NEWS

မောင်တောမြို့နယ်ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရိက္ခာဂိုဒေါင်အား ဖောက်ထွင်းခံရမှု စစ်ကောင်စီဝန်ခံ

CoverLogo
53 Views
ဇွန်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သိုလှောင်ရုံမှာ ဖောက်ထွင်းခံရတဲ့ အပြင် မီးရှို့ခံထားရလို့ ပြင်းထန်စွာ ရှုတ်ချကြောင်း WFP က ထုတ်ပြန်ထားပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မေလနှောင်းပိုင်းမှစပြီး မောင်တော သိုလှောင်ရုံထံသို့ သွားရောက်နိုင်ခြင်း မရှိဘဲ သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့ပြီး အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို WFP က ဆက်လက်စုဆောင်းလျက်ရှိကြောင်း ထုတ်ပြန်ပါတယ်။
 
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ "အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့မှ အကြမ်းဖက် သောင်းကျန်းရန် သင်တန်းပေးထားသော လက်နက်ကိုင် ဘင်္ဂါလီများပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ ညနေ (၅) နာရီအချိန်ခန့်တွင် မောင်တောမြိုနယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် လူနေအိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းဂိုဒေါင်များမှ ဘိလပ်မြေဟုယူဆရသော အထုပ်များကိုယူကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေကြသည့် ဗွီဒီယိုမှတ်တမ်းအား ဖမ်းယူ ရိုက်ကူးနိုင်ခဲ့"ကြောင်း အာရက္ခတပ်တော် AA ကလည်းသတင်းထုတ်ပြန်ထားပါတယ်။
 
ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီးရှို့တာကို ငြင်းဆိုပေမဲ့ ရိက္ခာတွေကို ဒေသခံတွေကို ဖြန့်ဝေပေးခဲ့တာလို့ သူ့ရဲ့ ပြောဆိုချက်မှာဝန်ခံထားပါတယ်။
 
"ရခိုင်ပြည်နယ် မောင်တောမြို့နယ် မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိတဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ဂိုဒေါင်ကို တပ်မတော်နဲ့ ဘင်္ဂါလီတွေက ဖျက်ဆီးခဲ့တယ်၊ လုယက်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ဟာ AA ကသာမီးရှို့ဖျက်ဆီးခဲ့တယ်"လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က တုန့်ပြန်ပြောဆိုပါတယ်။
 
"အဲ့ဒီနောက် မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ဆန်အိတ်တွေဖြစ်တဲ့အတွက်ကြောင့် ဇွန်လ ၂၂ ရက်နေ့မှာ ရပ်ကွက် ၁၊ ၂ ၊ ၃ ၊ ၄ ၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက် အဲဒီရပ်ကွက်တွေမှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စုကို တစ်အိတ်စီနဲ့ ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့ရာ AA အနေနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီများကိုလည်း နေအိမ်မှာမနေနိုင်အောင် နှင်ထုတ်ပြီးဖြစ်သလို ဒေသခံဘင်္ဂါလီများ၊ ဒုက္ခသည်များကိုထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ပစ္စည်းများကို လုယူရန် ကြံစည်ခြင်းဖြစ်ပြီး မအောင်မြင်တဲ့အခါမှာ ယခုလိုဂိုဒေါင်ကို Drop Bomb ချပြီး မီးရှို့ခြင်း ဖြစ်တယ်"လို့ ၎င်းကပြောဆိုပါတယ်။
 
မြန်မာနိုင်ငံအနှံ့အပြားရှိ ပဋိပက္ခဒဏ်ခံစားနေရသူများအား အရေးပေါ်အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်တွင် လူဦးရေ ၁ သန်းနီးပါးခန့်အား ကူညီထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ WFP က ထုတ်ပြန်ပါတယ်။
 
ယခုလို မောင်တောမြို့ရှိ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေပြီး ထိုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း တိုက်တွန်းထားပါတယ်။

Related posts

Cover
စားအုန်းဆီ ပြင်ပပေါက်ဈေး တပိဿာလျင် ၁၃၅၀၀ ကျပ်အထိရှိလာ
Jul 01, 2024
Cover
ဆန်ကိုသတ်မှတ်ဈေးနှုန်းထက်၇၀ ရာခိုင်နှုန်းအထိအမြတ်တင်ရောင်းချခဲ့တဲ့နာမည်ကြီးဈေး၀ယ်စင်တာ ၄ ခုအပါအ၀င် ဆန်ကုန်သည်များကိုစစ်ကောင်စီအရေးယူ
Jul 01, 2024
Cover
ဥပဒေပါ ခွင့်ရက်များ ခံစားခွင့်ရရန် ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား ဒုဝန်ကြီးပြောဆိုပေမဲ့  အလုပ်သမားများ ခွင့်ယူရန်ခက်ခဲနေ
Jun 28, 2024
Cover
ပဲခူး ဝင်းနိမ္မိတာရုံကျောင်းမှ  ဆရာတော်ဘုရားကြီးကိုပစ်သတ်ခဲ့သဖြင့်  စစ်တပ်ကို  မြို့နယ်အတော်များများ  မှ သံဃာတော်များ သပိတ်မှောက်ဆန္ဒပြ
Jun 27, 2024
Cover
ဧရာဟင်္သာ ကုမ္ပဏီ အပါအဝင် စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီ ၈ ခုကို စစ်ကောင်စီ Blacklist သွင်း
Jun 26, 2024
Cover
ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့်ရောင်းချပေးမယ်လို့ ဆန်စပါးအသင်းချုပ်ပြော
Jun 26, 2024
Cover
မြန်မာ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဆင်းရဲမွဲတေနေ ဟု UNDP ထုတ်ပြန်
Jun 25, 2024
Cover
ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကို အောက်တိုဘာ ၁ ရက် မှ ၁၅ ရက်ထိ တနိုင်ငံလုံးအတိုင်းတာဖြင့်ကောက်ယူမည်ဟုဆို
Jun 21, 2024