ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ ရေလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရေလုပ်သားတစ်ဦးဟာ စက်တင်ဘာ ၁၆ ရက်နေ့က ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၆၀၈၆၆၂ ဂဏန်းနဲ့ ဘတ် ၆ သန်းဆုပေါက်ကာ ကံထူးရှင်ဖြစ်ခဲ့ တယ် လို့ မြန်မာအလုပ်သမားရေးကူညီပေးနေတဲ့ (M.H.A.C) မဟာမိတ်အဖွဲ့ ထံကသိရပါတယ်။
ထီဆုပေါက်သူဟာ အသက် ၄၂ နှစ်အရွယ် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူဇာတိဖြစ်ကာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို လာရောက်အလုပ်လုပ်ကိုင်နေတာ နှစ်(၂၀)ကျော်ကြာရှိပြီဖြစ်ပါတယ်လို့သိရပါတယ်။
"" သူက ထီဖွင့်တဲ့နေ့မှာပဲ ထီသုံးစောင်ဝယ်လိုက်တယ် တစ်စောင်က သူငယ်ချင်းကို ထီပေါက်ရင် တစ်ဝက်ပေးဆိုပြီးတော့ ပေးလိုက်တယ်။ သူဆီမှာ ကျန်တဲ့ ထီနှစ်စောင်ကနေပြီးတော့ တစ်စောင်က ပေါက်တာပါ။ ချက်ချင်းပဲ M H ACအဖွဲ့ က ကိုရဲမင်းကို ဆက်သွယ်အကူအညီတောင်းတော့ ဒီနေ့ အားလုံးအဆင်ပြေခဲ့ပါတယ်"လို့(M.H.A.C) မဟာမိတ်အဖွဲ့ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဆုငွေများကို (M.H.A.C) မဟာမိတ်အဖွဲ့ကစက်တင်ဘာ ၁၇ ရက်နေ့မှာ နေ့ချင်းပြီး ထုတ်ယူပေးခဲ့ပြီး ကံထူးရှင် ထံ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
ကိုရဲမင်းဦးဆောင်တဲ့ (M.H.A.C) မဟာမိတ်အဖွဲ့အနေဖြင့် ထိုင်းအစိုးရထီရဲ့အမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက်တဲ့ ထိုင်းရောက် မြန်မာအလုပ်သမားများကို ယခု အကြိမ်အပါအဝင် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့မှုပေါင်း (၅၃) ဦးထိ ရှိပြီဖြစ်ကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ တော့ ဩဂုတ်လပိုင်းကစပြီး ယခုစက်တင်ဘာလ အထိ ထိုင်းရောက်မြန်မာအလုပ်သမားများဘတ် ၆ သန်းဆု ပေါက်တာ (၃) ကြိမ်ဆက် တိုက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။