ARTICLE

ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ လူနေမှုဘဝ အကျပ်အတည်းများ

CoverLogo
258 Views

မြန်မာနိုင်ငံက လူငယ်အများစုအတွက် ရေကြည်ရာမြက်နုရာဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ကြီးဟာ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကြာမြင့်လာတဲ့ အခုချိန်မှာ အရာရာဟာ အသက်ရှုကြပ်နေရတဲ့ အခြေအနေရောက်နေပါတယ်။လူဦးရေ ၇ သန်းကျော်နေထိုင်ရာ မြို့ကြီး တစ်ခုဖြစ်တဲ့ ရန်ကုန်နဲ့ တိုးချဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေရဲ့ အခက် အခဲတွေ၊ ကြပ်တည်းမှုတွေဟာ နေ့စဉ်ဆိုသလို တစ်ရစ်ထက်တစ်ရစ် တင်းကျပ်လာနေပါတယ်။

ငွေကြေးချောင်လည်သူတွေအတွက်တော့ ရှင်သန်နေထိုင်ဖို့  အနည်းငယ် အသက်ရှူချောင်သလိုရှိနေပေမဲ့ အခြေခံလူတန်းစားတွေအတွက်  လူနေမှုအဆင့်အတန်းတွေ ပိုမိုနိမ့်ကျလာနေပြီး မဖြစ်မနေ လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေတောင် ဝယ်ယူရတာ ခက်ခဲလာနေပါတယ်။ ဒါ့အပြင် ဝင်ငွေနဲ့ ထွက်ငွေမမျှတာ၊ နေ့စဉ်ဘဝမှာ လုံခြုံမှု မရှိတာ၊ စစ်အာဏာရှင် လည်ပတ်နေတဲ့ယန္တရားမှာ မဖြစ်မနေ လှုပ်ရှားနေရတာတွေဟာ ရန်ကုန်မြို့မှာ နေထိုင်သူတိုင်း အနည်းနဲ့အများဆိုသလို ရင်ဆိုင်နေကြရပါတယ်။ ဒီဆောင်းပါးမှာတော့ ရန်ကုန်မြို့မှာ ပြည်သူအများစု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိုးရိမ်သောကတွေနဲ့ အဆင်မပြေမှုတွေကို အနှစ်ချုပ်သဘောမျိုး စုစည်းတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဝင်ငွေ၊ ထွက်ငွေမမျှတမှု

ရန်ကုန်မြို့မှာ နေထိုင်သူတိုင်း မဖြစ်မနေ ရင်ဆိုင်နေရတာကတော့ ဝင်ငွေ၊ ထွက်ငွေ မလောက်ငှတဲ့ ပြဿာနာပါပဲ။ ဒီပြဿာနာကို အခြေခံလူတန်းစားကစပြီး အလွှာအသီးသီးမှာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အခြေခံလူတန်းစား တွေကတော့ စားဝတ်နေရေးအဆင်မပြေမှုကိုပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ နေထိုင်စရိတ်၊ စားသောက်စရိတ်နဲ့  အထွေထွေကုန်ကျစရိတ်တွေပါ  သုံးဆက နေ အဆမတန် မြင့်တက်လာပေမယ့် လစာဝင်ငွေ တိုးမလာတဲ့ အခြေအနေမှာတော့ ပြည်သူတွေက အရင်ကထက် ပိုမိုကျပ်တည်းလာပါတယ်။ အလုပ်သမားဝန်ကြီးဌာနကလည်း ခေတ်ကာလနဲ့ ကိုက်ညီတဲ့ လုပ်ခလစာနှုန်းထား သတ်မှတ်ပေးဖို့ကို မလုပ်ဆောင်တဲ့အတွက် အလုပ်သမားတွေဟာလည်း အလုပ်လုပ်ရင်း အငတ်ဘေးမဆိုက်အောင် ကြိုးစားနေထိုင် လုပ်ကိုင်စားသောက်နေရပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်တဲ့စစ်တမ်းတွေအရလည်း ပြည်တွင်းမှာ ဆင်းရဲမွဲတေမှုနှုန်းဟာ သိသိသာသာ မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

ဆေးဝါး ရှားပါးမှုနဲ့ ဈေးနှုန်းပြဿနာ

ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ဝင်ငွေနည်းပါးမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ပြည်သူတွေရဲ့ ကျန်းမာရေး အတွက် ကုသမှုခံယူဖို့ အလှမ်းဝေးကွာလာပါတယ်။ ပြည်တွင်းမှာ အင်္ဂလိပ်ဆေးသာမက မြန်မာဆေးတွေပါ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်နေပြီး လူသုံးများတဲ့ ဆေးဝါးတွေဟာ မကြာခဏ ပြတ်လပ်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဈေးနှုန်းတွေဟာလည်း ဆေးတစ်မျိုးကို ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ မြင့်တက်နေပြီး ပြည်သူတွေဟာလည်း ဖျားနာကိုက်ခဲပျောက်ဆေး ကိုတောင် အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်တဲ့ အခြေအနေ နည်းပါးလာပါတယ်။ 

ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ကုန်ကျစရိတ်တွေက မြင့်မားနေပြီး အခြေခံလူတန်းစား အများစုနေထိုင်ရာ မြို့နယ်တွေမှာတော့ ဈေးနှုန်းသက်သာတဲ့ဆေးခန်းတွေ၊ အခမဲ့ ဆေးဝါးကုသပေးတဲ့နေရာတွေမှာ ကုသလိုသူတွေ ပိုများလာပါတယ်။ ဆေးရုံ၊ ဆေးခန်းသွားဖို့ အချိန်နဲ့ငွေကြေး ခက်ခဲသူတွေကတော့ စပ်ဆေးတွေကိုလည်း သုံးစွဲမှုများနေပါတယ်။အဲ့ဒီထက်ပိုပြီး ကျပ်တည်းလာတဲ့ သူတွေကတော့ ဆေးဝါး ဝယ်ယူသောက်သုံးနိုင်ခြင်းမရှိတော့သလို ကုသမှုခံယူဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေရောက်သွားပါတယ်။

သွားလာရေးနဲ့ လုံခြုံရေး အန္တရာယ်

မြို့ပြမှာ နေထိုင်သူတွေဟာလည်း လက်ရှိမှာတော့ သွားလာရေး အခက်အခဲနဲ့ တစ်ကိုယ်ရည် လုံခြုံရေးပြဿနာ တွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်မှာတော့ အများပြည်သူသုံး ယာဉ်လိုင်း ဝန်ဆောင်မှုရနိုင်သေးပေမဲ့  အစွန်အဖျားမြို့နယ်တွေမှာ နေထိုင်သူတွေကတော့ အများပြည်သူသုံး မော်တော်ယာဉ် မလုံလောက်တဲ့ အခက်အခဲအပြင် ညဘက်နောက်ကျချိန်မှာ ပြေးဆွဲမယ့်ကားမရှိတာ၊ တက္ကစီငှားရမ်းဖို့ ခက်ခဲတာ၊ ဈေးနှုန်းကြီးမြင့်တာတွေပါ တွေ့ကြုံနေရပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင်တော့ ဆိုင်ကယ်စီးနင်းခွင့်မပြုဘဲ ပိတ်ထားလို့ သွားလာရေးမှာ ကြီးမားတဲ့ အခက်အခဲတစ်ခုဖြစ်နေပါတယ်။

ဒီလို သွားလာရေး အခက်အခဲအပြင် တရားဥပဒေ စိုးမိုးမှုကင်းမဲ့လာတာနဲ့အမျှ လုယက်တာတွေ၊ ခါးပိုက်နှိုက်ခံရတာတွေဟာလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေပါတယ်။ မြို့အစွန်ရပ်ကွက်တွေမှာတော့  နေ့ခင်းကြောင်တောင် ဆိုင်ကယ်နဲ့ လုယက်တာ၊ ခြိမ်းခြောက်ရိုက်လုတာတွေအထိပါ ရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီက လမ်းတွေမှာ  ဖုန်းတွေကို ရှောင်တခင် စစ်ဆေးပြီး Facebook , Viber, telegram , VPN စတာတွေအပြင် ဖုန်းထဲရှိ ဓာတ်ပုံတွေကိုပါ စစ်ဆေးပြီး ငွေညှစ်အကြပ်ကိုင်တာတွေ  လုပ်ဆောင်တာကိုလည်း ခံနေကြရပါတယ်။ဒါကြောင့် နေအိမ်ပြင်ပကို အကြောင်းအမျိုးမျိုးနဲ့ထွက်ခွာတော့မယ်ဆိုရင် အစစအရာ ကြိုတင် ပြင်ဆင် သတိထားပြီး သွားလာနေရသလို စိုးရိမ်စိတ်တွေနဲ့ လှုပ်ရှားရှင်သန်လာရပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုနဲ့ ဆုံးရှုံးလာတဲ့ ရပိုင်ခွင့်တွေ

လက်ရှိမှာ အလုပ်သမားအများစုကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေကို ဆုံးရှုံးသွားပြီဖြစ်ပါတယ်။ တစ်ရက်ကို အလုပ်ချိန် ၁၂ နာရီကနေ  ၁၆ နာရီအထိ အချိန်ပိုတွေကို နေ့စဉ် မဖြစ်မနေ လုပ်ခိုင်းတာ၊ အများပြည်သူ ရုံးပိတ်ရက်တွေမှာ လည်း နားရက်မရတာနဲ့ ဥပဒေပါ အတိုင်း ခွင့်ယူလို့မရတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားဝန်ကြီးဌာန ကလည်း  အလုပ်ရှင်တွေအလိုကျသာ လည်ပတ်နေပြီး အလုပ်သမားထုအတွက် ရပ်တည်ပေးတာ မရှိတော့ပါဘူး။ အလုပ်ရှင်က ဥပဒေဖောက်ဖျက်နေရင်တောင် အရေးယူမှုတစ်စုံတစ်ရာ မရှိတော့တဲ့ အခြေအနေကို ရောက်နေပါတယ်။
ဒါ့အပြင် ပြည်ပမှာ သွားရောက်လုပ်ကိုင်သူ များလာတဲ့အတွက်ကြောင့်လည်း ကလေးလုပ်သား အသုံးပြုတာဟာ အရင်ကထက် များလာခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့်လည်း မိဘအများစုက ပညာရေးထက် ဝင်ငွေရရှိရေးကို ဦးတည်လာကြပါတယ်။ ဒီအခြေအနေကြောင့် ကျောင်းနေအရွယ် ကလေးတွေဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေသလို အရွယ်နဲ့မမျှတဲ့ အလုပ်တာဝန်တွေကိုလည်း လုပ်ကိုင်နေရပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ကုန်ပစ္စည်း ပြတ်လပ်မှု

ရန်ကုန်မြို့မှာ နေထိုင်သူတွေဟာ လက်ရှိမှာတော့ တစ်ကိုယ်ရည်အသုံးအဆောင် ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူနိုင်သေးပေမယ့် ဈေးနှုန်းမတည်ငြိမ်တာနဲ့ ကုန်ပစ္စည်း ပြတ်လပ်တဲ့ ပြဿနာကိုတော့ မကြာခဏ ရင်ဆိုင် ရပါတယ်။ ငွေကြေးတတ်နိုင်သူတွေက ကြိုတင်စုဆောင်းဝယ်ယူနိုင်ပေမယ့် ငွေကြေးမတတ်နိုင်သူတွေကတော့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ပိုမိုခံစားနေရပါတယ်။ တစ်ရက်ထက် တစ်ရက် ဈေးနှုန်းမြင့်တက်လာတာနဲ့ ကုန်ပစ္စည်း ပြတ်လပ်မှုကြောင့် အိမ်ဆိုင်တွေ၊ တစ်နိုင်တပိုင် ရောင်းချသူတွေလည်း အခက်အခဲတွေ ဖြစ်ပေါ်နေ ပါတယ်။ အဓိကအားဖြင့် မဖြစ်မနေ လိုအပ်တဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆေးဝါးနဲ့ အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်တွေဟာ ရှားပါးကုန်တွေလိုဖြစ်လာနေပြီး ရွေးချယ်စရာနည်းပါးတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

ပြည်တွင်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုဟာ ပိုမိုဆိုးရွားလာပြီး လုပ်ငန်းလုပ်ကိုင်သူတွေပါ ထိခိုက်လာတဲ့ အခြေအ နေ ဖြစ်ပေါ်နေပါတယ်။ တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းတွေ၊  အထည်ချုပ်တွေ၊ လျှပ်စစ်မီး အသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်ရသူတွေဟာ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် စက်သုံးဆီကို ဝယ်ယူအသုံးပြုနေရပြီး ဈေးနှုန်းမြင့်တက်မှုနဲ့ ဆီပြတ်လပ်ချိန်မှာ ဝယ်ယူမရတာကြောင့် အခက်အခဲ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် လျှပ်စစ်မီတာခတွေကလည်း အရင်ကထက် ပိုများနေပြီး မီတာခတွေ ထပ်တက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့်လည်း ပြည်သူတွေ သောကပွေနေရပါတယ်။ 

စက်ဆီဈေးမြင့်တက်မှုကြောင့် ခက်ခဲလာတဲ့ဘဝတွေ

ရန်ကုန်မြို့မှာ စက်သုံးဆီ ပြတ်လပ်မှုကြောင့် တန်းစီစောင့်ဆိုင်း ဝယ်ယူရတာ၊ ဈေးနှုန်းတွေ အရင်ထက်ဈေး တက်လာတာကို စက်သုံးဆီ မဖြစ်မနေ လိုအပ်သူတိုင်း တွေ့ကြုံနေရပါတယ်။ စက်သုံးဆီဈေး မြင့်တက်မှုကြောင့်လည်း တက္ကစီခတွေ၊ ဆိုင်ကယ်နဲ့ ဘေးတွဲကယ်ရီခတွေဟာ မြင့်တက်လာပြီး ခရီးသွားပြည်သူရော ယာဉ်မောင်းတွေကို ပါ အခက်အခဲ များစေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ တက္ကစီပုံမှန် သုံးစွဲသူအရေအတွက်ဟာလည်း နည်းပါးလာပြီး ဆိုင်ကယ်၊ ဘေးတွဲတွေလည်း ဈေးနှုန်းကြီးလာတာကြောင့် စီးနည်းသူ နည်းပါးလာပါတယ်။ ဒါ့အပြင် စက်သုံးဆီ မြင့်တက်မှုရဲ့ နောက်ဆက်တွဲကြောင့် ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာပြီး ရောင်းချသူတွေရော ၊ စားသုံးသူတွေ ပါ အခက်အခဲတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

အပ်ငွေထုတ်ယူဖို့ ခက်ခဲလာတဲ့ ဘဏ်ဂယက်

လက်ရှိမှာတော့ ဘဏ်တွေမှာငွေထုတ်ရတာဟာ အခက်အခဲတွေရှိနေပြီး သတ်မှတ်ပေးတဲ့ ပမာဏနဲ့သာ ထုတ်ယူနေ ရပါတယ်။ ဒီအခြေအနေကြောင့် ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်သူတွေဆီကနေ ရာခိုင်နှုန်းအလိုက် အပိုငွေကြေးပေးပြီး ထုတ်ယူနေရတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေပါတယ်။ 

ကိုဗစ်ကာလတုန်းက ငွေကိုရာခိုင်နှုန်းနဲ့ ထပ်ဆောင်းပေးပြီး ထုတ်ယူရာမှာ ၅ ရာခိုင်နှုန်းသာ အများဆုံး ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ငါးရာခိုင်နှုန်းအထက်ကို ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင်စစ်ကောင်စီက ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်သူတွေကို ဘဏ်တွေက တစ်ဆင့်လစာငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ပြန်လွှဲဖို့ ဖိအားပေးနေပေမယ့် လက်တွေ့မှာ လစာငွေကို ထုတ်ယူနိုင်ဖို့ မိသားစုက ဘဏ်ကသတ်မှတ်ပေးတဲ့ရက်ကို ပြန်လည်စောင့်ဆိုင်းရတယ်လို့ သိရပါတယ်။

မဖြစ်မနေ ပေးနေရတဲ့ အခကြေးငွေများ

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြို့ပြနေပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်ပါးစေတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူး တွေ၊ ရာအိမ်မှူးတွေက မတရားသဖြင့် ကောက်ခံတဲ့ အခွန်အခတွေကို ပေးဆောင်နေရပါတယ်။ ကင်းကြေး၊ ဧည့်စာရင်းကြေး၊ စစ်မှုထမ်းရန်တပ်သားသစ် ရှာဖွေစုဆောင်းတဲ့ကိစ္စရပ်တွေအတွက် မတရားတောင်းခံတဲ့ ဆက်ကြေး၊ အကြောင်းအမျိုးမျိုးနဲ့ ထောက်ခံစာ လုပ်ဆောင်ခိုင်းရာမှာ ပေးရတဲ့ အာမခံကြေးစတာတွေကလည်း လက်ရှိမှာ မြို့ပြနေပြည်သူတိုင်း ခံစားနေရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုကောက်ခံတာတွေကို လစဉ်နီးပါး ပေးဆောင်နေရတာဖြစ်လို့ ဝင်ငွေ နိမ့်ပါးနေတဲ့အချိန်မှာ စစ်ကောင်စီအတွက် ဆက်ကြေးပေးရတဲ့ ပမာဏက ဝန်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်နေတာပါ။

အခုဖော်ပြခဲ့တာတွေကတော့ စစ်ကောင်စီလက်အောက်ကျရောက်နေတဲ့  မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ ဧရိယာတစ်ခုလုံးမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ယေဘုယျအခြေအနေတွေပဲဖြစ်ပါတယ်။

 


Related posts

Cover
အကူအညီတောင်း တိုင်ကြားခြင်းဖြင့် ကျော်ဖြတ်ပါ
Oct 13, 2024
Cover
သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပတ်သက်ပြီး ပြည်သူများ စိုးရိမ်မှုများရှိနေ
Oct 03, 2024
Cover
He MeT company Limitedတွင် စစ်တပ်က အမျိုးသားအလုပ်သမားစာရင်းလာရောက်ကောက်ယူ
Oct 02, 2024
Cover
အမေ့လျော့ခံ လုပ်သားထုရဲ့ ချိုးဖောက်ခံနေရတဲ့ စာရွက်ပေါ်က ဥပဒေများ
Sep 28, 2024
Cover
ကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ
Sep 27, 2024
Cover
အလုပ်အကိုင်တခုအတွက် ပေးဆပ်ရမှုများ
Sep 27, 2024
Cover
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာအလုပ်သမား ၁၂၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့
Sep 27, 2024
Cover
ဗျော့ကြီး မုန့်မရောင်းနိုင်တော့ပါ။
Sep 26, 2024