NEWS

ပြည်သူ့စစ်မှုထမ်းအကြောင်းပြ အဓမ္မငွေညှစ်တောင်းခံမှုတွေ ပြုလုပ်လျှက်ရှိ

CoverLogo
701 Views

တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာမှာ အတင်းအဓမ္မဆင့်ခေါ်တာမျိုး မဖြစ်စေဖို့ သတ်မှတ် ညွှန်ကြားချက်တွေ၊ စံပြုလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အထူးအလေးထားဆောင်ရွက်ဖို့ စစ်ကောင်စီလက်အောက် ခံ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးကပြောဆိုတယ်လို့ နိုဝင်ဘာလ (၈) ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြ ထားပါတယ်။

လက်ရှိမှာတော့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်မှုထမ်းအင်အား စုဆောင်းရာမှာ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မသမာမှုမျိုးစုံနဲ  လုပ်ဆောင်နေကြပြီး ပြည်သူလူထုကို ခြိမ်းခြောက်ငွေညှစ်တာတွေကို အကြီးအကျယ် လုပ်ဆောင်နေကြပါတယ်။

“ပြည်သူတွေ ဆန္ဒမရှိဘဲ အတင်းအကြပ် စစ်မှုထမ်းခိုင်းတာကိုက အဓမ္မခိုင်းစေတာပဲ။ သူများနိုင်ငံတွေမှာ စစ်ပညာသင်တာ၊ စစ်မှုထမ်းတယ်ဆိုတာ တိုင်းတစ်ပါးကကျူးကျော်လာတဲ့ရန်ကို ကာကွယ်နိုင်ဖို့ ပြင်ဆင်တာ၊ ပြည်တွင်းမှာက ကိုယ့်နိုင်ငံသားအချင်းချင်း တိုက်ခိုက်ဖို့ ဖိအားပေးပြီး ခေါ်နေတာ။ နောက်တစ်ခုက သူတို့ရဲ့ အာဏာရူးတာကြောင့် ပြည်သူတွေက အသက်စတေးနေရတာ ဘယ်လိုမှကို မဖြစ်သင့်တာပဲ မြင်တယ်" အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပေဒဟာ အဓမ္မခိုင်းစေမှုဖြစ်သလို အောက်ခြေမှာလည်း အုပ်ချုပ် ရေးပိုင်းက ငွေကြေးရပေါက်သဖွယ် အသုံးချတာကိုလည်း ပြည်သူတွေခံစားနေရပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး  ပြည်သူနဲ့ တိုက်ရိုက်ထိ တွေ့ဆက်ဆံရတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ လူမှုဆက်ဆံရေး ကောင်းမွန်ရေး၊ ငွေကြေးမသမာမှု မရှိစေရေးနဲ့ သတ်မှတ်ချက် စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ဖို့လည်း နိုင်ငံပိုင်သတင်းစာမှာ  ဖော်ပြထားပေမယ့် လက်တွေ့မှာတော့ တစ်စုံတစ်ရာ ကြပ်မတ်မှု မရှိသေးပါဘူး။

“စစ်မှုထမ်းရမယ်ဆိုတာက သူတို့အတွက် တကယ်ကို စားပေါက်ဖြစ်နေတာ၊ အုပ်ချုပ်ရေးမှုးလိုဟာတွေတောင် အောက်ခြေမှာက ငွေရလမ်းကြောင်းကြီး ဖြစ်နေပြီ။ ဟိုရက်ပိုင်းကဆို ပေါ်တာဆွဲတာတွေ တော်တော်ကို ကြား ရတယ်။ သူတို့တောင်းတဲ့ငွေကို ပြန်ရွေးနိုင်တဲ့သူကတော့ အပြင်ပြန်ရောက်၊ တောင်းတဲ့ငွေ မပေးနိုင်တဲ့သူတွေ ကတော့ စစ်သင်တန်း တက်ရတာပေါ့။ နောက်သိန်းဆယ်ချီပေးရင် လူစားထိုးပေးတယ်။ အခုက ဥပဒေဆိုတာ မရှိဘူး။ ငွေဘယ်လောက် တက်နိုင်လဲပဲ ကြည့်ကြတာ”လို့  မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ချက်အရလည်း နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လက်ရှိမှာ သင်တန်းဆင်းပြီးတဲ့ စစ်မှုထမ်း ၁၃,၀၀၀ ကျော် ရှိနေပြီး တိုက်ပွဲအတွင်းမှာ သေဆုံးတဲ့ သင်တန်းဆင်းတွေလည်း ရှိနေတယ်လို့ ဆိုထားပါတယ်။

စစ်မှုထမ်း အမှတ်စဥ် (၁) မှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ အရေအတွက် ငါးထောင် စုဆောင်းနိုင်ခဲ့ပြီး အမှတ်စဥ် (၂), (၃), (၄), (၅) တို့မှာ စစ်မှုထမ်း လေးထောင်ကျော် စုဆောင်းနိုင်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မီခဲ့ဘူးလို့ အစီအရင်ခံစာက ဖော်ပြပါတယ်။ 

စစ်သင်တန်း အမှတ်စဥ် (၁) နဲ့ (၂) သင်တန်းသား စုဆောင်းရာမှာ လွယ်ကူခဲ့ပေမဲ့ ကျန်အမှတ်စဥ်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးပြီး  စုဆောင်းခံရသလို ငွေကြေးနဲ့ ငှားရမ်းပြီး လူစားထိုးတာလည်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ- ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်ချန်နယ်

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026