NEWS

တိုင်ဖွန်း YAGI အကြွင်းအကျန် လေပွေလှိုင်းကြောင့် မြန်မာနိုင်ငံတဝှမ်း ရှိမြို့နယ်အတော်များများမှာ ရေကြီးနစ်မြုပ်မှုဒဏ် ဆိုးရွားစွာခံနေရ

CoverLogo
93 Views

တရုတ်-မြန်မာနယ်စပ်ဒေသမှာ  ဖြစ်ပေါ်ခဲ့တဲ့  တိုင်ဖွန်း မုန်တိုင်း YAGI အကြွင်းအကျန် လေပွေလှိုင်း ကြောင့် မြန်မာနိုင်ငံတဝန်းရှိမြို့နယ် အတော်များများ မှာမိုးရွာသွန်းပြီး  ရေကြီး နစ်မြုပ်မှုဒဏ်ကိုဆိုးရွားစွာခံနေရပါတယ်။


၎င်းလေပွေလှိုင်းကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေ မှာ မိုးသည်းထန်စွာရွာပြီး ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့မြစ် ချောင်း နဲ့ ဆည် မြောင်းတွေမှာ ရေကြီးရေလျှံ မှု တွေ ဖြစ်ကာ မြို့နယ်နဲ့ ကျေးရွာ တွေမှာ ရေကြီးနစ်မြုပ်မှု တွေ ဖြစ်ပေါ်နေပါတယ်။


အခုလို တနိုင်ငံလုံး နီးပါး ရေကြီးရေလျံမှု တွေ ဖြစ်ပေါ်နေပြီး ရေတိုက်စားခြင်း ကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင်  မြို့နယ် အချို့ကားလမ်းများ မီးရထားလမ်းပျက်စီးနေတဲ့ အတွက် ခရီးသွားမယ့်သူတွေအနေနဲ့ နေရာဒေသအလိုက် လမ်းခရီးအခြေနေကို စုံစမ်းပြီးမှသာ သွားသင့်တယ်လို့ လူမှုကူညီရေးအသင်းတွေကအသိပေးထားပါတယ်။


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်းရင်း၊ ဘီးလင်း၊ ငဝန်၊ တိုးမြစ် ၊ ပဲခူးမြစ်ရေတွေ စိုးရိမ်ရေမှတ်ထက်မြင့်တတ်လာနိုင်တဲ့ အတွက် တောင်ငူ၊ မဒေါက်၊ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ မြဝတီ၊ ဘီးလင်း အစရှိတဲ့ မြို့တွေမှာ ရေကြီးမှုဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။


အခုလို တနိုင်ငံလုံးအတိုင်းအတာအလိုက် မိုးရွာသွန်းမှုများပြီး မြစ်ရေလျှံတက်လာကာ ရေကြီးနစ်မြုပ်မှုကြောင့် လူသေဆုံးမှုတွေ ရှိလာပြီး အင်တာနက်ဆက်သွယ်ရေးကွန်ယက်တွေပါ နှေးကွေးလာလို့ သတင်းအချက်အလက် ကြည့်ရှု့ဖို့ အခက်အခဲတွေကြုံလာရတယ်လို့ ဒေသခံတွေက အသီးသီးပြောကြားထားပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြား မိုးရွာသွန်းမှုများ ပြီး  နေပြည်တော်အပါအဝင်  မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ မြေပြင် ကယ်ဆယ်ရေး သတင်းတွေအရ သိရပါတယ်။


နေပြည်တော် ဇေယျာသီရိမြိုနယ်မှာ စက်တင်ဘာ ၁၀ ရက်ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်လာပြီး စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာများရှိ အနိမ့်ပိုင်းနေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။


စက်တင်ဘာလ ၁၁ရက် မနက် ပိုင်းမှာ နေပြည်တော် တပ်ကုန်းမြို့နယ် ထဲက ကျေးရွာနဲ့ ရပ်ကွက်တွေ မှာ ရေတွေ ဝင်ရောက်လာတဲ့ အတွက် နေအိမ်အတော်များများ နစ်မြုပ်နေပြီး ပြည်သူတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။


"တပ်ကုန်းအခြေနေက ရေတအားတိုးနေပြီး ရေစီးလည်းသန်တော့ သွားကူညီတဲ့ ကယ်ဆယ်ရေး အသင်းတချို့တောင်ပိတ်မိနေတယ် ဒီရေအားလုံးက စစ်တောင်းမြစ်ထဲ စီးဝင်နေတာမို့ တောင်ငူ အခြေနေဆိုးနိုင်တယ် ဒါကြောင့် တောင်ငူ အတွက်ပြင်ဆင်နေရတယ်""လို့လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောပါတယ်။


နေပြည်တော် တပ်ကုန်းမြို့နယ် ရှိ မြိုနယ်အတွင်းရှိ မန်ကျည်းပင်ကျေးရွာ၊ လက်ပံပုကျေးရွာ၊ ပိန်းတောကျေးရွာ၊ သရက်ကုန်းကျေးရွာ၊  ရှောက်ကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ညောင်လွန့်၊ တပ်ကုန်းမြိုတွင်း၊ အနော်ရထာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ရွေမာန်းတော်ရပ်ကွက်၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာများအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိပ်မြို့မှာရေကြီးရေလျံမှု ဖြစ်သလို ပန်ဆန်း၊မိုင်းပေါက်၊မိုင်းကိုင်၊ကျိုင်းတုံနဲ့ကလော မြို့နယ် တို့မှာ ရေကြီးရေလျံမှု တွေကြုံနေရပါတယ်။


မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် စက်တင်ဘာ (၇)ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာမှုကြောင့်  ၁၁ ရက်နေ့မနက်ပိုင်းမှာ ကဒတ်ချောင်းရေမြင့်တက်လာကာ ကျိုက်ထိုမြို၊ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်အရှေ့ပိုင်း၊ အေးရိပ်ငြိမ်အနောက်ပိုင်း၊ ဇေယျာရွှေပြည်ပိုင်း၊ အုတ်ဖိုပိုင်းနှင့် ဇေယျာမွန်ရပ်ကွက်၊ တိုးချဲ့ကွက်သစ် (၁၊ ၂၊ ၃၊ ၄)လမ်းရှိ မြေနိမ့်ပိုင်းနေအိမ်များအတွင်းသို ရေများဝင်ရောက်ခဲ့ပြီး ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်သွားကားလမ်း မှာ လမ်းအရှည် ပေ ၃၀၀ ခန့် ကားလမ်းရေကျော်လို့ လမ်းပိတ်ဆို့တာတွေဖြစ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် သောင်းရင်းမြစ်ရေဟာလည်း  မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ် ထက် ၁၀ပေ အထက် ရောက်ရှိနေပြီး ၂၄ နာရီ အတွင်း ၃ပေထက်မြင့်မယ်လို့ မိုးဇလက အသိပေးထားပါတယ်။


ဒုတိယအကြိမ် ရေကြီးနစ်မြုပ်မှုဒဏ်ခံရတဲ့ မြဝတီ မြို့နယ်မှာလည်း မြို့နယ်အတွင်း ရေများ ဝင်ရောက်နေတဲ့ အတွက် ကယ်ဆယ်ရေးအသင်းတွေကပြည်သူတွေကို ဘေးလွတ်ရာကို ကယ်ထုတ်နေရတယ်လို့ဆိုပါတယ်။


မန္တလေးတိုင်း၊ ပျော်ဘွယ်မြိုနယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ၁၁ ရက်နေ့ နံနက် (၈)နာရီခွဲခန့်တွင် ကျောက်ဆည်ကန်ဘောင်ကျိုးပေါက်ကာ  ကျောက်ဆည်ကန်အနီးနှင့် အောက်ဘက်ရှိကျေးရွာ အချိုတွင် ရေနစ်မြုပ်မှု ကြောင့် ရပ်ကွက်၊ ကျေးရွာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန်-မန္တလေး မီးရထားသံလမ်းပေါ်ရှိ တံတားတစ်စင်းတွင်လည်း တံတားကိုထိန်းကွပ်ထားသည့် သံဘောင်မှာ ရေတိုက်စားခံရသဖြင့် ပြုတ်ထွက်သွားသည့်အတွက် မီးရထားလိုင်းများ ပြေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီရပ်နားထားတယ်လို့သိရပါတယ်။

 
ရမည်းသင်းမြို့နယ်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြိုတွင်းဗိုလ်ချုပ်‌ကြေးရုပ်‌ရှေ့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ် ရေကျော်ခြင်း၊ မြိုပေါ်ရပ်ကွက်ကြီး ရွေစည်းခုံရပ်ကွက်၊ ဗမကကျောင်းတိုက်စုရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဝါတိုးရပ်ကွက်၊ ကြည်တော်ကုန်းရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အထက-၁ ကျောင်း အရှေ့ဘက် အုတ်တံတိုင်း ၃ ခန်း ပြိုကျသွားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။သာစည်မြိုနယ်ရှိ ကြပ်စခန်းကျေးရွာမှာ ရေကြီးမှုကြောင့် လူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


ပဲခူးတိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဆည်ရေလွှတ်လိုက်တာကြောင့်  ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန်-ပြည်လမ်းပေါ်ရှိ သာယာဝတီခရိုင် သုံးဆယ်မြို့တွင် ရေကြီးနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။


ရန်ကုန်တိုင်း အတွင်းမှာလဲ မိုးသည်းထန်စွာ ရွာသွန်းတဲ့ အတွက် မြို့နယ် အချို့ရှိ ရပ်ကွက်တွေ မှာ ရေနစ်မြုပ်တာတွေ ဖြစ်ပေါ်နေပြီး ငမိုးရိပ် ရေလှောင်တမံ မှာလဲ ရေပိုလွှဲကနေ ၁ ဒသမ၄၅ပေ ရေကျော်နေကာ မိုးရွာသွန်းမှုများပြီး ​ရေ​ကျော်အမြင့်လည်းများလာတဲ့အတွက် ​ချောင်း​ရေတိုးလာနိုင်တယ်လို့သက်ဆိုင်ရာဌာန က အသိပေးထားပါတယ်။


ရှမ်းပြည်နယ်ရှိမြို့ကြီးတချို့တွင် ရေကြီးရေလျှံမူများနှင့် မြေပြိုမူများ ဖြစ်ပေါ်နေသဖြင့် မြန်မာနက်ပင်မ ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနက်မှ ယနေ့ စက်တင်ဘာ ၁၁ရက် မှာထုတ်ပြန်ထားပြီး 
ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပဲခူးမြို့၊ မော်လမြိုင်မြို့၊ တောင်ငူမြို့၊ နေပြည်တော်မြို့၊ ပျဉ်းမနားမြို့၊ မိတ္ထီလာမြို့ ၊ တောင်ကြီးမြို့ နှင့် မကွေးမြို့တို့အားလုံးမှာ အင်တာနက်လိုင်းနှေးကွေးမှုတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။


မြန်မာနိုင်ငံတဝှမ်း မိုးဆက်လက်ရွာသွန်းမယ့် အခြေအနေနဲ့ပတ်သက်ပြီး လာမယ့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယ)အတွက် မိုးလေဝသခန့်မှန်းချက်အနေနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလ ရဲ့  ခန့်မှန်းချက် မှာဖော်ပြထားပါတယ်။


ဒါ့အပြင်  အနောက်တောင်မုတ်သုံလေသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ ဆိုပါတယ်။


အဆိုပါ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်မိုးရွာသွန်းနိုင်ပြီး၊ 


စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် ၄ ရက် မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။


ဓါတ်ပုံများ- MOI/လူမှုကွန်ယက်


Related posts

Cover
အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာပြည်တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးဇလထုတ်ပြန်
Sep 17, 2024
Cover
ကမ္ဘောဇဘဏ်က ရေဘေးအတွက်  ငွေကျပ် ၁၀ ဘီလီယံလှူဒါန်းမယ်လို့ အသိ​ပေးပြီးနောက် အကောင့်ပိတ်တာတွေပြုလုပ်လာ
Sep 17, 2024
Cover
မြန်မာမှာ လူဦးရေ ၆ သိန်းကျော်ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂရုံး OCHA myanmar ထုတ်ပြန်
Sep 17, 2024
Cover
ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ မှ ၂၁ပေ အထိ မြင့်တက်နိုင်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်သတိပေးထား
Sep 17, 2024
Cover
ရေဘေးသင့်ပြည်သူ တွေအတွက် မြန်မာသံရုံးက ထိုင်းရောက်မြန်မာ အလုပ်သမားတွေဆီ အလှူခံနေ
Sep 16, 2024
Cover
လွိုင်ကော်ဒေသ ရေကြီးနစ်မြုပ်မှု သွားရောက်ကူညီမယ့်သူတွေ ထောက်ခံစာပါမှ ဝင်ခွင့်ပြုမယ်လို့ဆို
Sep 16, 2024