NEWS

နိုင်ငံကူးလက်မှတ် PJ အမျိုးအစား မှ PE အမျိုးအစား သို့ ပြောင်းလဲ ပြုလုပ်ခွင့် ပိတ်ပင်ခံရ

CoverLogo
592 Views
 
ပြည်ပမှာ အလုပ်လုပ်ဖို့ လျှောက်ထားရတဲ့ နိုင်ငံကူးလက်မှတ် Passport for Job(PJ)အမျိုးအစား ကနေ ပြည်ပ မှာ ပညာသင်ကြားဖို့ အတွက် လျှောက်ထားရတဲ့ Passport for Education (PE)အမျိုးအစား သို့ ပြောင်းလဲ ပြုလုပ်ခွင့်ကို ပိတ်ပင်လိုက်တယ်လို့​နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ဝန်ဆောင်မှု ပေးနေသူတွေ ထံ မှ သိရပါတယ်။
 
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး က ဩဂုတ်လ ၈ရက်နေ့ မှာ နိုင်ငံကူးလက်မှတ် PJအမျိုးအစားမှ PE အမျိုးအစား သို့ ပြောင်းလဲ လုပ်ဆောင်မယ့် သူတွေ ကို ပြုလုပ်ခွင့်မပေးဘဲ ပြန်လွှတ် တယ်လို့ သိရပါတယ်။
 
""မနေ့ကရန်ကုန် ရုံးမှာ ရက်ချိန်းရလို့ စာအုပ်လာလုပ်တဲ့သူတွေ ထဲ က PJကနေ PE ပြောင်းမယ့် သူတွေ အကုန် မလုပ်ပေးဘဲ ပြန်လွှတ်တယ် မန္တလေးရုံးလည်း အဲ့လိုပဲ ပြန်လွှတ်တယ်သိရတယ် တရားဝင်စာထုတ်ကြေညာတာတော့မရှိဘူး စုံစမ်းကြည့်သလောက်တော့ PJ စာအုပ်သက်တမ်းမကုန်သေးဘဲ PE စာအုပ်ပြောင်း လုပ်မယ့် သူတွေ ကို လုံးဝမလုပ်ပေးတေ့ာဘူးလို့ ကြားတယ် သူတို့ပတ်စပို့ရုံးက အရာရှိတွေ အစည်းဝေးလုပ်ပြီး ကြာသာပတေးည ကတည်းက ညွှန်ကြားစာထွက်တယ်ပြောတယ် ဒါကြောင့် PJကနေ PE ချိန်းဖို့ QR တင်မယ်ဆိုရင် အခြေနေ တစ်ချက်စောင့်ကြည့်ကြပါအုံး လို့ မဟုတ်ရင် ဘဏ်သွင်းငွေ တွေ ဆုံးကုန်လိမ့်မယ် အရင်တင်ထားတဲ့ သူတွေ လည်း ဘဏ်သွင်းငွေ တွေ ဆုံးကုန်ပြီ""လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးသူတစ်ဦးကပြောပါတယ်။
 
အခုလို နိုင်ငံကူးလက်မှတ် PJကနေ PE ပြောင်းလဲ ပြုလုပ်ခွင့် ပိတ်ပင် လိုက်တာကြောင့် ပြည်ပကို ပညာသင်ဖြင့်​သွားရောက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေ အတွက် ဆုံးရှုံးနစ်နာမှု တွေများစွာဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။
 
""တစ်ချို့ ဆို ကျောင်းစရိတ်တွေသွင်းပြီးပြီကျောင်းခေါ်စာတွေလည်းကျပြီးပြီ စာအုပ်အမျိုးအစား ပြောင်းဖို့ ရက်ချိန်းဝင်ဖို့ စောင့်နေကျတာတွေ အခုတရားဝင်စာသာ မထွက်သေးပေမယ့် PJကနေPE မချိန်းပေးတော့တာ သေချာသလောက် ရှိနေပြီ ဆိုတော့ ကျောင်းနဲ့ သွားမယ့် သူတွေ ဆုံးရှုံးနစ်နာတာတွေ ဖြစ်မှာ""လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှု ပေးသူတစ်ဦးကပြောပါတယ်။
 
အခုလို လုပ်ဆောင်တာဟာ စစ်အစိုးရအနေနဲ့ လူငယ်တွေကို စစ်မှုထမ်းခေါ်ယူရန် ပြည်ပမထွက်စေလိုတဲ့အတွက် ပိတ်ပင်မှုတစ်ခုပဲ ဖြစ်တယ်လို့ ပြည်သူတွေက သုံးသပ်ပြောကြားပါတယ်။
 
""သူတို့ ဘက်က အလုပ်နဲ့ ပြည်ပ ထွက်မယ်ဆိုတော့လည်းအသက်ကန့်သက်ချက်ဆိုပြီး ပိတ်ပင်တယ် ကျောင်းနဲ့ သွားမယ်ဆိုတော့ လည်း အရင် PJစာအုပ် လုပ်ထားဖူးရင် သွားမရအောင် လုပ်လိုက်ပြီ စာအုပ်သက်တမ်းကုန်မှ ဆိုတော့ ၅နှစ်ပြည့်ခါနီးမှ စာအုပ်လဲလို့ရမယ် တကယ်တမ်း က ပြည်ပ ကို သွားလို့ မရအောင် အဖက်ဖက်က လိုက်ပိတ်နေတဲ့သဘောဘဲ ဒီလို ပိတ်ပင်တာက တရားမဝင်သွားဖို့ ကိုအားပေးနေသလို ဖြစ်နေပြီ""လို့ ပြည်ပ သွားရောက်ဖို့ လုပ်ဆောင်နေသူ လူငယ်တစ်ဦးကပြောပါတယ်။
 
မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး အနေနဲ့ သက်တမ်းမကုန်သေးတဲ့ Passport for Job(PJ) ကနေ အလည်အပတ် သွားရောက် နိုင်တဲ့ Passport for Visit (PV) ပြောင်းလဲ တာကို လည်း ပိတ်ထားခဲ့ပြီး PJ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးလျှောက်ထားခွင့် လည်းမပြုကြောင်း ဒါ့အပြင် မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွင် အစိုးရဝန်ထမ်း ဖြစ်ပါက ဌာနဆိုင်ရာရဲ့ ခွင့်ပြုချက်စာ ပါမှသာ ပြုလုပ်ပေးကြောင်း သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026