခွင် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားဖို့ လည်း လိုတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက အကြံပြုထားပါတယ်။ 

"အချိန်ပိုင်း အလုပ်တွေ အခုလိုခေါ်လာတာတော့ ကောင်းပါတယ်။ အလုပ်အကိုင်အနေနဲ့ အချိန်ပြည့်မလုပ်နိုင်တဲ့လူတွေ အလုပ်ရတာပေါ့ ဒါပေမယ် သေချာတဲ့ လုပ်အားခနဲ့ မျှတတဲ့ အလုပ်ခွင်စည်းမျဉ်းစည်းကမ်းတွေ ရရှိဖို့တော့ လိုမယ် ထင်ပါတယ်။ ကျောင်းသားတွေ အတွက်ဆိုပိုတောင် လိုအပ်သေးတယ်လေနော်။ နိုင်ငံတကာမှာ အချိန်ပိုင်းအလုပ်တွေ များပေမယ့် မြန်မာပြည်မှာက အချိန်ပိုင်းအလုပ်တွေ မအောင်မြင်တာ တွေ့ရတယ်။ အခြားလုပ်ငန်းတွေပါ အကောင်အထည် ဖော်ပေးနိုင်ရင်တော့ပိုကောင်းမယ်လို့ မြင်ပါတယ်။"

ပြည်တွင်းမှာ အချိန်ပိုင်းလုပ်သား အလုပ်အကိုင်ဟာ ခန့်အပ်မှုနှုန်း နည်းနေပါသေးတယ်။ အချိန်ပိုင်းလုပ်သားခေါ်ယူ လုပ်ကိုင်တာဟာ သတ်မှတ်ထားတဲ့ အလုပ်ချိန်တွင်းမှာ လုပ်အားကိုအပြည့်အဝ ရနိုင်သလို တစ်ခြားသော ခံစာခွင့်တွေပေးရတာနည်းပါးတာကြောင့် လုပ်ငန်းရှင်တွေ အသုံးပြုသင့်တယ်လို့ HR ဝန်ထမ်းဟောင်းတစ်ဦးကလည်း အကြံပြုပြောဆိုပါတယ်။


Related posts

Cover
ကိုလိုနီခေတ်ဥပဒေ အသက်ဝင်နေဆဲလား။
Sep 11, 2025
Cover
ပဉ္စမမြောက်ဝန်ကြီး ခန့်အပ်ခြင်း
Sep 01, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူများအား ဖမ်းဆီးပြီး တရားစွဲဆိုမှုဖြစ်ရပ်က အလုပ်သမား ရပိုင်ခွင့်နှင့် လုံခြုံရေးဟာ  စစ်ကောင်စီလက်အောက်တွင် မည်မျှအထိ အန္တရာယ်ရှိနေသည်ကို ပြသနေ
Aug 15, 2025
Cover
အကြွေးနွံထဲက ပြည်ပအိမ်မက်များ
Aug 14, 2025
Cover
အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင် ၉ ဦး ဖမ်းဆီးခံရမှုနောက်ကွယ်က မြန်မာ့အလုပ်သမားအခွင့်အရေးများ
Aug 11, 2025
Cover
အခွင့်အလမ်းများ၏ နောက်ကွယ်
May 02, 2025
Cover
ဖိအားပေး ခြိမ်းခြောက်မှုများက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုအား ပြေလည်စေမည် မဟုတ်
Mar 26, 2025
Cover
ပြည်တွင်းထုတ် စက်ရုပ်လုပ်သားများ
Mar 17, 2025