NEWS

တရုတ်ကို တရားဝင်လုပ်သားစေလွှတ်မှု ပြည်ဝင်ခွင့်ဗီဇာပြဿနာကြောင့် ရပ်ထားရ

CoverLogo
555 Views

တရုတ် နိုင်ငံ ယူနယ်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ဒေသ  ကို တရားဝင် မြန်မာအလုပ်သမား စေလွှတ် ဖို့ အတွက် နှစ်နိုင်ငံညှိနှိုင်းခဲ့ပေမယ့် တရုတ်ဘက်ကနိုင်ငံခြားသား အလုပ်သမားတွေ  ကို  ပြည်ဝင်ခွင့်ဗီဇာ မထုတ်ပေး နိုင်တဲ့ အတွက် လုပ်သား ပို့ဆောင်ဖို့ကို ရပ်ထားရတယ်လို့ အေဂျင်စီအသိုင်းဝိုင်းကသိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လပိုင်းက အေဂျင်စီ အချို့ တရုတ်ကို  မြန်မာ လုပ်သား စေလွှတ်ခဲ့ပေမယ့် ပြည်ဝင်ခွင့်ဗီဇာ
မရရှိတဲ့ အတွက် အဆင်ပြေသလို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

"ပထမဆုံး ပို့တဲ့ အသုတ် မှာကတည်းက အလုပ်သမား ဗီဇာ မရလို့ business visa နဲ့ ပို့ရတယ်လို့ ကြားတယ် အခုအဲ့ အသုတ်ပြီးကတည်းက နောက်အေဂျင်စီ တွေလက်ထဲ demand (အလုပ်ခေါ်စာ)တွေရထားပေမယ့် ပို့လို့မရဘူး ဖြစ်နေတယ် ဒါမို့တရုတ်ကို တရားဝင် လုပ်သားစေလွှတ်တာ ရပ်ထားရတယ်"လို့ အေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လတ်တလော နိုင်ငံခြားသားလုပ်သား ခေါ်ယူတာဟာ တရုတ်ပြည်မထဲက မဟုတ်ဘဲ မြန်မာနိုင်ငံ နဲ့ နီးစပ်တဲ့ ယူနန်ပြည်နယ် တဲဟုန်ဒေသက စက်မှုဇုန်တွေမှာ လုပ်ကိုင်ဖို့ အတွက်ဖြစ်တာကြောင့် တရုတ်ပြည်မ ကြီးက ဗီဇာ ထုတ်ပေးဖို့ အဆင်မပြေ ဖြစ်နေတာလို့ ဆိုပါတယ်။

""အရင်ကမြန်မာ လုပ်သား ကို မူဆယ်-ရွှေလီကနေ တပတ်ကတ် နဲ့ ဝင်လာတယ် ယူနန်ပြည်နယ် ထဲ မှာ သူဌေးက နားလည်မှု နဲ့  ပြည်နယ်က အာဏာပိုင်တွေနဲ့ တနှစ်တာဗီဇာပုံစံ လုပ်ပြီး ခိုင်းနေတာ အခု တရားဝင်ပို့မယ်ဆိုတော့ ပြည်မကြီးက ဗီဇာမထုတ်ပေးဘူး ဘာလို့လဲ ဆိုရင် ပြည်နယ် တစ်ခုကိုပဲ ခွင့်ပြုတာလေ တရုတ်ပြည်မကြီးမှာက နိုင်ငံခြားသား general worker မှ မလိုတာ နောက်ပြည်မကြီးမှာက အလုပ်သမားဗီဇာ မရှိဘူး မရှိတော့ အလုပ်သမားတွေ ဘယ်လိုဝင်ရမလဲ တရုတ်သံရုံးက လည်း ဘယ်လိုဗီဇာ ထုတ်ပေးရမလဲ မသိဖြစ်နေတာ အဲ့တော့ အလုပ်ခေါ်စာရထားတဲ့ အေဂျင်စီ တွေ ဘာလုပ်ရမယ်မသိငြိမ်နေရတယ်""လို့ အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလို ဗီဇာပြဿာနာကြောင့် တရုတ်ကို တရားဝင် လုပ်သားထပ်မံ  စေလွှတ်တာ မရှိ တော့ပေမယ့် ဖေ့ဘွတ်ခ်၊ တစ်တော့  စတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တရုတ် နိုင်ငံကိုလုပ်ငန်း မျိုးစုံ နဲ့ လုပ်သား ပို့ဆောင်ပေးမယ်ဆိုကာ လိမ်လည်တာတွေရှိသလို အထည်ချုပ်လုပ်သား များတဲ့ ရန်ကုန်ရှိ စက်မှုဇုန် တွေ မှာ လက်ကမ်းစာစောင်တွေ နဲ့ အလုပ်ခေါ်စာကြေညာတာတွေရှိနေတယ်လို့ သိရပါတယ်။

"လိုင်းပေါ်မှာ လည်း တရုတ် ကို အထည်ချုပ်နဲ့ သွားရမှာ တရားဝင် MOU ခေါ်တာ ဆိုပြီး လိမ်နေတာ တွေ အတော်များများ တွေ့ရသလို စက်မှုဇုန် မှာ အလုပ်သမား တွေ ကို တရုတ် နိုင်ငံ က အထည်ချုပ် နဲ့ လုပ်သားခေါ်တာ တရားဝင်သွားရမှာ ဆိုပြီး  စာရွက်တွေ နဲ့ ကြေညာ ပြီး ခေါ်တာတွေ အခု လပိုင်းမှာ အတော်များများ တွေ့လာရတယ်လို့"လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားတစ်ဦးကပြောပါတယ်။

လက်တလောမှာ မူဆယ်ကနေ တစ်ဆင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် အောက်ကဒေသတွေ ကို  စာအုပ်နီသို့မဟုတ် တပတ်ကတ် တွေ နဲ့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြတာ မှာ အဆင်ပြေသူတွေလည်းရှိသလို လိမ်လည်ခံရတာတွေကြောင့်အခက်လဲ ဖြစ်နေသူတွေ လည်းရှိတယ်လို့ သိရပါတယ်။


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025