ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် စက်မှုဇုံ ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၇၀၀ ကျော် လုပ်ခလစာ မရတဲ့ အတွက် လုပ်ငန်းရှင်ကို ဆန္ဒပြတောင်းဆိုရာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဝင်ရောက် ဖြေရှင်းပေးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
မြန်မာအလုပ်သမား ၇၀၀ ရဲ့ လုပ်ခလစာ ၂ လစာ ကို တရုတ်လုပ်ငန်းရှင်က မပေးတဲ့ အတွက် ဩဂုတ်လ ၁၆ရက် ညမှာ လုပ်ငန်းခွင်အတွင်း ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
လုပ်ခလစာမရတဲ့ အတွက် ဆန္ဒပြတောင်းဆိုတာနဲ့ ပက်သက်ပြီး ဖြေရှင်းပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီး ဖီဖက်ရက်ချာက အလုပ်သမားရေးရာဌာနက အရာရှိတွေနဲ့ တရုတ်ကုမ္ပဏီ ကိုယ်စားလှယ်တွေကို ဩဂုတ်လ ၁၈ရက် က ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
အလုပ်သမားဝန်ပြီးဌာနနဲ့တရုတ်ကုမ္ပဏီ က တာဝန်ရှိသူတွေက အလုပ်သမားတွေ အတွက် တစ်ဦးလျှင် ဘတ် ၅၀၀ စီ ပေးချေဖို့ သဘောတူခဲ့ပြီး ကျန်တဲ့ လစာငွေ အားလုံး ကို ဩဂုတ် ၂၁ ရက် မှာ ကုမ္ပဏီဘက်မှ ငွေသားဖြင့် ထုတ်ပေးသွားမယ်လို့ ကတိပေးထားကြောင်း သိရပါတယ်။
တရုတ်လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၇၀၀ ကို ပြီးခဲ့တဲ့ ဇွန်လ ကစပြီး လုပ်ခလစာမပေးတဲ့ အတွက် အလုပ်သမား အားလုံးရရှိမယ့် နှစ်လရဲ့ လုပ်ခလစာမှာ ဘတ်၁၀သန်းခန့်ရှိတယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမား ၇၀၀ လုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ၂၀၂၄ ခုနှစ်ဖေဖေါ်ဝါရီ လက စတင်ဆောက်လုပ်ခဲ့ပြီး လက်ရှိမှာ ၇၀ ရာခိုင်နူန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။