NEWS

ယူနန် ရှီးစန့် အထည်ချုပ်စက်ရုံ တနင်္ဂနွေနေ့ဝက်ဆင်းခိုင်းပြီး အချိန်ပိုကြေး မပေး

CoverLogo
468 Views

တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့၊ ရှီးစန် အထည်ချုပ်စက်ရုံ  (ရုံ ၂) က မြန်မာ အလုပ်သမား တွေကို တနင်္ဂနွေနေ့ဝက် အလုပ် လုပ်ကိုင်ခိုင်းပြီး အချိန်ပိုကြေး မပေးဘူးလို့ ပြောပါတယ်။

 

“တနင်္ဂနွေ  နေ့တိုင်း နေ့တဝက်ဆင်း ပေးရတယ်။ အချိန်ပို အိုတီကြေး တပြားမှ မရပါဘူး။ နောက်ပြီး စူပါတွေ၊ အောစူပါတွေက အချိန်ပို မဆင်းရင် လစာနဲ့ ကိုင်ပေါက်ပြီး အမျိုးမျိုး ခြိမ်းခြောက်တာ ခံရတာ။” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။

 

တနင်္ဂနွေနေ့ အချိန်ပို မဆင်းပါက စက်ရုံ တာဝန်ရှိသူတွေ၊ အော်စူပါနဲ့ စူပါတွေက ဆဲဆို အော်ငေါက်တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။   အလုပ်ဝင်ရောက်စဉ်က  တနင်္လာနေ့ကနေ စနေနေ့အထိ ဖြစ်ပြီး အလုပ်ချိန်က မနက် ၇ နာရီခွဲကနေ ည ၈ နာရီအထိ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

“ သတ်မှတ်အလုပ်ချိန်ကျော်ရင် အချိန်ပိုခပေးမယ်လည်း ပြောခဲ့တယ်။  အလုပ်ပြီးတာက နေတိုင်း ည ၁၀ နာရီအထိပဲ၊ သူတို့ တောင်းတဲ့ စံချိန် မပြည့်ရင် ည ၁၁/ ၁၂ နာရီ အထိ ဆင်း ပေးရတယ်။ အချိန်ပိုခလည်းမရ၊ လုပ်ရတဲ့အလုပ်ချိန်နဲ့ ရတဲ့လစာက မမျှဘူး၊ အလုပ်ချိန်များ လစာနည်းပါတယ်ဆိုမှ အဖြတ်တောက်တွေကလည်း များတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။

 

စက်ရုံဘက်က တလ ယွမ် ၁၈၀၀ ပေးမယ်ဆိုပြီး အလုပ်ခေါ်ယူခဲတာဖြစ်ပြီး တကယ်ရရှိတဲ့ လုပ်ခလစာမှာ  ရက်မှန်ကြေး အပါအဝင် ယွမ် ၁၆၀၀ ဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်ပွဲစားအတွက် ယွမ် ၁၀၀၊ နေထိုင်ခွင့်အတွက် ယွမ် ၁၀၀ နဲ့ ဆေးစစ်ခ ယွမ် ၄၀ ကို လစဉ် အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

“အဲဒါတွေက လတိုင်းဖြတ်တာတွေ။ မြန်မာအလုပ်သမားတွေ  တော်တော်များများက အကြွေးစနစ်နဲ့ လာကြတယ်။ ပွဲစားနဲ့ စက်ရုံကသူဌေးကို အကြွေးဆပ်ရတယ်။ အလုပ် နေ့တဝက်ပျက်လို့ ခွင့်တိုင်မယ် ဆိုရင် ယွမ် ၅၀ ဖျက်တယ်။ တနေ့လုံးဆိုရင် ယွမ် ၁၀၀ ဖြတ်တယ်။ ဒီကြားထဲ ရက်မှန်ကြေး ယွမ် ၂၀၀ လည်း ဖြုတ်ပါတယ်။ ကျန်တာက ကိုယ်တိုင်သုံးတာနဲ့ဆို ၁၀၀၀ လောက်ပဲ ကျန်ပါတယ်” လို့ ပြောပါတယ်။  

 

ကျန်းမာရေးအခြေအနေအရ အလုပ်မဆင်းနိုင်ပါက နေထိုင်တဲ့အဆောင်အထိ အောစူပါနဲ့ စူပါတွေက လိုက်လာပြီး ဆေးတိုက် အနားမပေးဘဲ  အတင်းအကျပ် အလုပ်ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကျွေးတဲ့ အစားအသောက်နဲ့ သောက်ရေ အခြေအနေတွေက  အခက်အခဲ ဖြစ်ရသလို နေထိုင်ရာ အဆောင်တွေမှာ လျှပ်စစ်မီး၊ ရေပူရေအေးတွေလည်း စက်ရုံဘက်က ဖြတ်တောက်တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ 

 

“လက်ရှိ က ပိုဆိုးလာတယ်။ အစားအသောက်ဆိုလည်း ဆီမပါဘူး၊ ရေလုံပြုတ် ကျွေးတာ။အလုပ်က ၁၀ နာရီမှ ပြီးတယ်။ အဆောင်မှာ ည ၁၁ နာရီ မီးပိတ်ခိုင်းတယ်။ မီတာခကုန်လို့ဆိုပြီး ဆောင်းတွင်းမှာ ရေပူဖြက်တယ်၊ နွေမှာ ရေအေးဖြတ်တယ်။ အလုပ်ပိတ်ရက်ဆို မီးဖြတ်၊ ရေဖြတ် လုပ်နေပြီ။ မြန်မာပြည် ပြန်ချင်လို့ လက်မှတ် ထိုးခိုင်းလည်း လုံးဝ ထိုးမပေးဘူး။ အရမ်း စိတ်ပင်ပန်း လူပင်ပန်း စက်ရုံပါ” လို့ ပြောပါတယ်။

 

ရှီးစန် အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ၊ အောစူပါနဲ့ စူပါတွေကရဲ့ ခွဲခြားမှုတွေက မိသားစု စားဝတ်နေရေး အတွက် နိုင်ငံရပ်ခြားမှာ လာရောက်လုပ်ကိုင်ရတဲ့ အလုပ်သမားတွေအတွက် လူမှု အကျပ်အတည်းတွေ ဖြစ်ပေါ်စေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

“စက်ရုံမှာ သန့်ရှင်းရေး အလုပ်သမားမထားဘူး။အထည်ချုပ်တဲ့ အလုပ်သမားတွေကပဲ စက်ချုပ်ရင်း တယောက်တလှည့် နေ့တိုင်းသန့်ရှင်းရေးလုပ်ရတယ် ။ တောင်းတဲ့ အထည် စံချိန်ကို ပြည့်အောင်ပေးရတယ်။  ထမင်းစားချိန် နာရီဝက်ကို ၁၅ မိနစ်နဲ့  အမြန်စားပြီး အထည်ကို ပြေး ချုပ်ရတယ်။  တချို့ဆို ထမင်း ထွက် မစားကြဘူး၊ စံချိန်မရရင် အဆူခံ အပြောခံရမှာဆိုးလို့” လို့ ပြောပါတယ်။ 

 

စက်ရုံမှာ စက်လိုင်း ၁၆ လိုင်းရှိပြီး တလိုင်းမှာ အလုပ်သမား ၂၀ ချုပ်လုပ်နေပြီး အလုပ်သမားတွေအားလုံး မြန်မာနိုင်ငံကနေ လာရောက် လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။  

 

#အချက်အလက်- တရုတ်နိုင်ငံက အလုပ်သမားတွေကို အကာအကွယ်ပေးထားတဲ့ Labor Law of the People's Republic of China ဥပဒေကို ပြဌာန်းထားပြီး၊ အဲဒီဥပဒေမှာ တရက် အလုပ်ချိန် ၈ နာရီ၊ အချိန်ပို တလ ၃၆ နာရီလုပ်ကိုင်ဖို့ ခွင့်ပြုထားပြီး အလုပ်ပိတ်ရက်အတွက် အချိန်ပိုကြေး ခံစားခွင့်တွေ ပါဝင်ပါတယ်။


Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026