ARTICLE

ရွှေလီ အထည်ချုပ်သို့ ရက် ၁၀၀

CoverLogo
42 Views

ဒီကနေ့က နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း ပြီးနောက် ကုန်ဈေးနှုန်းနဲ့ နေထိုင်စရိတ်ကြီးမြင့်မှုတွေကို ပြည်သူများနဲ့ အတူ အလုပ်သမားတွေပါ ခံစားလာ ရပါတယ်။

အခြေခံ လုပ်ခလစာ တိုးမြှင့်သတ်မှတ်တာမရှိတဲ့ အပြင် စစ်မှုထမ်းဥပဒေ  ပြဌာန်းပြီးနောက် အလုပ်သမားအများစုက ပြည်ပနိုင်ငံတွေဆီ ရွှေ့ပြောင်းသွားလာပြီး အလုပ် လုပ်ကိုင်နေကြ ရပါတယ်။ 

တရုတ်နိုင်ငံ ရွှေလီမြို့က အထည်ချုပ်စက်ရုံကို သွားရောက်လုပ်ကိုင်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်း အထည်ချုပ် အမျိုးသမီး အလုပ်သမားတဦး  ခရီးစဉ်တလျှောက် တွေ့ကြုံခဲ့ရတဲ့ အန္တရာယ်တွေနဲ့ အလုပ်အကိုင် ရရှိဖို့ အတားအဆီး အခက်အခဲတွေ ဖြတ်သန်းရပုံကို ပြောထားတာကို ဖော်ပြလိုက် ပါတယ်။ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအရ အမည်၊ အချိန်ကာလ နဲ့ ဒေသတွေကိုတော့ ဖော်ပြမထားပါဘူး ။

ရွှေလီခရီးအစ

ပြောရမယ်ဆိုရင် ရက် ၁၀၀ မက ကြာခဲ့ပါတယ်။ 

မူဆယ်မှာပဲ ရက်ပေါင်း ၁၀၀ ကျော်ကြာ နေခဲ့ရတာပါ ။ ရန်ကုန်မှာ ညီမတို့ လင်မယားနှစ်ယောက်ရတဲ့ လစာက ကလေး တယောက်၊ မှီခိုသူ တယောက်၊ အိမ်ငှားခ ၊  စားသောက်စာရိတ်တွေနဲ့ဆို ရပ်တည်ဖို့ တော်တော်လည်း ခက်ခဲခဲ့တာ ။ ဝင်ငွေက မလောက်မငနဲ့ ဆိုတော့  လစာကောင်း  ရမယ်လည်းဆိုတော့ ရွှေလီ (တရုတ်) မှာ အထည်ချုပ် အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့ရတာပါ။

ညီမ သွားတဲ့ အချိန်က တရုတ်ငွေ ယွမ်ပေါက်ဈေးကလည်း မြင့်နေတော့ အနည်ဆုံး လစာ ၁၃ သိန်း ၁၄ သိန်း လောက် ရဖို့ မျှော်လင့်နိုင်တဲ့ အချိန်လည်း ဖြစ်တာပေါ့ ။ ရန်ကုန်မှာ အဲ့အချိန်က အိုတီ နာရီ ၁၀၀ လောက် လုပ်တာတောင် သုံးသိန်းခွဲလောက်ပဲ ရတဲ့ အချိန်ပါ ။  ဒီလို ပွဲစားကလည်း အပြောကောင်း အစွယ်ကောင်း။ ကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ ဆိုတော့ ညီမ ရွှေလီကို သွားဖို့ ဖြစ်လာတာပါ။ 

ရန်ကုန်မှာ အလုပ်လုပ်အတူလုပ်တဲ့ မိတ်ဆွေအမျိုးသမီး ပွဲစားက တရုတ်မှာ စက်ချုပ် အလုပ်နဲ့ သွားလုပ်ဖို့ လူစုတာကို ကြားရတယ်။ အဲ့ဒါနဲ့ လူရင်းပဲ ဆိုတော့ သူနဲ့ ဆက်သွယ် ဖြစ်တယ်။ တရုတ်နိုင်ငံက စက်ချုပ် အလုပ်တွေက ပထမဦးဆုံးမှာ ခရီးစာရိတ် စိုက်ထုတ်ပြီး အလုပ်ခေါ်ခဲ့တာပါ ။ ညီမသွားအချိန်မှာ ရွှေလီကို အလုပ်သွားလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက တော်တော်လေးများနေပြီ။ ဒါနဲ့ပဲ အဲ့ဒီ ကုမ္ပဏီ ၊ အေဂျင်စီတွေနဲ့ မချိတ်မိခဲ့ဘူး။ 

ဦးဆောင်ပြီးသွားမယ့်သူ (ပွဲစား) က  လူရင်းလည်း ဖြစ်တော့ ညီမလည်း ယုံကြည်မိတယ်။ သူတို့ရဲ့ အစီအစဉ်က စက်လိုင်း တလိုင်းစာ စုသွားကြမယ်။ ခရီးစာရိတ်က တယောက်  လေးသိန်းခွဲ၊ အဲဒါကို ညီမတို့ ကိုယ်တိုင် ကုန်ကျ ခံရမယ်။ အဲ့ဒီပိုက်ဆံကို ဦးဆောင်သွားမဲ့သူက အတိုးနဲ့ စိုက်ထုတ်ထားမယ်။ အတိုးကတော့ ၂၀ တိုး ။ မူဆယ်ရောက်ရင် တပတ်နှစ်ပတ်လောက် ဝင်ဖို့ စောင့်ရမယ်။

ပွဲစားက နှစ်ပတ်ဆိုတော့ ညီမက နှစ်ဆ တွက်ထားတယ်။တလလောက် စောင့်ရမယ်ပေါ့  ။ ဒီလိုစောင့်ရရင်တော့ အဆင်ပြေတယ်။ ညီမလည်း အလုပ် လုပ်နိုင်တယ်။ အထည်ချုပ်လုပ်နေတာပဲ ၈ နှစ်ကျော်ဆိုတော့ ကျွမ်းကျင်သူ တဦးပါပဲ။  ကိုယ့်အတွေးနဲ့ ကိုယ်ဆိုတော့ ကုန်ကျစာရိတ်နဲ့ အတိုးကို အတွက် စိတ်မပူဖြစ်ဘူး ။  ဒါပေမဲ့ လက်တွေ့မှာတော့ အရာအားလုံးက တက်တက်စင် လွဲခဲ့တာပါပဲ။

ညီမတို့ ကံဆိုးတယ်ပဲ ပြောရမလား ။ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ၊ ရာသီဥတုဘေး၊ စစ်ဘေး ၊ အငတ်ဘေးတွေ အားလုံး ကြုံခဲ့ရတယ်။ ရမ်းသန်းစွန့်စားပြီး အသက်ဘေးက လွတ်ပြီးမှ မူဆယ်ရောက်ခဲ့တာ ပါ။ 

ညီမတို့ အဖွဲ့ဝင်က အားလုံး ဆယ်ဂဏန်း နှစ်ခု လောက်ပါတယ် ။ ကျားကျားလျားလျား အမျိုးသားက အဖွဲ့မှာ ငါးယောက် ပါတယ်။

ရန်ကုန်ကနေတော့ ခရီးသည်တင် အမြန်ကားနဲ့ ပဲ သွားခဲ့တာ။ ဒါပေမဲ့ အဖွဲ့ကို နှစ်စု ခွဲပြီးသွားရတယ်။ ရှေ့တစီး နောက်တစီး၊ ခွဲစီးရတယ်။

ရန်ကုန်ကနေ မူဆယ်ခရီးက စုစုပေါင်း ၉ ရက် ကြာခဲ့တယ်။

ပုံမှန်ဆို အကြာဆုံး ၃ ရက်လို့ ပြောကြတော့ ညီမတို့က အသွားတခုတည်း အချိန်  ၃ ဆ ကြာခဲ့တာပါ ။ 

ပထမ သုံးရက် ဖြတ်သန်းခြင်း 

“စစခြင်း ဆောက်နဲ့ထွင်း” ဆိုသလိုပဲ ညီမတို့ လမ်းပိတ်တာနဲ့ စကြုံရတယ်။ နောက် ထမင်း ငတ်ခဲ့ရတယ် ။ မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်က နာမည်ကြီး ခရီးသွားမြို့မှာ ရေကြီး မြေပြိုတာတွေ ဖြစ်တာ သိကြမယ် ထင်တယ်။ အဲ့ဒီနေရာမှာ ပိတ်မိနေခဲ့တာ။ 

ရန်ကုန်က ထွက်လာပြီး နောက်ရက်မှာပါပဲ ကြုံခဲ့ရတာ။ အဲလိုပိတ်တော့ ထမင်းဆိုင်လည်းမရှိ၊ချက်စားလို့လည်း အဆင်မပြောဆိုတော့ ပါလာတဲ့ ကိတ်ခြောက်စား၊  ခေါက်ဆွဲခြောက်ကို ချေစားကြပေါ့။ဒီအဖြစ်ကို အရင်းအနှီးဆိုပြီးတော့တောင် ပြောပြီး ညီမတို့အဖွဲ့တွေ ရယ်နေကြသေးတယ်။ 

အဲ့မှာ ပိတ်မိနေတဲ့ ကာလမှာတော့ စီးလာတဲ့ အမြန်ယာဉ် ကားသမားတွေက ညီမတို့ကို ကူညီကြပါတယ်။  သူတို့အကူအညီနဲ့ပဲ အနီးအနားက တိုင်းရင်းသားအိမ်တွေဆီသွား၊ ချက်ဖို့ ပြုတ်ဖို့ အကူအညီ တောင်းပေးတယ်။ ပါသွားတဲ့ အကြော်အလှော်တွေ ထုတ်စားကြတယ်။ နယ်ခံတွေကလည်း တတ်နိုင်တာ ကူညီကြပါတယ်။ ဒီထိတော့ အခက်အခဲလို့ မမြင်ကြ သေးဘူး။

မုန်တိုင်းကြောင့်  ကားတွေ မှောက်တာ တွေ့ရတယ်။ လမ်းတွေ ပြိုတာလည်း တွေ့တယ်။ အိမ်တွေဆို အလုံးလိုက် ပြိုတာလည်း တွေ့ခဲ့ရတယ်။ ခရီးဆက်ဖို့ အဲ့ဒီ ပိတ်တဲ့နေရာမှာ သုံးရက်ကြာ စောင့်ခဲ့ရတယ်။ လမ်းတွေပိတ်နေတော့ နောက်ရက်တွေမှာတော့ စားဖို့ အခက်အခဲတွေ ရှိလာတယ်။ အဓိကက ထမင်း မရှိတာပဲ။ ထမင်း  တစ်နှပ်ငတ်၊ နှစ်နှပ်ငတ် ကြုံခဲ့တယ်။ အိမ်ကထည့်ပေးလိုက်တဲ့ အစားအစာတွေ ထုတ်စားပြီး ကားပေါ်မှာ  သုံးရက် သုံးည ကြာခဲ့တယ်။ 

ဒီမှာပဲ ရာသီဥတုနဲ့ အငတ်ဘေးတွေ စတွေ့ခဲ့တာပါ။

ဒီထက် ကြမ်းတမ်းပြီး အသက်ဘေးတွေပါ ကြုံရမယ်ဆိုတာ ညီမတို့ မတွေးမကြည့်မိသေးပါဘူး။

နန့်စန်အရောက် ၄  ရက်ကြာ

နန့်စန်အထိ အမြန်ယာဉ်တွေကားကြီးတွေ သွားမရတော့ဘူးဆိုတော့။ အဲ့နားက နာမယ်ကြီး ဘုန်းကြီးကျောင်းမှာ တည်းခွင့်ရတယ်။အဲ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ရှိတယ်။

အဝတ်အစားအတိုအပြတ် ဝတ်တာ မကြိုက်ဘူးလို့ ပြောထားတော့ ညီမတို့လည်း ဂရုတစိုက်နေကြပါတယ်။ ဘုန်းကြီးကျောင်းက ညီမတို့ကို  ထမင်းကျွေးတယ်။ ထမင်းငတ်တာက ဘုန်းကြီးကျောင်းရောက်မှ စစားရတော့ပဲ။ ရေမိုးချိုးခွင့် ရတယ်။ နေလို့ ထိုင်လို့ အဆင်ပြေပါတယ်။ 

ဒါပေမဲ့ ခရီးစဉ်က ဒီကနေ ရှေ့ဆက်မရတော့ဘူး ။ နောက်ပြန် ခေါက်ရပြန်တယ်။ 

စစ်ဆေးရေး ဂိတ်ကို သုံးကြိမ်ဖြတ်၊ ပြန်လှည့်ရ မလား။

အမြန်ကားတွေနဲ့ ရှေ့ဆက်သွားမရဘူးဆိုတော့ ကားအသေး နှစ်စီးနဲ့ တောင်ကြီးဘက်ကနေ လှည့်သွားမယ်ဆိုပြီး ပွဲစားက ပြောတယ် ရတယ်။ လမ်းကြောင်း ပြောင်းပြီး သွားမယ်ဆိုပြီးပေါ့။ အဲ့ခရီလမ်းမှာ အစဦးပိုင်း အားလုံး အဆင်ပြေတယ်။ ဂိတ်တွေဖြတ်တာလည်း အဆင်ပြေပါတယ်။ 

စစ်ဆေးရေး ဂိတ်ဆိုတာ  ၊ စစ်သားတွေပဲ ရှိတဲ့ ဂိတ်တွေပါ။ စစ်တပ်က စစ်ဆေးနေတဲ့ ဂိတ်တခုအရောက်မှာ လုံးဝ ဖြတ်ခွင့်မရဘူး။ တနေ့တည်း သုံးကြိမ် ဖြတ်ကြတယ်။ ညီမတို့ကားကို မှတ်မိသွားပြီး “လုံးဝ ဖြတ်ခွင့်မပေးဘူး၊ အဝင်အထွက်မရဘူး” ဆိုပြီး ပြောတယ်။ ဘယ်လိုမှ ညှိမရဘူး  ။ 

ညီမတို့အနေနဲ့က ဘယ်လိုမှ နောက်ဆုတ်မရတော့ဘူး။ ပိုက်ဆံတွေချေးငှားပြီး လာရာတာဆိုတော့ ရောက်အောင် သွားပြီး အလုပ်လုပ်မှ ဖြစ်မဲ့သူတွေ ။ ဒါနဲ့ဘဲ တောလမ်းက သွားဖို့ ဖြစ်လာတယ်။ 

တောလမ်းခရီး  

ညီမတို့  စတွက်တဲ့ နေရာကနေ မူဆယ်ကို နှစ်ရက်ခရီးလို့ သိထားတယ်။ ညီမတို့ကတော့ ၄ ရက်ကြာခဲ့တယ်။ ကားမစီးရဘဲ တောတိုးရတဲ့ အဖြစ်နဲ့လည်း ဒီခရီးမှာ ကြုံရတယ်။ အသက်ဘေးဆိုတာလည်း ဒီမှာပဲ ကြုံခဲ့ရတာ။ 

ဖြတ်မရလို့ ညနေ ၂ နာရီလောက်မှာ တောလမ်းခရီး စသွားရတယ်။ လမ်းပြတွေနဲ့ပါ ။ အဝတ်အစားအထုတ်တွေ အားလုံး ကားမှာ ထားခဲ့ရ တယ်။ လိုအပ်တဲ့ အသုံးအဆောင် တနိုင်ပဲ ယူလာကြတယ်။ လက်နက်ကိုတွေ ရှိတဲ့ ဒေသဆိုတော့ အန္တရာယ်ရှိလို့ ဂရုတစိုက်နဲ့ သွားရတာပါ။  ရှေ့လူနောက်လူကြည့် ။ တောင်တွေတက်ရတယ်။ 

အဖွဲ့မှာလည်း အသက်အရွယ်မျိုးစုံ ။ ငယ်တဲ့သူတွေရော၊ ကြီးတဲ့သူတွေရောပဲ။ ချော်လဲတာ၊ ပစ် ကျတာ၊ ရေထဲလည်း ခဏခဏပြုတ်ကျ ၊ ဒဏ်ရာတွလည်း ရကြတယ်။ 

ညနေ ၅ နာရီလောက်မှာ တထောက်နားမယ်ဆိုပြီး တောထဲက တနေရာမှ ခဏ နားကြတယ်။ ဘယ်လောက် ကြာကြာ အနားရမယ်ဆိုတာတော့ မပြောဘူး ။ ညနေ ၆ နာရီလောက်ရောက်တော့ မှောင်လာပြီ ။ အဲ့မှာ ဆက်သွားခိုင်းတယ် ။

လယ်ကွင်းတခုကို ဖြတ်ရတယ်။ လရောင်ရှိလို့ စမ်းတဝါးဝါးနဲ့ ဖြတ်လျှောက်ခဲ့ရာပါ။ဇောနဲ့သွားရတာဆိုတော့ ရှေ့က သွားနေတဲ့သူကို ကြည့်လျှောက်ရတာ။ ချွေးတွေများဆို နစ်နေတာပဲ။  နွားချေးတွေ ရွံတွေဆိုတာ တကိုယ်လုံး ပေကျံနေကြတာ။ မိုးကလည်း  ရွာချတယ်။ ချော်လဲ ပြီး ကသင်းရိုးနဲ့ မျက်နှာနဲ့ ကျတာတို့ ဆိုတာ မရည်တွက်နိုင်တော့ဘူး။ မှောင်လည်း မှောင် ၊ လမ်းလည်း ချော်တော့  ခရီးလည်း မတွင်ဘူး ။ 

သိပ်မကြာခင်မှာ ဝါးလုံး တလုံးတည်း ခင်းထားတဲ့ ချောင်းကျယ်တခုကို ဖြတ်ရတယ်။ ပြောင်းဖူးစိုက်ကြီး တခုကိုတွေ့ရတယ်။ အဲ့ဒီ စိုက်ခင်းကလည်း သံဆူးကြိုးတွေနဲ့ ကာထားတယ်။  ညီမတို့ ဘယ်နားရောက်နေသလဲ ဆိုတာတော့ ကိုယ်တိုင် မသိရဘူး ။ အဲ့ပြောင်းခင်းဘေး လမ်းပြတွေက ခဏစောင့်ခိုင်းတယ် ပြန်စောင့်ရတယ်။

လာကြိုတဲ့ကားကို လမ်းပြတွေက သွားရှာတယ်။  အဲ့တော့ ည ၈ နာရီလောက် ရှိနေပြီ ။  ညီမတို့လည်း တခုခု ဖြစ်မှာ စိုးရိမ်နေတယ်။ 

လမ်းပြတွေနှင့် သေဘေးကြုံ 

လမ်းပြတွေက စစ်သားတွေ သေနက်တွေနဲ့ လာပြီ ဆိုပြီး ပြောင်းခင်းထဲ ဝင်ပြေးခိုင်း တယ်။ အမှန်က သူတို့ မပြေးခိုင်းလည်း ညီမတို့က ပြေးရတော့မယ်။ ပြေးစရာကလည်း ပြောင်းခင်းပဲ ရှိတယ်။ ပြောင်းခင်း စည်းရိုးမှာ လည်း သံဆူးကြိုးနဲ့ လေးငါးချောင်းနဲ့ ကာထားတယ်။ အဲ့တာတွေကို ဖြတ်ပြေး ရတာ။ အင်္ကျီတွေနဲ့ ညှိ၊ ပစ္စည်းတွေ နဲ့ ညှိ ။ ခန္ဓာကိုယ် ခြစ်မိ နဲ့။  power bank ၊ စားစရာတွေ၊ ပိုက်ဆံအိပ် လို ပစ္စည်းတွေလည်း ကျကျန်ခဲ့တယ်။ လှည့်လည်း မကောက်ရဲဘူး ။ ညီမဆို ပြေးလည်း မပြေးနိုင်ဘူး ။ သေပြီလားလို့ တောင် တွေးမိတယ်။ 

လမ်းပြတွေက အဲ့ကတည်းက ပျောက်သွားတယ်။  

ပြောင်းခင်းထဲမှာ ည၁၁ နာရီလောက်အထိ ပုန်းနေခဲ့ရတယ် ။ လမ်းပြတွေလည်း ပြန်မလာလို့  အဖွဲ့ထဲက ယောက်ျားလေး ၃ ယောက်က ကားလမ်းကို ထွက်ရှာကြတယ်။ အဲ့မှပဲ  လမ်းပြတွေနဲ့ ကားသမားတွေကို အတူတွေ့ ရတယ်။

လမ်းပြတွေကတော့ ညီမတို့ အဖွဲ့ကို အဲ့ပြောင်းခင်းထဲမှာပဲ ပစ်ထားခဲ့တာပါ။

တကယ်က ကားသမားတွေလာတာကို လမ်းပြတွေက စစ်တပ်လာတယ် ထင်ပြီး ၊ ညီမတို့ကို ထားခဲ့ပြီး ထွက်ပြေးကြတာ။ နောက်မှ လမ်းပြတွေက ကားသမားတွေမှန်း သိပြီး လမ်းပြခ ပိုက်ဆံကို အရတောင်းတာလို့ ပြန် သိရတယ်။ အဖွဲ့က ယောက်ျားလေးတွေကလည်း အရဲစွန့်သွားမှ ကားသမားနဲ့ တွေ့ရလို့ အသက်ရှင်ပြီး မူဆယ်ရောက်ခဲ့တာပါ။ 

လမ်းရှာတဲ့ ယောက်ျားလေးတွေ ပြောင်းခင်းကို ပြန်လာပြီး ခေါ်လို့ ကားသမားတွေဆီ ဘယ်လမ်းပြမှ မပါဘဲ ရောက်သွားခဲ့တာပါ။ 

ကားသမားတွေမှာလည်း လမ်းပြတွေနဲ့ မတွေ့မီအထိ  စစ်သားတွေရှိတယ်ဆိုပြီး ညီမတို့ကို မခေါ်ဘဲ ခရီးဆက် သွားဖို့ စီစဉ်နေတာလို့ ပြန်ပြောပြတယ် ။ ညီမတို့တွေ အသက်မသေဘဲ ကံကောင်းခဲ့တာပါ။ 

အဲဒီညကတော့ ညီမတို့ အဖွဲ့ အသက်ထွက်မတတ် ကြောက်လန့်ခဲ့ရတာ ။  

အဲ့ကနေ ည ၁၂ ခွဲမှ ခရီးဆက်မဲ့ ကားပေါ် ရောက်ခဲ့ကြတယ်။ 

လားရှိုးနယ်ထဲရောက်မှ အဝတ်အစားလဲနိုင်    

အဲ့ကနေဆက်ထွက်တော့ ကားသမား အသိ မိတ်ဆွေအိမ်ကို အရင်ရောက်ပါတယ်။ နေရာက လာရှိုးနယ်လို့ပဲ သိရပါတယ်။ အဲ့အိမ်ကြမှ တညလုံး ညစ်ပေနေတဲ့ အဝတ်အစားတွေ လဲနိုင်တယ်။ ရေးချိုး သန့်စင်ခွင့်တော့ မရဘူး ။ အိပ်တာလည်း အိမ်ရှေ့မှာ တာလပတ်ခင်းပြီး အိပ်ရတယ်။ လမ်းတလျှောက်လုံးက နှစ်နေရာမှာ တာလပတ်ခင်းပြီး အိပ်ခဲ့ရတယ်။ 

စီးလာတဲ့ ကားကလည်း ငယ်၊ စီးတဲ့သူက များများ ။ ထိုင်စီးရတယ်လို့ ထင်ရပေမဲ့ ပြွတ်သိပ်ပြီး စီးရတာပါ။  ညီမလိုက်လာတဲ့ ကားမှာဆို  ၁၂ ယောက်၊ ကားသမားနဲ့ဆို ၁၃ ယောက်။ မလေးရှားနဲ့ ထိုင်းကို ခိုးဝင်သလိုမျိုး စီးခဲ့ရတယ်။ နားချိန်ရောက်တာနဲ့ တကိုယ်လုံး ကိုက်ခဲနေတာ ။ 

ကူညီပေးတဲ့ ဒေသခံတွေ ဘာသာရေးအသင်းအဖွဲ့တွေကိုလည်း ကျေးဇူးတင်ရပါတယ်။ 

နောက်ရက် လားရှိုးမှာ တရက် အိပ်ပြီး မူဆယ်ကို ရောက်တယ်။ လမ်းတလျှောက်မှာ ကတ္တရာလမ်းပေါ်ကနေ ကားစီးလာရတာတော့ မဟုတ်ဘူး။ ဗွတ်တောလည်း ဖြတ်ရတယ် ။ တောလမ်းလည်း ဖြတ်ရတယ်။ မိန်းကလေး တွေက ကားလည်း ဆင်းတွန်းရတယ် ။ ယောက်ျားလေးတွေက စီးလာတဲ့ကား ဖြတ်သွားနိုင်ဖို့ လမ်း ပြင်ပေးရ တယ်။ ကားပျက်ရင်လည်း စောင့်ရတယ်။ ပြောမယ်ဆို အမျိုးမျိုး ကြုံပြီးမှ မူဆယ်ကို ရောက်ခဲ့တာပါ။ 

မူဆယ် ငရဲခန်း ရက်ပေါင်း ၁၀၀ 

မူဆယ်ကို တခြားအဖွဲ့တွေ ဘယ်လို ရောက်လာသလဲ ဆိုတာတော့ ညီမတို့ မသိဘူး ။ ညီမတို့ ကြုံတွေ့ ခဲ့ရတယ်တဲ့ အကြောင်းတွေကို တခြား ဘဝတူ ရွှေ့ပြောင်းသွားလာတဲ့ အလုပ်သမားတွေကို အသိပေးချင်တာပါ။ 

မူဆယ်မှာ နေထိုင်ခဲ့ရတဲ့ ရက်ပေါင်း ၁၀၀ ကျော် ဖြတ်သန်း နေထိုင်ခဲ့ရတာတွေ၊ ဒုက္ခတွေကို ဆက်ပြောပါ့မယ် ။ ရန်ကုန်က ပွဲစားတွေကတော့ ရွှေလီစက်ရုံမှာ လုပ်ခလစာ ဘယ်လိုရတယ်၊ ဘယ်လောက်ရတယ် ဆိုတာ အမျိုးမျိုး  ပြောကြလိမ့်မယ်။ ပွဲစားတွေရဲ့ လှည့်ပတ်ပြောဆိုတာတွေကို လူမှုကွန်ရက်တွေမှာ အသိပေးတာ၊ သတိပေးတာတွေ ပြောဆိုနေတာတွေကို တွေ့ရမှာပါ  ။ 
 
အဲ့ဒါတွေက အဖြစ်မှန်တွေပါဘဲ။

မူဆယ်ရောက်တော့ ဒုက္ခတွေကျွတ်ပြီ ဆိုပြီး “ဟင်း” ချမယ် ရှိသေးတယ်။ လူနေမှု ငရဲခန်းနဲ့ ထပ်တိုးရပါတယ်။ 

မူဆယ်မြို့ကို ညီမတို့ အိမ်ကနေ ထွက်လာပြီး ၉ ရက်မြောက်နေ့ ညနေပိုင်းမှာ ရောက်ပါတယ်။ ဂိုဒေါင်လို အဆောက်အဦး တခုဆီကို ကားသမားတွေက ပို့ပေးပါတယ်။ အဲ့အဆောက်ဦးက အနည်းဆုံး ပေ ၁၀၀ ၊ ပေ ၇၀ ဝန်းကျင်လောက်ရှိတယ်။ အဲဒါကို မြန်မာ အလုပ်သမားတွေက အဆောင်လို့ ခေါ်ကြတယ်။ 

မြန်မာတနိုင်ငံလုံးက စက်ချုပ် အလုပ်သမားတွေ မူဆယ်ကို ရောက်နေသလား တောင် ထင်မိတယ်။ ညီမတို့ နေခဲ့တဲ့ အဆောင် ဂိုဒေါင်မှာပဲ စက်ရုံတရုံစာလောက် အလုပ်သမားတွေ ရှိနေတာ ။ 

တခြားအဆောင်တွေလို့ တံမံတလင်းမှာ ပလပ်စတစ် ဖျာတွေခင်းပြီးတော့ မနေခဲ့ရဘူး။ နှစ်ထပ်ကုတင်တွေနဲ့ပဲ နေရတယ်။ အဆောင်မှာ ဒီတခုတည်း ကောင်းတာရှိတာပါ။ 

ညီမတို့ ခရီးပန်းလာလို့ ရေချိုးမယ်ဆို့တော့ ရေကန်ကြီးမှာ ရေမရှိဘူး ။ အိမ်သာကို ကြည့်တော့ အညစ်အကြေး စွန့်တာက တွင်းလည်း မဟုတ်၊ ကန်လည်း မဟုတ်။ မြောင်းလိုနေရာကို စွန့်ရတာ ။ ရေလာပြီဆိုမှ အညစ်အကြေး ကို လောင်းချ သန့်ရှင်းတာမျိုး ။ ရန်ကုန်က ရိုးရိုး အိမ်သာ လောက်တောင် သန့်ရှင်းမှု မရှိဘူး ။

ဒါက ရက်ပေါင်း ၁၀၀ ကျော် တွေ့ကြုံရတဲ့ လူမှုဒုက္ခတွေပါ။ နေရတဲ့ ရက်ကြာလေ၊ လူမှုဒုက္ခတွေ ပိုခံစားရလေပါ ပဲ။ မူဆယ်ရောက်ကတည်းက ပွဲစားကို မတွေ့ရတော့ဘူး ။ အဆောင်မှာ နေထိုင်ရတဲ့ ဒုက္ခလည်း သူမသိပါဘူးလို့ ငြင်းတော့တယ်  ။ 

အဆောင်မှာနေတော့ သန့်ရှင်းရေးအလုပ်ကို တာဝန်တခုလို လုပ်ခိုင်းတယ်။ ညစ်ပတ်တဲ့ အိမ်သာကိုတောင် သန့်ရှင်း ပေးရတယ်။ အိမ်သာ သန့်ရှင်းလုပ်ရရင် တချို့ဆို ထိုင်တောင် ငိုကြတယ်။ မအီမလည်နဲ့ နေထိုင်  မကောင်း ဖြစ်ကြရတယ်။ 

အဲလို သန့်ရှင်းရေးလုပ်ရလို့လည်း အဆောင်က ထမင်း ချက်ကျွေးချင်တဲ့နေ့ ချက်ကျွေးတယ်။ မချက်ချင်တဲ့ နေ့ မချက်ဘူး ။ အဲ့လိုနေ့ဆို မစားရတော့ဘူး  ။ နေခဲ့ရတဲ့ ရက်ပေါင်း ၁၀၀ ကျော်မှာ အသားဟင်း စားရတဲ့ရက်က လက် ဆယ်ချောင်း မပြည့်ခဲ့ရဘူး။ ကျွေးတလှည့် မကျွေးတလှည့်နဲ့ ထမင်းမစားရတဲ့ ရက်က တပတ် ၇ ရက်ကျော် ရှိခဲ့တယ်။

ညီမတို့ ကြယ်ဂေါင်မှာ စက်ရုံသူဌေးနဲ့ စာချုပ် ချုပ်ဖို့ ပြောကြ ဆိုကြတော့။ အဆောင်က စကားပြန်က သူတို့ ထမင်းမကျွေးတာ ၂ ရက်ပဲ ရှိတယ်ဆိုပြီး ငြင်းတယ်။ အဲဒီ စကားပြန်တွေက အလုပ်အကိုင်ကစပြီး ချယ်လှယ် တယ်၊ စာရိတ်တွေ ဖြတ်စား ကြတယ်။ 

စကားပြန်ဆိုလို့ တိုင်းရင်းသားတွေ၊ တရုတ်-မြန်မာ ကပြားတွေလို့ မထင်ပါနဲ့ ။ မြန်မာနိုင်ငံသား မြန်မာစစ်တွေက စကားပြန်လုပ်ပြီး အချင်းချင်းကို ခေါင်းပုံဖြတ် နေတာပါ။ 

အဆောင်မှာ အဆင်မပြေလို့ အပြင်ထွက် အလုပ်လုပ်တော့လည်း အဆင်မပြေကြဘူး ။ 

အလုပ်အကိုင်တွေ များများ တာတော့ မှန်ပါတယ်။ ဆီထည့်၊ ဈေးဆိုင်ရောင်း၊ ထင်းကောက် အဲလိုတွေ ရှိတယ်။ ဒါပေမဲ့ ရတဲ့ လုပ်ခကလည်း  နေထိုင်မှုစာရိတ်ကြီးတာနဲ့ အဆောင်ကလည်း ဖြတ်တာနဲ့ ဆို လုပ်ခမရဘဲ အလကား လုပ်ပေးရသလို ဖြစ်နေတယ်။ 

ပွဲစားတွေ တခါတရံ ရောက်လာတယ်။ သူတို့ ပြောနေကြ စကားက “ အမလည်း ညီမတို့ ရွှေလီကို ဝင်လို့ရအောင် လုပ်နေတာ ၊ ညီမတို့က ဘယ်တော့သွားရမလဲ၊ အမြဲမေးတော့ ၊ အမဘက်ကိုလည်း တွေးပေးပါဦး” ဆိုပြီး သူ့ကို ပြန်ငဲ့ညှာရမလို ပြောတယ်။ အဲလိုက တွေ့တိုင်း ပြောတဲ့ စကားပါ။ ဒီတပတ် ဝင်ရမယ်ဆိုပြီး ပြောတာကလည်း မနည်းဘူး။ 

မူဆယ်မှာနေရခဲ့တဲ့ လူမှုကိစ္စတွေအားလုံးထဲမှာ ဝင်ခွင့် တိုကင်မျှော်ရတာ အပင်ပန်းဆုံး။ အဆောင်မှာ စားရ  တလှည့် မစားရတလှည့်၊ နေထိုင်လို့ မကောင်းတဲ့ လူမှုဒုက္ခတွေနဲ့ အလုပ်အကိုင်ကို မြန်မြန် ရစေချင်တယ်။ ဒီအတွက်လည်း ဝင်ခွင့် တိုကင်ကို ညီမတို့ မြန်မြန်ရချင်တာ။ 

ရန်ကုန်မှာတုန်းကတော့ ပွဲစားတွေက ခပ်တည်တည်ပဲ ။ သူတို့ကပဲ အလုပ်ခန့်တော့မလိုနဲ့ အင်တာဗျူးတယ်။ မူဆယ်ကနေ ရွှေလီရောက်ရင် အလုပ်ထဲ တန်းဝင် တန်းလုပ်ရတော့မလိုဘဲ ပြောတယ်။ ညီမတို့က နယ်စပ်ဖြတ်ရ တဲ့ အဆင့်တွေလည်း မသိခဲ့ရဘူး။ တကယ်ဆို အလုပ်လုပ်ခွင့် တပတ်ကတ်အတွက်တောင် ရက်ပေါင်း ၁၀၀ မက စောင့်နေကြတာကို မူဆယ်ရောက်မှ ညီမတို့ သိခဲ့ရတယ်။ 

တပတ်ကတ်ဆိုတာကလည်း စက်ရုံပိုင်ရှင်က အလုပ်ခေါ်စာ ပေးမှ ရနိုင်တာ။ အလုပ်ခေါ်စာရပြီဆိုရင် လမ်း စာရိတ် တွေကို စက်ရုံဘက်က ပွဲစားကို ပြန်ထုတ်ပေးမယ်၊ နောက် အလုပ်သမားအတွက် ပွဲခသူတို့ရမယ်။

ပွဲစားတွေကတော့ မလိမ့်တပတ် ။ ညီမတို့ဆီက လမ်းစာရိတ်ကို ပွဲစားက သီးသန့် တောင်းတယ်။ ညီမတို့က လမ်းစာရိတ်ကို အတိုးနဲ့ ချေးပြီး အလုပ် လာလုပ်ရတယ်။ အဲဒီစာရိတ်စာခ အားလုံးကို စက်ရုံကနေ တောင်းယူ ၊ လစဉ် လုပ်ခလစာက စက်ရုံက ပြန်ဖြတ်ယူမယ်။  

ပွဲစားကတော့ စက်ရုံပေးတဲ့ အလုပ်သမားအတွက် လမ်းစာရိတ်လည်း ယူတယ်။  အတိုး ၂၀ နှုန်း နဲ့ တပ်ယူ ထားတယ်။ အလုပ်သမားခေါ်တဲ့ ပွဲခပါ ထပ်ယူတယ်။ ဒီထက်ဆိုးတာ ရှိသေးတယ်။ လမ်းစာရိတ် လေးသိန်းခွဲ ထဲကနေ ခေါင်းဆောင်ခေါ်လာတဲ့သူက ငါးသောင်း ဖြတ်ယူတယ်။ ဒါတွေက စကားပြန်ရယ် အလုပ်လုပ်ဖို့ ခေါ်လာတဲ့ ပွဲစားရယ် ပေါင်းပြီး အလုပ်သမားတွေ အပေါ် ခေါင်းပုံဖြတ်တာတွေပါ။ 

ညီမတို့လည်း မူဆယ်ရောက်မှ ဒီကိစ္စတွေ သိရတာတွေ ။ 

မူဆယ်ကနေ ကြယ်ဂေါင်ဘက် ဝင်လို့မရသေးတော့ ချေးငှားလာရလို့ အတိုးတွေက တက်နေပါတယ် ဆိုပြီး ပွဲစားကို  ညီမတို့ အလုပ်သမားတွေက ပြောပြကြပါတယ်။ သူ ပြန်ပြောတာက “ညီမတို့က တဦးတယောက်တည်း အတိုးတက်တာပါတဲ့။ သူက ခေါ်လာတဲ့ အလုပ်သမားတွေအတွက် စိုက်ထားတဲ့ ခရီးစရိတ်တွေက အတိုးတွေတက်နေတာ”လို့ ပြောပြန်တယ်။ 

ဒါတွေကြောင့်ပဲ ညီမတို့ ကြယ်ဂေါင်ဘက်ဝင်မရတော့ မူဆယ်မှာ  စိတ်ဒုက္ခ အကြီးအကျယ် ရခဲ့ရတယ်။

တချို့လည်း မူဆယ်မှာ စာရိတ်တွေ မခံနိုင်တော့လို့ အိမ်ကပြန်တောင်းရတာတွေဆို များမှ များ ။ 
နောက်ဆုံး  လေးငါးလကြာတဲ့အထိ ကြယ်ဂေါင်ကို ဝင်မရလို့ အိမ်ပြန်ကြရသူတွေလည်း အများကြီးတွေ့ရတယ်။  

အိမ်က မိသားစုတွေကလည်း ငွေထပ်မပို့နိုင်တော့ တချို့ယောက်ျားလေးတွေ ထွက်ပြေးကြတယ်။ ဒါပေမဲ့ ပွဲစားတွေ၊ အဆောင်တွေက မူဆယ်မှာ ရောက်နေတဲ့ အလုပ်သမားတွေရဲ့ မှတ်ပုံတင်တွေ၊ လဝက က ထုတ်ပေးထားတဲ့ UID ကတ် အားလုံးကို သိမ်းယူထားတယ်။ အဲ့လို့ အထောက်အထားမပါတော့ လမ်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးတာတွေ ခံကြရတာတွေလည်း ရှိတယ်။ 

လက်ရှိ ကြယ်ဂေါင်ထဲမဝင်နိုင်သေးတဲ့ အလုပ်သမားတွေက တောင်နဲ့ချီရှိနေတာ။ စာရိတ်အတက်ခံပြီး စောင့်ရ ဆဲပါပဲ။ ဒါက လမ်းစာရိတ် နေစာရိတ် ပြန်စာရိတ် မတတ်နိုင်တော့ အလုပ်ဝင်ဖို့ သည်းခံပြီး စောင့်နေကြတယ်။ 

မူဆယ်မှာ နေစာရိတ် စားရိတ် တရက် ယွမ် ၃၀ ဆို၊ မြန်မာငွေ ကျပ် နှစ်သောင်းလောက် ကျတယ်။ ဒီလို စာရိတ်ကြီးပုံနဲ့ ဆို သုံးလေးလစောင့်နေရတဲ့ ညီမတို့ တနှစ်လောက် ဆပ်တာတောင် ကျေပါ့မလား မသိနိုင်ဘူး။ အလုပ်မဝင်တော့ဘူး အိမ်ပြန်မယ်ဆိုတာ တကယ်ကို မလွယ်တဲ့ အခြေအနေ ။ 

စာရိတ်အကြွေးတွေကျေဖို့ဆို တနှစ်လောက် ထမင်းစား ကျွန်ခံ ဘဝနဲ့ အလုပ်လုပ်ရမလို ဖြစ်နေပြီ။

ရွှေလီအထည်ချုပ်စက်ရုံတွေမှာ ဝင်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေလည်း အများကြီးရှိပါတယ်။ ညီမတို့လို အလုပ်ဝင်နိုင်ဖို့စောင့်နေသူတွေလည်း အများကြီး။ ညီမတို့ အဖွဲ့လို အဖြစ်အပျက် တူတာတွေ လည်း ရှိနိုင်သလို မတူနိုင်တာတွေလည်း ရှိတယ်။ 

တရုတ် အထည်ချုပ်စက်ရုံတွေမှာ ဝင်လုပ်ပြီး အဆင်ပြေတဲ့သူတွေလည်း ရှိသလို၊ အလုပ်ဝင်ပြီး အဆင်မပြေတာတွေလည်း ရှိတယ်။

ကြယ်ဂေါင်ကို ညီမတို့ အဖွဲ့တွေ အားလုံး မရောက်ကြသေးပါဘူး။ ပွဲစားကတော့ ကျန်တဲ့သူတွေကို စောင့်ပြီးမှ စာချုပ်ချုပ် အလုပ်ဝင်ရမယ်ပြောတယ်။ အလုပ်ဝင်ဖို့ စောင့်ရတာလည်း ၄ လနီးပါး ရှိလာပါပြီ  ။ 

ပြည်တွင်း စက်ချုပ်  အလုပ်သမားတွေ အကျပ်အတည်းများလေ နယ်စပ်စက်ရုံတွေဆီ အလုပ်သမားခေါ်ပေးတဲ့ ပွဲစား စကားပြန်တွေအတွက်တော့ တွက်ချေ ကိုက်လေပါပဲ။ ဒီအချိန်အထိ မူဆယ်ကို ရောက်လာတဲ့ အလုပ်သမားတွေက ရှိနေဆဲပါပဲ။

ညီမတို့လို မဖြစ်ရအောင် ရန်ကုန်မှာ ပွဲစားတွေ စကားကို မယုံကြည်ကြဖို့ပါ ။ မူဆယ်မှာ တပတ်အတွင်း ဝင်ခွင့်ရဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ တရုတ်လဝက ဆီ စက်ရုံပိုင်ရှင်တွေက ခေါ်စာပို့မှ ၊ အဲဒီခေါ်စာနဲ့ ဝင်ခွင့်တိုကင် ရတဲ့ရက်နဲ့ ကိုက်ညီမှ ရွှေလီကို ရောက်နိုင်မှာ ပါ။ ဒါကို အထူး သတိထားဖို့ ညီမက အသိပေးပါတယ်။ 

မဖြစ်မနေလာရမယ်ဆိုရင်တောင်  နှစ်ဖက်အာမခံတွေနဲ့  လာကြဖို့ တိုက်တွန်းချင်တယ်။ အလုပ်လုပ်ရမဲ့ စက်ရုံ ၊ မူဆယ်မှာ စောင့်ဆိုင်းရမဲ့ ကာလနဲ့ လမ်းစာရိတ်၊ နေစာရိတ်၊ စားစာရိတ်တွေကို စောင့်ဆိုင်းရမဲ့ ကာလအတွင်း ဘယ်လို ကျခံကြမလဲ ဆိုတာတွေကို သေချာ သဘောတူ စာချုပ် စာတမ်းနဲ့ လုပ်ပြီးမှ မူဆယ်ကို လာကြဖို့ပါပဲ။ 

တခုပြောဖို့ကျန်တာက မူဆယ်မှာ ဒုက္ခတွေ့လို့ ဘယ်အာဏာပိုင်မှ အကူအညီတောင်းလို့ မရပါဘူး ဆိုတာပါ ။

ညီမတို့အဖွဲ့ဝင်တွေစုံဖို့ တပတ်လောက် ထပ်စောင့်ရဦးမယ်။ ဒီတခါစောင့်လို့ အဆင်မပြေဘူးဆိုရင်တော့ တခြား နည်းလမ်းနဲ့ စဉ်းစားပြီး အလုပ်ဝင်ကြဖို့ ဆုံးဖြတ်ထားပါတယ်။ အလုပ်ဝင်ဖြစ်ရင်တော့ လုပ်ငန်းခွင် အခြေအနေ တွေ ကို ပြောပြပါဦး မယ်။

Photo - ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံဘက်သို့ အလုပ်လုပ်ရန် ဝင်ခွင့်ကတ် တန်းစီ နေကြသည့်  အလုပ်သမားများ 

 #MyanmarLabourNews


Related posts

Cover
Feng Teng Garment ဥပဒေသတ်မှတ်ခွင့် မပေးဘဲ ရပိုင်ခွင့်ဖြတ်
Dec 19, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံမဖြစ်မနေပြန်လွှဲခိုင်းတဲ့ အမိန့်ကြေညာစာကို ပယ်ဖျက်ရေး တိုက်တွန်း
Dec 19, 2024
Cover
မြန်မာအလုပ်သမားဇနီးမောင်နှံ ထိုင်းထီဘတ် ၁၂ သန်း ကံထူး
Dec 19, 2024
Cover
ဒဂုံအရှေ့စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမီးလောင်
Dec 18, 2024
Cover
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်မှု အားနည်းသော်လည်း လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (၂၀၀၀) ကျော် ဖွဲ့စည်းထားဟု ဒုဝန်ကြီးဆိုပြန်
Dec 18, 2024
Cover
အမျိုးသမီးသတင်းထောက် ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသည့်အပေါ်ထိရောက်စွာအရေးယူပေးရန် MWiM ထုတ်ပြန်
Dec 18, 2024