NEWS

ပြည်ပရောက် မြန်မာလုပ်သားများ အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး လုပ်အားခ မရ လို့ တိုင်ကြားသည့်အမှု အများဆုံးဖြစ်ဟု NUG ထုတ်ပြန်

CoverLogo
271 Views
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၊ အလုပ်သမားရေးရာဦးစီးဌာနထံ ပြည်ပရောက် မြန်မာလုပ်သားတွေ က တိုင်ကြားလာတဲ့ အမှု တွေထဲမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး အလုပ်ထုတ်နစ်နာကြေး မပေးခြင်း၊ လုပ်အားခများမရရှိခြင်း စတဲ့အမှု အများဆုံး ဖြစ်တယ်လို့ NUG တိုင်ကြားရေးယန္တရား-အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
 
၂၀၂၅ ခုနှစ်တွင် တိုင်ကြားရေးယန္တရားမှတဆင့် ပြည်ပရောက်ရွှေ့ပြောင်း မြန်မာလုပ်သားတွေ တိုင်ကြားလာတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အမှုပေါင်း (၉၅) မှုအား လက်ခံရရှိခဲ့ပြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုစုပေါင်း (၂,၇၀၈) ဦးကို ဥပဒေနှင့်အညီ ကူညီပံ့ပိုး ကာကွယ်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
တိုင်ကြားမှုဖြစ်စဉ်အများစုမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး အလုပ်ထုတ်နစ်နာကြေး မပေးခြင်း၊ လုပ်အားခများမရရှိခြင်း သို့မဟုတ် လုပ်အားခ ဖြတ်တောက်ခံရခြင်း အမှုများ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စက်ရုံလုပ်ငန်းပိုင်ရှင်များမှ အလုပ်သမားတွေရဲ့ အထောက်အထားစာရွက် စာတမ်းများ သိမ်းဆည်းထားခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်း၊ ပွဲစားများမှ လိမ်လည်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရပြီး နေရပ် ပြန်ပို့ရန်စီစဉ်ဆောင်ရွက်ခံရခြင်း စတဲ့ အမှုများလည်း ပါဝင်တယ်လို့ သိရပါတယ်။
တိုင်ကြားလာတဲ့ လုပ်သားအများစုမှာ စက်မှုကုန်ထုတ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အများဆုံး တိုင်ကြားပြီး ဒုတိယအများဆုံးက ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်သားတွေနဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းမှ လုပ်သားတွေ တတိယအများဆုံးဖြစ် ကြောင်း ဝန်ဆောင်မှုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနဲ့ ဘားနှင့်ဖျော်ဖြေရေးလုပ်ငန်းများကတော့ အမှုအနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။
 
NUGအလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားလာတဲ့ (၉၅) မှုအနက် (၇၈)မှုကို အောင်မြင်ထိရောက်စွာ ဖြေရှင်းပေးနိုင်ခဲ့ပြီး၊ (၁၅) မှုမှာ အမှုရင်ဆိုင် ဖြေရှင်းဆောင်ရွက်နေဆဲဖြစ်ကာ၊ (၂) မှုမှာတော့ သက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ဖြေရှင်းဆောင်ရွက်ရန် အခက်အခဲရှိနေသဖြင့် နှစ်သိမ့်အကြံပြုဆွေးနွေးပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၊ အလုပ်သမားရေးရာဦးစီးဌာနအနေနဲ့ ပြည်တွင်း/ ပြည်ပရှိ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရမှုများကို ကာကွယ်တားဆီးနိုင်ရေးနှင့် ဥပဒေပါ ခံစားခွင့်များအား သိရှိနားလည်ကြစေရန် အသိပညာပေးမြှင့်တင်ပေးဆောင်ရွက် ခြင်းများအတွက် တိုင်ကြားရေးယန္တယား (Complaint Mechanism) ကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် စတင်ထူထောင်ခဲ့ကြောင်းသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026