NEWS

တရုတ်နိုင်ငံကို မြန်မာ အထည်ချုပ်လုပ်သားခေါ်ယူမှု တွင်ကျယ်လာပြီး လုပ်ငန်းခွင်တွင်း ချိုးဖောက်မှုတွေ လုပ်ဆောင်နေ

CoverLogo
939 Views

တရုတ်နိုင်ငံက စက်ရုံလုပ်ငန်းတွေအတွက် မြန်မာအလုပ်သမားတွေကို လစာသိန်းဆယ်ချီပေးမယ်ဆိုကာ ခေါ်ယူမှုများလာပြီး လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။ 

လက်ရှိမှာ တရုတ်နိုင်ငံကစက်ရုံတွေအတွက် အလုပ်သမားခေါ်ယူတာတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင် နေပြီး အလုပ်သမားဝန်ကြီးဌာနကတော့ တစ်စုံတစ်ရာ တားမြစ်အရေးယူတာ၊ အသိပညာပေးတာတော့ လုပ်ဆောင်မှု မရှိသေးပါဘူး။ 

“စက်ရုံထဲမှာလည်း အချင်းချင်းပေါ့။ သွားလုပ်ကြမယ်။ လူစုတယ်။ အဲဒီလိုမျိုးရှိတယ်။ နောက်ပြီး စက်ရုံရှေ့မှာ လာပြောပြတာလည်း ရှိတယ်။ ကြေညာတွေ ကပ်တာလည်း တွေ့ပါတယ်။ လစာကလည်း စရိတ်ငြိမ်းကို (၁၀) သိန်းကျော် ပေးမယ်ဆိုပြီး ခေါ်ကြတာ ”လို့ ​ရွှေပြည်သာက စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

ပြည်တွင်းအလုပ်သမားတွေကို ဒီလိုမက်လုံးပေးပြီး ခေါ်ယူနေပေမယ့် လက်တွေ့သွားရောက် လုပ်ကိုင်သူတွေက တော့ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေတာတွေ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေပြီး နေရပ်ပြန်နိုင်ဖို့ကို ခက်ခဲနေတယ်လို့ သိရပါတယ်။ 

“အလုပ်ရှင်ဘက်က သူတို့အဆမတန် သတ်မှတ်ထားတဲ့ တစ်ကဒ်ကို ပြည့်အောင်မချုပ်နိုင်ရင် အောလင်း၊ အောနိုက်တွေကော တနင်္ဂနွေနေ့တွေကော အချိန်ပိုအိုတီတွေ အလကားဆင်းခိုင်းပါတယ်။ ကျွန်မတို့က အချိန် ပိုတွေ လုပ်ပေးနေရပေမယ့် ပိုက်ဆံမရပါဘူး။ နောက်ပြီး အချိန်ပိုတွေ မတရားဖြစ်လာတော့ အလုပ်သမားတွေ လည်း ကျန်းမာရေး ထိခိုက်လာပါတယ်။ အခုဆို စက်ရုံမှာ ပြည်တွင်းကိုပြန်ချင်တဲ့ အလုပ်သမားတွေ အများကြီး ရှိပါတယ်။ အလုပ်ရှင်က မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် တရုတ်ပြည်ကို လာတုန်းက လမ်းစရိတ်တွေ ပြန်တောင်းပါတယ်။ နောက်ပြီး တော်ရုံနဲ့ ပြန်မလွှတ်ပါဘူး။ အကြောင်းပြချက်တွေပေးပြီး ဆွဲထားပါတယ်”လို့ တရုတ်ပြည်လုံချမ်းခရိုင်၊ ကျန်ဖုံမြို့မှာ ဖွင့်လှစ်ထားတဲ့ Longhuan DEPlN Garment Limited  က အလုပ်သမား တစ်ဦးက ပြောပါတယ်။ 

ပြည်တွင်းမှာ ကုန်ဈေးနှုန်း မြင့်တက်လာပေမယ့် သတ်မှတ်ထားတဲ့ အခြေခံလုပ်ခလစာဟာ နေထိုင်စားသောက် စရိတ်နဲ့ မလုံလောက်တာကြောင့် အလုပ်သမားအများစုဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုသူ များနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သွားရောက်လုပ်ကိုင်သူတွေလည်း ရှိနေပြီး အခက်အခဲတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ၊ ရွှေလီမြို အခြေစိုက် အောကယ်(AOHE) အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာလည်း   လူဦးရေအလိုက် စံချိန်တောင်းဖို့၊ အချိန်ပိုကြေးကို အလုပ်ဆင်းတဲ့ ရက်အတိုင်း ပုံမှန်ပေးဖို့၊ အစိုးရ ရုံးပိတ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို့နဲ့ အခြေခံလုပ်ခလစာ နဲ့ ရက်မှန်ကြေး တိုးမြှင့်ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုတောင်းဆိုတာကြောင့်လည်း တရုတ်လုပ်ငန်းရှင်က မြန်မာအထည်ချုပ်အလုပ်သမားတွေဆန္ဒပြတောင်းဆိုတယ်ဆိုပြီး လုပ်ခလစာမပေးဘဲ တရုတ်လုံခြုံရေး ရဲတပ်ဖွဲဆီ အပ်နှံခဲ့တယ်လို ကိုယ်တိုင် ဖမ်းဆီးခံရတဲ့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။ 

လက်ရှိမှာ တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်မှုတွေကို များစွာခံနေရပေမယ့် ဥပဒေရဲ့ အကာအကွယ်ကို ရရှိမှု မရှိတဲ့အပြင် တောင်းဆိုမှုတွေလုပ်လို့ ရဲလက်အပ်ခံရတာ၊ လုပ်ခလစာမရတာနဲ့ နေရပ်ပြန်ဖို့ကို ခက်ခဲနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ 

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026