ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ လုပ်အားခ ခေါင်းပုံဖြတ်မှုများကြုံနေရ တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မတူညီတဲ့
လုပ်ငန်းခွင်များမှ အလုပ်သမား (၂၁) ဦးနှင့်အတူ (၂၀-၈-၂၀၂၃ တနင်္ဂနွေနေ့)မှာ စကားဝိုင်းပြုလုပ်ခဲ့ကြပါတယ်။
မဲဆောက်ဒေသတွင်း မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုကျော်လွှားကြမလဲ၊ ဘယ်လိုပြင်ဆင်ကြမလဲ၊ စုပေါင်းပြီး အဖြေရှာနိုင်ဖို့အတွက် အလုပ်သမားအချင်းချင်းတွေ့ဆုံဆွေးနွေးကြတဲ့ စကားဝိုင်းကို ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းကဲ့သို့စကားဝိုင်းဆွေးနွေးချက်တွေအရ အထည်ချုပ်လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေ ကြုံတွေ့နေရပြီးဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လုပ်အားခခေါင်းပုံဖြတ်တောက်ခံနေရတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ဆွေးနွေးမှုတွေအရ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ နေ့စားကြေး ဘတ် ၂၀၀ ပေးမယ်လို့ ပြောဆိုပေမယ့် လုပ်အားခပေးချေရာမှာ ဘတ် ၁၈၀ သာ ပေးချေတာ၊ ထိုင်းဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း မဲဆောက်ဒေသတွင်းမှာ တစ်ရက်လုပ်အာခ(၃၂၂)ဘတ် အပြည့်အဝ မရတာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံတွင်းကို ပြည်တွင်းက တရားမဝင် ရွှေ့ပြောင်းသွားလာမှု မြင့်တက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာတာ ဖြစ်ပါတယ်။
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လုပ်အားခခေါင်းပုံဖြတ်တာတွေဟာ အရင်ထက်များလာတယ်လို့ ထိုင်းနိုင်ငံရောက် အလုပ်သမား အရေး လုပ်ဆောင်သူတွေက ဆိုပါတယ်။
#MyanmarLabourNews