NEWS

တရုတ်အထည်ချုပ်စက်ရုံများအတွက် လုပ်သားခေါ်ယူမှု လုပ်ငန်းခွင်ထဲအထိ ရောက်လာ ၊ ပြည်ပ ထွက်ခွာမှု များလာနိုင်

CoverLogo
726 Views

တရုတ်နိုင်ငံ၊  ရွှေလီမြို့က အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်ဖို့ဆိုပြီး လာရောက်  ခေါ်ယူနေတယ်လို့ လှိုင်သာယာ  စက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။ 

အထည်ချုပ် လုပ်သားတွေကို လုပ်ငန်းခွင်အတွင်းက တရုတ်ဝန်ထမ်းတွေက တဆင့် ခေါ်ယူမှုတွေ ရှိနေသလို လုပ်သားအများအပြား ရှိတဲ့ နေရာတွေမှာပါ အလုပ်ခေါ် လက်ကမ်း ကြော်ငြာ ဝေနေတာတွေကို တွေ့ရတယ်လို့ ပြောပါတယ်။

“ဒီမနက်က လမ်းထိပ်မှာ အထည်ချုပ်လုပ်သားခေါ်တဲ့ ကြော်ငြာတွေ ဝေတာတွေ့ရတယ်။ ခေါ်စာကတော့ ရွှေလီမြို့က အထည်ချုပ် စက်ရုံလို့ ရေးထားတယ်။ တနေ့ကလည်း စက်ရုံထဲက တရုတ်တွေလည်း အဲလို ကြော်ငြာတွေ ပေးတယ်။” လို့ လှိုင်သာယာအခြေစိုက် အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။  

တရုတ်နိုင်ငံဘက် အထည်ချုပ်စက်ရုံတွေမှာ သွားရောက်လုပ်ကိုင်တဲ့ အလုပ်သမား အများအပြားရှိနေပြီး နိုင်ငံရေး၊ လုံခြုံရေး၊ စားဝတ်နေရေး ခက်ခဲတာနဲ့ တရုတ်နိုင်ငံဘက်က လုပ်ခ လစာနဲ့ ခံစားခွင့် ကောင်းမွန် တာကြောင့် သွားရောက်လုပ်ကိုင်သူများပြားနေတယ်လို့လည်း အလုပ်သမားသမားကူညီးရေး လုပ်ဆောင်နေသူ မမာမာအေး(အမည်လွှဲ) ကပြောပါတယ်။

“ ဟိုမှာက  အဆောင်ခ၊ စားရိတ်တွေလည်း မကုန်ဘူး ပြောတယ်။ လစာလည်း ဒီထက် ကောင်းတယ်ဆိုတော့၊ နောက်ဆိုပို သွားကြမယ် ထင်တယ်။” လို့ ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အလုပ်သမားအများစု နိုင်ငံအတွင်းက ထွက်ခွာလိုကြပြီး ခရီးရိတ်  ခက်ခဲ လို့ ပြည်ပကို တချို့ အလုပ်သမားတွေ မထွက်တာလို့ ဆက်ပြောပါတယ်။ တရုတ်အခြေစိုက် စက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တဦးကို လစာ အနည်းဆုံး  ကျပ် ၈ သိန်းဝန်းကျင်ကနေ ကျပ် ၁၀ သိန်းအထိ ရရှိနေတယ်လို့လည်း အလုပ်သမားကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

“နိုင်ငံထဲက အလုပ်သမားတွေက အောနိုက်တွေ အများကြီးလုပ်မှ ၅ သိန်းလောက်ပဲ ရတယ်။ နောက် အဆောင်ခ၊ စားရိတ်တွေလည်းကုန်တယ်။ ဟိုဘက်မှာရတဲ့ အခွင်အရေးနဲ့က ကွာလွန်းနေတယ်။ ဒါကြောင့် ထွက်တဲ့သူ ပိုများ လာလိမ့်မယ်လို့ ပြောချင်တယ်” လို့ အလုပ်သမားကူညီရေးအဖွဲ့ဝင် အမျိုးသားတဦးက ပြောပါတယ်။

လက်ရှိ တရုတ်နိုင်ငံကို သွားရောက်ဖို့ ခရီးစာရိတ် ကျပ် ၁၀ သိန်းဝန်းကျင်ကို လုပ်သားခေါ်ယူသူတွေက တောင်းယူနေတာတွေရှိနေလို့ အလုပ်သမားတွေအနေနဲ့ တရားဝင် အလုပ်သမား အေဂျင်စီတွေ၊ စက်ရုံက တရားဝင် တိုက်ရိုက် ခေါ်ယူမှုတွေနဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

“တကယ် ကားခက ၃ သိန်းအောက်လောက်ပဲ  ၊ ဒါကို ဆယ်သိန်းဝန်းကျင် တောင်းနေတာ။ ပွဲစားတွေလည်း အရမ်းများတယ်။ တချို့ဟိုရောက်မှ အလုပ်မရတာတွေ၊ မရသေးတာတွေလည်း ရှိတော့၊ သွားမယ်ဆိုရင်လည်း အစစ အရာရာ ပြင်ဆင်ပြီးမှ သွားဖို့ တိုက်တွန်းချင်ပါတယ်။” လို့  ကူညီရေးအဖွဲ့ အမျိုးသားက ဆက်ပြော ပါတယ်။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ပြည်နယ်ထဲက အထည်ချုပ်စက်ရုံတွေဆီကို တရားဝင် မြန်မာ အလုပ်သမား စေလွှတ်မှု စတင်နေပြီလို့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ လိုင်စင်ရအေဂျင်စီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Myanmar Labour News မှာ ဖော်ပြထားပါတယ်။ 

ဇွန်လအတွင်းမှာပဲ  အထည်ချုပ်လုပ်ငန်းအတွက် အလုပ်သမား တချို့ကို စတင် စေလွှတ်ခဲ့ပြီး လုပ်ငန်း မကျွမ်းကျင်တဲ့ အလုပ်သမားတွေအတွက် အဆင်မပြေတာတွေလည်း ဖြစ်ပေါ်နေတယ်လို့ အေဂျင်စီ ဘက်က ပြောဆိုထားပါတယ်။


Related posts

Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025
Cover
ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၁၈ ဦးရဲ့ မိသားစုဝင် တွေနဲ့ ဆက်သွယ်မှု မရသေးဟုဆို
Apr 10, 2025
Cover
ခြေထောက်ရောင်ရမ်းနေသည့် အိမ်အကူအား လျှော်ကြေး သိန်းတရာနီးပါး အိုမန်နှင့် မြန်မာအေးဂျင့်တောင်း
Apr 09, 2025