အလုပ်သမားဝန်ကြီးဌာနသင်တန်းကျောင်း(မန္တလေး)ကိုအ သုံးချပြီး တရားမဝင် လူစုဆောင်းသူ ပွဲစား တွေက ငွေကြေးလိမ်လည်ကောက်ခံနေတယ်လို့ safe migration က ဩဂုတ်လ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ရက်ကတည်းက ပိတ်ထားခဲ့ပေမယ့် ငွေကြေးလိမ်လည်သူတွေကတော့ သင်တန်းအကြောင်းပြပြီး ငွေကြေးကောက်ခံနေတာလို့ အသိပေးထားတာပါ။
ငွေကြေး လိမ်လည်တာတွေကို သင်တန်းကျောင်းအနီးမှာ လုပ်ဆောင်နေတာဖြစ်ပြီး calling အတုတွေ ပြကာ သင်တန်းတက်ဖို့ ကျပ် နှစ်သိန်းကနေ သုံးသိန်းအထိ ကောက်ခံနေတာလို့ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနပေးတဲ့သင်တန်းက တော့ အခမဲ့ပေးတာဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှာသင်တန်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။
အေဂျင်စီအစီအစဥ်နဲ့ တက်မယ်ဆိုရင်တော့ သင်တန်းအချိန်က ၂ နာရီပဲကြာမြင့်မှာဖြစ်သလို နိုင်ငံအလိုက် သတ်မှတ်သင်ကြားပေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် အေဂျင်စီအစီအစဥ်နှင့်သင်တန်းဆင်းလက်မှတ်ရထားတဲ့သူတွေဟာလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိသာ အကျုံးဝင်မှာဖြစ်ပြီး အောက်တိုဘာလကစပြီးတော့ စနစ်သစ်နဲ့ နီးစပ်ရာအလုပ်သမားရုံးမှာ စာချုပ်ချုပ်ပြီးမှ သင်တန်းအသစ်ပြန်လည်တက်ပြီး OWIC ကတ် ပြုလုပ်ခွင့်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo-မြောက်ဒဂုံမြို့နယ်ရှိ သင်တန်းကျောင်းအားတွေ့ရစဥ်။