NEWS

လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးလိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သတ်ပိတ်ပင်မှု

CoverLogo
1.1K Views

ယခုလမေ၁ရက်ကစတင်ပြီး  ပြည်တွင်းကအမျိုးသား လုပ်သားတွေကို  ပြည်ပနိုင်ငံသို့ထွက်ခွာအလုပ်လုပ်ခွင့်​တွေမပြုတော့ဘဲ အကန့်သတ်မရှိပိတ်ပင်လိုက်ပြီး ယခုတဖန်အသက်ကန့်သတ်ချက်ဖြင့်ပြန်လည်ခွင့်ပြုလိုက်ပါတယ်။အဲ့ဒီလိုခွင့်ပြုတယ်လို့ဆိုပေမဲ့ အသက် ၂၃ နှစ်အထက်နဲ့ ၃၁ အောက်အမျိုးသားတွေကိုတော့ အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ပြီး လုပ်ကိုင်ခွင့် မပြုကြောင်း ကျန်အသက်အရွယ်တွေကိုသာ စာချုပ်ချုပ်ခွင့်ပြုကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို ညွှန်ကြားစာထုတ်လိုက်တာပါ။ 

"ဟုတ်ပါတယ်။ ပြန်ဖွင့်ပေးလိုက်ပါပြီ။ ဒါပေမဲ့အသက်ကန့်သတ်ချက်နဲ့ဖွင့်တာ။ အသက်၂၃နှစ်အောက်နဲ့ အသက်၃၁နှစ်အထက်တွေပဲ ခွင့်ပြုထားတာ။ ၂၃နှစ်ကနေအသက်၃၀အထိက ထွက်မရသေးပါဘူး" လို့ ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦး​က  အတည်ပြုပြောဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်းကအမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် ပိတ်လိုက်တာဟာအကြောင်းပြချက်တစ်ခုကို အသိပေးပြောဆိုပိတ်လိုက်ခြင်းမရှိဘဲ မေ၁ရက်ကစပြီး ပြည်တွင်းကအလုပ်သမားတွေအနက် အမျိုးသားတွေကိုသာ ကန့်သတ် ပိတ်ပင်လိုက်ခြင်းဖြစ်တာကြောင့် ပြည်သူတွေကြား ဝေဖန်မှုများစွာ မြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။ 

ယခုလို ပိတ်ပင်လိုက်တဲ့လုပ်ရပ်ဟာ အသက်အရွယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေများပြားနေတဲ့အချိန်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားဖြစ်စေ ပြည်တွင်း အလုပ်လုပ်ကိုင်ရာမှာဖြစ်စေ ၃၁ နှစ်အထက် ဆိုပါက အလုပ်အကိုင်ရရှိရန်ခက်ခဲပြီး အသက်ကန့်သတ်လိုက်တာကြောင့် လူငယ်တွေရဲ့ အနာဂတ်ကို ရိုက်ချိုးခံလိုက်ရတာဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူတွေက ပြောဆိုပါတယ်။

"အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ဆိုတာက လူငယ်တွေ အလုပ်အကိုင်အခွင့်လမ်းကိုတက်တက်ကြွကြွနဲ့ လုပ်ကိုင်ကြပြီးတော့ ဘဝတက်လမ်းအတွက် လှမ်းရတဲ့အချိန်အခါဖြစ်တယ် ရွှေ့ပြောင်းလုပ်သားတွေဆိုလို့ရှိရင်လည်း အသက် ၃၀ နောက်ပိုင်းတွေဆိုရင် အင်မတန်ကိုမှ ခက်ခဲသွားပြီ ဆိုတဲ့အခါကျတော့ ဒါသည်လူငယ်တွေရဲ့ ဘဝတိုးတက်ရာတိုးတက်ကြောင်း ပြောရမယ်ဆိုရင် အနာဂတ်တွေ ရိုက်ချိုးခံလိုက်ရတာလို့ပဲ မြင်ပါတယ်။ 
၃၁ နှစ်လောက်ဆိုခက်လာပြီလေ အဲ့အရွယ်က သူတို့အတွက် အခွင့်အလမ်းတွေ ပန်းကောင်းအညွှန့်ချိုးခံရတာပဲ"လို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူက စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အပေါ်တုန့်ပြန်ပြောဆိုပါတယ်။

ယခုတခါပြန်လည်ဖွင့်ပေးလိုက်တာဟာလည်း ပြည်ပသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင် များအနေနဲ့ ပြည်ပအလုပ်အကိုင်စာချုပ်ချုပ်ဆိုရာမှာ  အမျိုးသား အလုပ်သမားများကို အသက်၁၈နှစ်ကနေ ၂၃နှစ်အရွယ်နဲ့ အသက်၃၁နှစ်အထက်ရှိတဲ့အလုပ်သမားများကိုသာ ရွေးချယ်စာချုပ်ချုပ်ဆိုပြီးစေလွှတ်ရမှာဖြစ်တာကြောင့် အသက်၂၃နှစ်ကနေ အသက်၃၀နှစ်အရွယ်ရှိယောကျားလေးတွေကတော့ ပြည်ပထွက်အလုပ်လုပ်ခွင့် ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။ 

"အသက်၂၃ ကနေ၃၀ က အရင်demand အဟောင်းကျပြီး သားတော့ရတာပေါ့။ အသစ်ကတော့ ကန့်သတ်ထားတယ်"လို့ ပြည်ပအလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

အဲဒီလိုပိတ်ပင်ထားတာဟာ အမျိုးသားတွေ ကိုသာ သီးခြားကန့်သတ်ပိတ်လိုက်တာကြောင့် စစ်မှုထမ်းဥပဒေနဲ့တိုက်ရိုက်ပတ်သက်နေတာဖြစ်ပြီး ဒါဟာ စစ်ကောင်စီရဲ့ စစ်မူမထမ်းမနေရဥပဒေအပေါ်မှာ စစ်မူမထမ်းလိုတာကြောင့် ပြည်ပနိုင်ငံများသို့ထွက်ခွာလာကြတဲ့ လူငယ်တွေများပြားလာတဲ့အပေါ် တားဆီးမှုတစ်ခုစတင်လိုက်တာဖြစ်သလို ထိုင်းနိုင်ငံအတွင်းတရားမဝင်အလုပ်သမားဝင်ရောက်မှုတွေ ပိုမိုမြင့်တက်လာမယ်လို့   ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူကဆိုပါတယ်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ 
စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းကအသက်၁၈နှစ်မှ၄၅နှစ်အတွင်းရှိတဲ့ အမျိုးသားတွေဟာ ပြည်ပနိုင်ငံများသို့ 
တရားဝင်လမ်းကြောင်းနဲ့  တရားမဝင်လမ်းကြောင်းနှစ်ခုစလုံးကနေ အလုံးအရင်းလိုက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်ခွာနေကြတာဖြစ်ရာ  လူငယ်များထွက်ခွာမှုကပိုမို များပြားနေရာက ယခုပိတ်ပင်မှုကြောင့် တရားမဝင်ထွက်ခွာမှုပိုမိုမြင့်တက်လာနိုင်မယ်လို့လည်း သိရပါတယ်။ 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026