ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့တွေ မကြာသေးခင်က ကောက်ယူခဲ့တဲ့စစ်တမ်းအရ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ ပြည်တွင်းက လုပ်သားတွေ သွားရောက်လုပ်ကိုင်နေကြပြီး အိမ်ထောင်စု (၇.၅)ရာခိုင်နှုန်းအတွက် အဓိကဝင်ငွေရလမ်းကြောင်းဖြစ်နေတယ်လို့ ဒီဇင်ဘာလ(၁၁)ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ကောက်ယူထားတဲ့စစ်တမ်းအရတော့ ထိုင်း၊ မလေးရှားနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်သူတွေဟာ ပြည်တွင်းကထက် ဝင်ငွေနှစ်ဆကနေ သုံးဆ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်သူတွေဟာ ဆယ်ဆကျော်အထိ ဝင်ငွေရရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ပြည်ပကိုရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ အများစုဟာ အန္တရာယ်ကြားကနေ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ သွားနေကြတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
“လတ်တလော ရွှေ့ပြောင်းအလုပ်လုပ်ကိုင်တာတွေ ဖြစ်ပေါ်လာတဲ့ အဓိကအကြောင်းရင်းကတော့ မြန်မာနိုင်ငံ စီးပွားရေးရဲ့ မရေမရာအနေအထား။ ပဋိပက္ခနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေတို့ရဲ့ သက်ရောက်မှုကြောင့်ပဲ ဖြစ်ပါတယ်။ လတ်တလော ပြည်ပကိုရွှေ့ပြောင်းလုပ်ကိုင်မှု အများစုက အန္တရာယ်ကြားကနေ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းကနေ သွားနေကြတာကို တွေ့ရပါတယ်။ ဒီလိုလုပ်တာက အလုပ်သမားတွေအတွက် ငွေကြေးကုန်ကျတာပိုများသလို အကျိုးအမြတ်လည်း နည်းစေပါတယ်။ တရားဝင်လမ်းကြောင်းကနေ သွားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ လုပ်သားလက်ခံတဲ့ တိုင်းပြည်တွေရော မြန်မာအလုပ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေကပါ အကျိုးအမြတ်ကို အမြင့်ဆုံးရရှိခံစားနိုင်မှာ ဖြစ်ပါတယ်”လို့ ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ဦးဆောင်သူနှင့် အကြီးတန်းစီးပွားရေး ပညာရှင် ကပ်မ်အယ်လန်အဒ်ဝပ်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းမှာ နေထိုင်သူအများစုဟာ ပြည်ပနိုင်ငံတွေကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက်လုပ်ကိုင်နှုန်း မြင့်တက်လာပြီး စစ်ကောင်စီကလည်း မူဝါဒတွေကို နည်းမျိုးစုံနဲ့ ကြပ်မတ်တာတွေ လုပ်ဆောင်နေပါတယ်။
“၂၀၂၄ ခုနှစ်ထဲမှာတော့ ကျွန်တော်တို့ကူညီပေးထားတာ လူ (၅၀၀) ကျော် ရှိပါတယ်။ နိုင်ငံတွေကလည်း အစုံပါပဲ။ ထိုင်းနိုင်ငံကတော့ အများဆုံးပါပဲ။ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသတွေကလည်း ဆက်သွယ်အကူအညီ တောင်းခံကြတာ ရှိပါတယ်။ ကျွန်တော်တို့ CTUM MRC Facebook ကနေပဲဖြစ်ဖြစ် ကျွန်တော်တို့ hotline ဖုန်းတွေကဖြစ်ဖြစ် ဆက်သွယ် အကူအညီတောင်းခံလို့ ရပါတယ်။ကျွန်တော်တို့ တက်နိုင်သလောက်ကူညီသွားမှာပါ။” လို့ ဦးဟိန်းလတ်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ကျေးရွာတွေ၊နေအိမ်တွေ မီးရှို့ခံရတာတွေအပြင် အကြောင်းအမျိုးမျိုးနဲ့ အပြစ်ရှာ ဖမ်းဆီးတာ၊ မဖြစ်မနေ စစ်မှုထမ်းခိုင်းတာစတဲ့ အခြေအနေတွေကြောင့်လည်း လူငယ်အများစုဟာ တရားဝင် ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ပြည်တွင်းက ထွက်ခွာနှုန်း မြင့်တက်လာတာပဲ ဖြစ်ပါတယ်။
“အခုက ချိုးဖောက်မှုတွေ အရမ်းများလာတယ်။ ဒါပေမယ့် အရေးယူတာက တော်တော်နည်းလာတယ်။ အရင် ကဆို အေဂျင်စီအဖွဲ့ချုပ်နဲ့ ရွှေ့ပြောင်းလုပ်သားကူညီပေးရေးအဖွဲ့တွေ ပူးပေါင်းကူညီပေးတာတွေလည်း အား ကောင်းတယ်။ အသိပညာပေးတာတွေ၊ အကူအညီပေးတာကောပေါ့။ အခုကျ ကျွန်မတို့လည်း ကူညီပေးရတာတွေ ကန့်သတ်ချက်တွေ ရှိလာတယ်” လို့ ပြည်တွင်းမှာ အလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ ရွှေ့ပြောင်းလုပ်သားတွေ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုပေးချေနေရတာတွေ၊ လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်ခံနေရတာတွေ၊ MOU စာချုပ်ပါအတိုင် ခံစားခွင့်မရတာ တွေ ရှိနေတာကို ထိရောက်စွာဖြေရှင်းပေးမှု မရှိဘဲ အလုပ်သမားတွေဆီက နိုင်ငံခြားငွေရရှိရေးကိုစာ အားစိုက်လုပ်ဆောင်နေပါတယ်။
#MyanmarLabourNews