ARTICLE

တစ် နဲ့ တစ် ပေါင်းပြီး သုည ဖြစ်နေတဲ့ လူသားတန်ဘိုး ဆုံးရှုံးမှု၊ ဆင်းရဲမှု သံသရာ နဲ့ လူမှု တရားမျှတမှု

CoverLogo
48 Views

အသက် (၃၅) နှစ်အရွယ် ဆွေဆွေအတွက် သူများတွေ နေဝင် အိမ်ပြန်ချိန် ဖြစ်လည်း သူမအတွက် အလုပ်ကနေ အိမ်ပြန်မနား ရ။ မနက်အာရုံတက်အထိ မကြာခဏ  အချိန်ပိုများလုပ်ကိုင် ရသည်။ ကျန်းမာရေး ထိခိုက်မှာကို သိသော်လည်း၊ သူမ နဲ့ မိသားစု ဘဝ၊ စားဝတ်နေရေး အခက်အခဲကို ‌ဖြေရှင်းနိုင်ဖို့ "အချိန်ပိုအလုပ်" (Overtime) က တစ်ခုတည်းသော အဖြေဖြစ်နေသည်။

ဆွေဆွေ့ ယောက်ျားက ဆောက်လုပ်ရေးလုပ်သား တစ်ယောက် ဖြစ်ပြီး တစ်ရက်ကို တစ်သောင်းရှစ်ထောင်ရပေမယ့် ပင်ပန်းတဲ့ အကြောင်းပြချက် နဲ့ သောက်တတ်သည်၊ အိမ်မှုကိစ္စ စီမံရတဲ့ သူမ အနေနဲ့ကလည်း စက်ရုံမှာ အချိန်ပြည့် နီးပါး လုပ်နေရတဲ့အခါ အိမ်မှာ ချက်ပြုတ်တာမလုပ်နိုင်။ အပြင်က အစားအစာကို ဝယ်စားကြရတာလို့ ဆိုပြီး သူတစ်ရက်ရတဲ့ လုပ်အားခငွေက ဒါနဲ့တင် ကုန်တော့သည် ဆွေဆွေ့လက်ထဲ ရောက်သည်မရှိ။

ဒီနှစ်ထဲ ပိုပြီး ကျပ်တည်းလာတာတော့  ၁၃ နှစ် အရွယ် သားကြီးဖြစ်သူကို ကျောင်းတစ်နှစ် နားထားပြီး သူ့အဖေ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေး ဆိုဒ်ထဲ အလုပ်သွင်းထား ရသည်။ သူမ ယောက်ျား ဆောက်လုပ်ရေး လုပ်ငန်းက အလုပ်သမားများအတွက် ယာယီပေးနေသော သွပ်မိုး ထရံကာ တဲသာသာ အဆောက်အဦးလေးမှာ သူတို့ သားအမိ ၃ ယောက် နေကြသည်။

အိမ်ဖိုး အခန်းငှားခ မပေးရလို့ တော်သေးသည်။ ၄ နှစ်အရွယ် သားငယ်ကိုတော့ ရွာက မိဘတွေဆီ ပို့ထားရသည်။ ခုလို မိဘနဲ့ သားငယ်ကို ထောက်ပံနိုင်ဖို့၊  သူမ ဝင်ငွေ ပိုရအောင် ကိုယ့်အလှည့်မဟုတ်လည်း သူများကိုယ်စား အချိန်ပို ဝင်လုပ်သည်။ သို့မှာသာ မိသားစု ၃ ဦးအတွက် စားဖို့ စရိတ်ဖယ်ပြီး နယ်က မိဘတွေကို ငွေပို့ပေးနိုင်မည်။ နယ်က မိဘတွေရဲ့ လယ်ယာ အလုပ်က အဆင်မပြေ ဝင်ငွေ မရှိသလောက် နည်းခဲ့တာ ဆယ်စုနှစ် မကတော့။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ကုမ္ပဏီကြီးများ အနေဖြင့် ကုန်ထုတ်လုပ်မှုတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံပြီး လုပ်ကိုင်ကြသည်။ ပြင်ပ ရင်းနှီးမြှုတ်နှံမှုက တဆင့် စီးပွားရေး တိုးတက်မှုအမြန်လုပ်လိုတဲ့ မြန်မာနိုင်ငံလို ဖွဲ့ဖြိုးဆဲ နိုင်ငံတွေ ရဲ့ လုပ်သားအရေအတွက်ပေါများပြီး လုပ်အားခစျေးသက်သာမှုက ရင်းနှီးမြုတ်နှံမှုပြုလုပ်ဖို့ အတွက် အဓိက အကြောင်းအရာ များထဲက တစ်ခုဖြစ်လာသည်။

ထို နိုင်ငံတကာ ရင်းနှီးမြှုတ်နှံမှုများနှင့် စက်ရုံများက ဆွေဆွေတို့လို လူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးသည်။ သူမလိုမျိုး မြို့ပြစက်မှုဇုန်တွေမှာ ရွာက လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေး အဆင်မပြေလို့ မြို့တက်ကာ အလုပ် လာလုပ်ကြသူများသည်။ တော်တော်များများက အလုပ်လုပ်ကာ ချိုးခြံချွေတာ စားသောက်ကြသည်။  ပြီးတော့ ရွာက စီးပွားရေး အဆင်မပြေတဲ့ မိဘ ဆွေမျိုးတွေကို ပြန်လည် ထောက်ပံ့ကြသည်။

ဒီလိုအခြေအနေက သမရိုးကျ ဖြစ်လာနေခဲ့ တာ ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းကဒီနောက်ပိုင်းမှာ ဆွေဆွေ့ကဲ့သို့ အလုပ်သမားများ၏ အခြေအနေတွေက ပိုဆိုးလာခဲ့သည်။

အလုပ်သမားများအတွက် အကာအကွယ် ပေးနိုင်သည့် ခိုင်မာသည့် ဥပဒေနှင့် ထိုဥပဒေကို စည်းနှောင်တဲ့ အစိုးရ တစ်ရပ်မရှိနေတဲ့ အချိန်အခါတွင် ထိုနိုင်ငံတကာ ကုန်အမှတ်တံဆိပ် တွေနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ အကျိုးအမြတ် ရယူနေမှုက ပိုသိသာလာသည်။ သူမတို့လို အလုပ်သမားတွေရဲ့ တိကျသေချာတဲ့ လုပ်အားတန်ဖိုး၊  ပေးလိုက်ရတဲ့ အချိန်နှင့် အားစိုက်ထုတ်‌ရမှုတွေတော့  အသိအမှတ်ပြုမခံကြရ။

ထိုစီးပွားရေးလုပ်ငန်းကြီးတွေထံမှာ အလုပ်သမား မိသားစု တွေရဲ့ အနာဂတ်၊ ကျန်းမာရေးနဲ့ လူမှုဘဝတွေ ပေးဆပ်နေကြရ သည်။

လုပ်သလောက် ထိုက်သင့်တဲ့ အကျိုးကျေးဇူး ပြန်လည်ရရှိ ခံစားမှု မရှိ။ အချိန်ပြည့် ကြိုးစားအလုပ်လုပ်နေကြပေမယ့် မျိုးဆက် တစ်ခုပြီး တခု ဆင်းရဲတွင်းထဲက မထွက်နိုင် ကြတာ ဘာကြောင့်ပါလဲ။ သူတို့ မကြိုးစားလို့လား ညံ့လို့လား၊ မဟုတ်ပါ။ အလွယ်တကူ မမြင်သာတဲ့ ခေတ်အဆက်ဆက် လူမှု တရားမျှတမှု မရှိတဲ့ စနစ်တွေ အခြေအနေတွေ ကြောင့်ပါ 

လူမှု တရားမျှတမှု ရှိပါက လူ့အသိုင်းအဝိုင်းတွင် လူတန်းစား ကွာဟမှု နည်းပါးပြီး တည်ငြိမ်အေးချမ်း မည်ဖြစ်သည်။

ထိုသို့ လူမှုတရားမျှတမှု ဟန်ချက်ကို ထိန်းသည့် အဓိက ထောက်တိုင် အခြေအနေ ၃ ရပ်ရှိသည်။

ယင်းမှာ မျှတသော အရင်းအမြစ်ခွဲဝေမှု၊ အသိအမှတ်ပြုမှု နှင့် ကိုယ်စားပြုမှုတို့ ဖြစ်သည်။ ဆွေဆွေ တို့ အလုပ်သမားမိသားစုလေးတွင် ထို လူမှုတရားမျှတမှု အခြေအနေများ ပျောက်ဆုံးနေသည်။

၁။ မျှတတဲ့ အရင်းအမြစ်နဲ့ အခွင့်အလမ်းခွဲဝေမှု (Redistribution) - ငွေကြေးဖောင်းပွမှု၊ နည်းပါးတဲ့ လုပ်အားခ နှင့် အကြွေးသံသရာ

လူတိုင်းအတွက် တရားမျှတမှုဆိုတာ လူမှုဘဝဖူလုံတဲ့ စီးပွားရေး အခြေအနေ တစ်ခုမှ စတင်သော်လည်း ဆွေဆွေ နဲ့ သူ့မိသားစု အတွက် ငွေရေး ကြေးရေး အခြေအနေကတော့ ငွေအိတ်ကလေးကပိန်စမြဲ။

နည်းပါးလွန်းတဲ့ လုပ်ခ လစာ နဲ့ မတရားမှု Injustice: သူမ အပင်ပန်းခံ အလုပ်လုပ်နေပေမယ့် ငွေကြေး ဖောင်းပွမှုကြောင့် သူမရတဲ့ လုပ်ခလစာမှာ အသုံးစရိတ်များဖြင့်တခဏအတွင်း ပျောက်ပြယ်ရသည်။ ဒေးကြေး ၁၀၀၀၀ ကျပ် ဖြင့် ဘယ်လိုမှ မလောက်င။ ခင်ပွန်းသည် ဆောက်လုပ်ရေးလုပ်ငန်း ခွင်က တစ်ရက် ၁၈,၀၀၀ ရသော်လည်း ထိုငွေများမှာ မိသားစုထံသို့ မရောက်ဘဲ သူ၏ စားသောက်စရိတ်များ၌သာ ကုန်ဆုံးသွားသည်။

အကြွေး (The Debt): မိသားစု မှာ လောက်ငရုံသာဝင်ငွေ ရှိသော်လည်း အရေးပေါ်အခြေအနေမှာ စုဆောင်းငွေ မရှိတာကြောင့် ငွေချေးရတဲ့အခါ ရပ်ကွက်ထဲက အတိုးနှုန်းက ၂၀ ရာခိုင်နှုန်း။ ဒီလို အခြေအနေဟာ မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ဆိုးရွားလွန်းသော အရင်းအမြစ် ခွဲဝေမှု ပုံစံတစ်ခုဖြစ်သည်။ နေ့စဉ်မနားတမ်း သူမ ပင်ပင်ပန်းပန်း ရှာဖွေထားသော လုပ်ခလစာများသည် သူမနှင့် သားသမီးများ၏ အနာဂတ်အတွက် မဖြစ်လာဘဲ ခေါင်းပုံဖြတ်နေ သည့် အတိုးများကို ဆပ်ရန်အတွက်သာ ဖြစ်နေသည်

ပညာသင်ယူခွင့်နှင့် ခိုးယူခံရသော အနာဂတ်: ရင်ကွဲလောက်စရာ မတရားတဲ့ ခွဲဝေမှု အခြေအနေကတော့ ၁၃ နှစ်အရွယ် သားကြီးကို ကျောင်းနားပြီး လုပ်ငန်းခွင်ထဲ စောစီးစွာ တွန်းပို့လိုက်ရခြင်းဖြစ်သည်။ ယင်းမှာ ထိုကလေး၏ သူ့ဘဝ သူကိုယ်တိုင် ရွေးချယ်နိုင်ခွင့် အခြေအနေနှင့် အခွင့်အလမ်းများ မရှိတော့လောက်အောင် "သိမ်းပိုက်" ခံရခြင်း ဖြစ်သည်။ မိသားစု မငတ်ဖို့၊ လူမှုအကာအကွယ် မဲ့နေတဲ့ ဘိုးဘွားတွေကို ပံ့ပိုးဖို့၊ ၁၃ နှစ် အရွယ် ကလေးငယ်ဟာ ကျောင်းထွက်ပြီး ဖခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဝင်ရောက် နေရသည်။ ကလေးငယ်မှာ ပျိုးထောင်ပေးပါက ဖြစ်ထွန်းလာနိုင်မည့် စွမ်းဆောင်ရည်များကို မိသားစုရှင်သန်ရေး အတွက် သူ၏ အနာဂတ်ရွေးခြယ်မှုများကို လုပ်အားခစျေးပေါပေါ ဖြင့် လဲလှယ်လိုက်ရသည်

၂။ အသိအမှတ်ပြုမှု (Recognition) - မျက်ကွယ်ပြုခံထားရတဲ့ လုပ်သားထုဘဝ

တစ်ဦးနှင့် တစ်ဦး တန်းတူထား "အသိအမှတ်ပြုမှု" (Recognition) ဆိုတာ တရားပြီး မျှတတဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ မြင့်မြတ်တဲ့ စံပြအပြုအမူတစ်ခု ဖြစ်သည်

အသိအမှတ် ပြုခံထိုက်တဲ့ အလုပ်သမားလူတန်းစား အတွက် မတရားမှု Injustice: အစိုးရက ဆွေဆွေလို အလုပ်သမား လူတန်းစား တွေကို နိုင်ငံ့အတွက် အဓိက အရေးပါသည့် စီးပွားရေးအထောက်အကူပြုသူတွေအဖြစ် အသိအမှတ်ပြုရမည်။ သို့သော် သူတို့အား  လုပ်အားနဲ့ အခကြေးငွေ လဲလှယ်သူ တွေ အဖြစ်သာ သတ်မှတ်ပြီး  မျက်ကွယ်ပြုထားခြင်းက လူမှုရေးမတရားမှု တစ်ခုဖြစ်သည်။

အိမ်တွင်းပြုစုစောင့်ရှောက်မှု အကျပ်အတည်း (The Crisis of Care): မိရိုးဖလာ ကျားမရေးရာ အယူအဆဓလေ့ အရ အိမ်မှုကိစ္စဆိုတာ အမျိုးသမီးများ၏ တာဝန် အဖြစ် ခံယူထားကြသည်။ ယနေ့ခေတ်တွင် ဆွေဆွေ့လို အမျိုးသမီးများသည် အရင်လို အိမ်တွင်းအောင်းမနေနိုင်တော့ဘဲ လုပ်ငန်းခွင်တွင် မိုးလင်းမိုးချုပ် အလုပ်လုပ် နေရသည်။ မိသားစုအတွက် ချက်ပြုတ်ကျွေးမွေးရန် သို့မဟုတ် သားသမီး၊ မိဘအိုများကို ပြုစုစောင့်ရှောက်ရန် အချိန်မရှိ။ အချိန်ရှိလို့ လုပ်ရရင်လည်း ၂ ဆ ပင်ပန်းပြီး ထိုအိမ်အလုပ်က ဝင်ငွေမရ၊ တန်ဘိုးထားပြီး အသိအမှတ် အပြုမခံရ။ အချိန်မရှိလို့ ဆိုင်ချက် အစားအစာများကို ဝယ်စားရတဲ့အခါ ငွေကအပိုကုန်သည်။ အငယ်ကလေး ကို သူမကိုယ်တိုင် မစောင့်ရှောက်နိုင် အဘိုးအဘွားထံပို့ထားရသည်။  

ခွဲနေရသည့် မိသားစု အတွက် ဤသည်မှာ "အိမ်တွင်းလုပ်အား" အကျပ်အတည်းဖြစ်သည်။ ဆွေဆွေ့ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ကြီးအား အထောက်အကူပေးရန် အလွန်အမင်း အလုပ်များနေသည့်အတွက် အိမ်ထောင်စုကို ထိန်းသိမ်းရန်အချိန်မရှိဘဲ အကျပ်အတည်း ဖြစ်ကာ ဆုံးရှုံးလေလွင့်နေရသည်က ကိုယ်ပိုင် မိသားစု လူမှုရေးနှင့် စီးပွားရေး ဖြစ်နေသည်။ ပေးဆပ်ရသည့် နှင့် ပြန်ရသည့်လုပ်အားခ ထိုက်တန်ရဲ့လား? 

၃။ ကိုယ်စားပြုခွင့် (Representation) - ခိုလှုံရာ အိမ်နှင့် ဆွေဆွေ တို့ဘဝတွေအတွက် အသံ

မတရားမှု (The Injustice): ဆွေဆွေတို့ မိသားစု သူ့အမျိုးသား၏ အလုပ် ဆောက်လုပ်ရေး ကန်ထရိုက်တာက ပေးထားသော သွပ်မိုး ထရံကာ အခန်းလေးတွင် အဆင်ပြေသလိုနေထိုင်ရသည်။ ဒါဟာ အလုပ်သားများအတွက် "ယာယီ သိုလှောင်ရုံ" မျှသာ ဖြစ်ပြီး တကယ့် နွေးထွေးလုံခြုံသည့် အိမ် မဟုတ်

အသံမဲ့နေခြင်း (The Voice Gap): ဆွေဆွေမိသားစု အနေဖြင့် ထိုအခန်းလေးနှင့် မြေကွက်ပေါ်၌ ဥပဒေအရ တရားဝင် နေထိုင်ခွင့်မရှိ။ ဆောက်လုပ်ရေးစီမံကိန်းကြီး စတင်ခြင်း သို့မဟုတ် ပြီးဆုံးပါက ဆွေဆွေတို့ မိသားစု နေစရာအရိပ်အာဝါ သတစ်ခု ထပ်မံ ရှာဖွေရဦးမည်။ သူမတို့၏ နေထိုင်ခွင့်ကို ကာကွယ်ပေးမည့် အစိုးရ ယန္တရားများ သို့မဟုတ် အလုပ်သမား သမဂ္ဂများ မရှိသဖြင့်၊ သူမတို့ကို ကိုယ်စားပြုသူ (Representation) မရှိနေ။ ဒီလိုအခြေအနေမှာ မိသားစုတစ်စု ရသင့်သည့် တည်ငြိမ်သည့်နေထိုင်မှု တစ်ခုကို တောင်းဆိုဖို့က မဖြစ်နိုင်။

တိုက်တွန်းနှိုးဆော်ချက် - ဆင်းရဲနွမ်းပါးမှု သံသရာကို ကျော်လွန်ခြင်း

အခုချိန်ကဲ့သို့ နိုင်ငံ အုပ်ချုပ်ရေး စီးပွားရေး အခြေအနေ မရေရာမှုများကြား လူမှုတရားမျှတမှု အားနည်းနေမှုကြောင့် ဆင်းရဲတွင်း သံသရာရှည်နေကြတဲ့ ထောင်ပေါင်းများစွာသော အလုပ်သမား မိသားစုများ အတွက် သက်ဆိုင်သူများသို့ အကြံပြု တိုက်တွန်း ချက် အနေနဲ့ ဖော်ပြလို တာတော့

နိုင်ငံတကာကုမ္ပဏီများ (MNCs) များအနေဖြင့် ဆွေဆွေတို့လို အလုပ်သမားတွေရဲ့ မိုးလင်းမိုးချုပ် အချိန်ပိုလုပ်အား တွေကနေ အကျိုးအမြတ် ရရှိနေကြသည်။ ငွေကြေးဖောင်းပွမှု ကုန်စျေးနှုန်း မြင့်တက်မှုတို့ကြား လုပ်အားခ မလောက်ငလို့ ကလေးအား ကျောင်းနားခိုင်းပြီး အလုပ်လုပ်စေရတဲ့ အလုပ်သမားတစ်ဦး ရဲ့ အခြေအနေက ထိုကုမ္ပဏီကြီးများ ကုန်စည် စက်ဝန်းအတွင်း ဝာာဝန်ယူမှုရှိသော စီးပွားရေး ရင်းနှီးမြုတ်နှံမှု ပြုလုပ်ခြင်း ကတိကဝတ်အပေါ် အကောင်အထည်ဖော်ရာ တွင် ကျရှုံးမှု တစ်ခုပင် ဖြစ်သည်။ အလုပ်သမားများအတွက် လူမှုဘဝ ပြန်လည်ထူထောင် စရိတ်များကို ထည့်သွင်းစဉ်းစား ထားသော "ဖူလုံသော လုပ်ခလစာ" ကို ပေးချေရမည်။

လုပ်ငန်းရှင်များ အနေဖြင့် အလုပ်သမားများသည် တစ်ခါသုံး ပစ္စည်းများ မဟုတ်ကြ စီးပွားရေး၏ အဓိက ထောက်တိုင် လူသားများ ဖြစ်ကြသည်။ သူတို့အတွက် ဖြစ်သလို နေစရာ ပေးရုံနှင့် မလုံလောက်။ အလုပ်သမား မိသားစုများ နေထိုင်ရန် သင့်တော်သော လုံခြုံသည့် နေထိုင်စရာနေရာ၊ အလုပ်သမားကလေးများ၏ ပညာရေး အတွက် ပံ့ပိုးမှုနှင့် အိမ်ထောင်စု အတွင်း မျှတသော လုပ်ခခွဲဝေမှုများအတွက် တာဝန်ယူရမည်

နိုင်ငံတော် နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ (CSOs) များ အနေဖြင့် မြို့ပြဆင်းရဲနွမ်းပါးသူ အလုပ်သမားမိသားစုများသည် စီးပွားရေး၏ ကျောရိုးထောက်တိုင်များ ဖြစ်သည်ကို အသိအမှတ်ပြုပါ။ သူတို့အား ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊ သမဂ္ဂ ဖွဲ့စည်းမှုများကို အားပေးပါ။ ပူးပေါင်းပါ။ ထို့အပြင် ဆင်းရဲသံသရာ ရှည်မည့် မတရား ခေါင်းပုံဖြတ်နေသော ငွေချေးစနစ် (၂၀ - ၃၀ ရာခိုင်နှုန်း အတိုးနှုန်း သံသရာ) ကို ထိန်းကျောင်းရန်နှင့် ဆွေဆွေ၏ သားကြီးကဲ့သို့သော ကလေးငယ်များ၏ ပညာသင်ကြားခွင့်မဆုံးရှုံးရအောင် အရေးပေါ် ကြားဝင်ဆောင်ရွက်ပေးမှုများ ပြုလုပ်ပါ။

နိဂုံး ချုပ်အနေဖြင့် လူမှုတရားမျှတမှု မရှိလျှင် ထိုလူမှုအသိုင်းအဝိုင်းအတွက် အနာဂတ်မျှော်လင့်ချက် မရှိ။

မိခင်တိုင်း လိုလားသောအရာကိုပင် ဆွေဆွေက လိုလားသည်။ သူမ၏သားလေး ကျောင်းတက်နိုင်ရန်၊ သူမ၏ မိဘများကို ပြုစုစောင့်ရှောက်နိုင်ရန်နှင့် သူမတို့အတွက် မပျောက်မပျက် နွေးထွေးလုံခြုံသည့် အိမ်တစ်လုံး ရှိနေရန် ဖြစ်သည်

လက်ရှိတွင် သူမ၏ လုပ်အားဖြင့် ကမ္ဘာကြီးက ချမ်းသာပြီးသား အရင်းရှင်များကို ပိုမို ချမ်းသာစေသော်လည်း၊ သူမ၏ ကိုယ်ပိုင် မိသားစုလေးမှာ ပိုမိုနက်ရှိုင်း ဆင်းရဲတွင်း သံသရာထဲ လည်နေရသည်။ လူမှုတရားမျှတမှု ဆိုသည်မှာ ထိုသံသရာကို ဖြတ်တောက်ပစ်ခြင်း ဖြစ်သည်။ ထိုတရားမျှတမှုသည် ဆွေဆွေတို့ မိသားစုလေး၏ ထက်သန်သော မနားတမ်း ကြိုးပမ်းအားထုတ်မှုများက  သုညရလာဒ်မထွက်ဘဲ၊ ဂုဏ်သိက္ခာရှိသော ဘဝတစ်ခု၊ တည်ငြိမ်သေချာသည့် အနာဂတ်တစ်ခု ကို ရရှိ ပိုင်ဆိုင်နိုင်စေမည့် လူ့အသိုင်းအဝိုင်း စနစ်တစ်ခု ဖြစ်လာစေရန် ဖြစ်သည်။


Related posts

Cover
ပျောက်ဆုံးနေသည့် အနာဂတ်များ
Feb 12, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
"ပွဲစားခမှ လွတ်မြောက်ခွင့်အထိ (သို့) Yunnan Xiao Bu Garment စက်ရုံမှ လစာခေါင်းပုံဖြတ်မှု"
Nov 15, 2025
Cover
လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။
Nov 12, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
အခြေခံလစာလား၊ ထောက်ပံ့ကြေးလား။ မြန်မာ့လုပ်သားတွေ ဘယ်လောက်အထိ ရေရှည်နစ်နာနေရသလဲ။
Oct 28, 2025
Cover
၇,၈၀၀ ကျပ် လုပ်ခ အပြောင်းအလဲမှာ  အလုပ်သမားတွေ ခံစားခွင့်ရ မရ
Oct 20, 2025