NEWS

ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်လုပ်ခြင်းဖြင့် ပြည်တွင်းကအိမ်ထောင်စု(၇.၅)ရာခိုင်နှုန်းအတွက် အဓိကဝင်ငွေရလမ်းဖြစ်နေ

CoverLogo
524 Views

ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့တွေ မကြာသေးခင်က ကောက်ယူခဲ့တဲ့စစ်တမ်းအရ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ ပြည်တွင်းက လုပ်သားတွေ သွားရောက်လုပ်ကိုင်နေကြပြီး အိမ်ထောင်စု (၇.၅)ရာခိုင်နှုန်းအတွက် အဓိကဝင်ငွေရလမ်းကြောင်းဖြစ်နေတယ်လို့ ဒီဇင်ဘာလ(၁၁)ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကောက်ယူထားတဲ့စစ်တမ်းအရတော့ ထိုင်း၊ မလေးရှားနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်သူတွေဟာ ပြည်တွင်းကထက် ဝင်ငွေနှစ်ဆကနေ သုံးဆ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်သူတွေဟာ ဆယ်ဆကျော်အထိ ဝင်ငွေရရှိတယ်လို့ ဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့ ပြည်ပကိုရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ အများစုဟာ အန္တရာယ်ကြားကနေ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ သွားနေကြတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

“လတ်တလော ရွှေ့ပြောင်းအလုပ်လုပ်ကိုင်တာတွေ ဖြစ်ပေါ်လာတဲ့ အဓိကအကြောင်းရင်းကတော့ မြန်မာနိုင်ငံ စီးပွားရေးရဲ့ မရေမရာအနေအထား။ ပဋိပက္ခနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေတို့ရဲ့ သက်ရောက်မှုကြောင့်ပဲ ဖြစ်ပါတယ်။ လတ်တလော ပြည်ပကိုရွှေ့ပြောင်းလုပ်ကိုင်မှု အများစုက အန္တရာယ်ကြားကနေ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းကနေ သွားနေကြတာကို တွေ့ရပါတယ်။ ဒီလိုလုပ်တာက အလုပ်သမားတွေအတွက် ငွေကြေးကုန်ကျတာပိုများသလို အကျိုးအမြတ်လည်း နည်းစေပါတယ်။ တရားဝင်လမ်းကြောင်းကနေ သွားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ လုပ်သားလက်ခံတဲ့ တိုင်းပြည်တွေရော မြန်မာအလုပ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေကပါ အကျိုးအမြတ်ကို အမြင့်ဆုံးရရှိခံစားနိုင်မှာ ဖြစ်ပါတယ်”လို့ ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ဦးဆောင်သူနှင့် အကြီးတန်းစီးပွားရေး ပညာရှင် ကပ်မ်အယ်လန်အဒ်ဝပ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းမှာ နေထိုင်သူအများစုဟာ ပြည်ပနိုင်ငံတွေကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက်လုပ်ကိုင်နှုန်း မြင့်တက်လာပြီး စစ်ကောင်စီကလည်း မူဝါဒတွေကို နည်းမျိုးစုံနဲ့ ကြပ်မတ်တာတွေ လုပ်ဆောင်နေပါတယ်။

“၂၀၂၄ ခုနှစ်ထဲမှာတော့ ကျွန်တော်တို့ကူညီပေးထားတာ လူ (၅၀၀) ကျော် ရှိပါတယ်။ နိုင်ငံတွေကလည်း အစုံပါပဲ။ ထိုင်းနိုင်ငံကတော့ အများဆုံးပါပဲ။ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသတွေကလည်း ဆက်သွယ်အကူအညီ တောင်းခံကြတာ ရှိပါတယ်။ ကျွန်တော်တို့ CTUM MRC Facebook ကနေပဲဖြစ်ဖြစ် ကျွန်တော်တို့ hotline ဖုန်းတွေကဖြစ်ဖြစ် ဆက်သွယ် အကူအညီတောင်းခံလို့ ရပါတယ်။ကျွန်တော်တို့ တက်နိုင်သလောက်ကူညီသွားမှာပါ။” လို့ ဦးဟိန်းလတ်က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ ကျေးရွာတွေ၊နေအိမ်တွေ မီးရှို့ခံရတာတွေအပြင် အကြောင်းအမျိုးမျိုးနဲ့ အပြစ်ရှာ ဖမ်းဆီးတာ၊ မဖြစ်မနေ စစ်မှုထမ်းခိုင်းတာစတဲ့ အခြေအနေတွေကြောင့်လည်း လူငယ်အများစုဟာ တရားဝင် ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ပြည်တွင်းက ထွက်ခွာနှုန်း မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ 

“အခုက ချိုးဖောက်မှုတွေ အရမ်းများလာတယ်။ ဒါပေမယ့် အရေးယူတာက တော်တော်နည်းလာတယ်။ အရင် ကဆို အေဂျင်စီအဖွဲ့ချုပ်နဲ့ ရွှေ့ပြောင်းလုပ်သားကူညီပေးရေးအဖွဲ့တွေ ပူးပေါင်းကူညီပေးတာတွေလည်း အား ကောင်းတယ်။ အသိပညာပေးတာတွေ၊ အကူအညီပေးတာကောပေါ့။ အခုကျ ကျွန်မတို့လည်း ကူညီပေးရတာတွေ ကန့်သတ်ချက်တွေ ရှိလာတယ်” လို့ ပြည်တွင်းမှာ အလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ ရွှေ့ပြောင်းလုပ်သားတွေ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုပေးချေနေရတာတွေ၊ လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်ခံနေရတာတွေ၊ MOU စာချုပ်ပါအတိုင် ခံစားခွင့်မရတာ တွေ ရှိနေတာကို ထိရောက်စွာဖြေရှင်းပေးမှု မရှိဘဲ အလုပ်သမားတွေဆီက နိုင်ငံခြားငွေရရှိရေးကိုစာ အားစိုက်လုပ်ဆောင်နေပါတယ်။

#MyanmarLabourNews

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026