NEWS

ဆေးကုသမှုအကျိုးခံစားခွင့်ကို လူမှုဖူလုံရေး မှတ်ပုံတင်တဲ့အချိန်ကစပြီးခံစားခွင့်ရရှိနိုင်

CoverLogo
113 Views

လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့အာမခံအလုပ်သမားတွေအနေနဲ့လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေထဲက ဆေးကုသမှုအကျိုးခံစားခွင့်ကို ဖူလုံရေးအဖွဲ့မှာမှတ်ပုံတင်လိုက်ပြီး လူမှုဖူလုံရေးကဒ်ရရှိသည်နှင့်တစ်ပြိုင်နက် အကျိုးခံစားခွင့် ရရှိနိုင်တယ်လို့ သိရပါတယ်။

"လူမှုဖူလုံရေး မှတ်ပုံတင်ထားတဲ့အလုပ်သမားတွေ အနေနဲ့က ဒီဖူလုံရေးအဖွဲ့ထဲစတင်ဝင်ရောက်စဉ်မှာ မှတ်ပုံတင်တဲ့ကိစ္စကို အရင်လုပ်ရပြီး ထည့်ဝင်ကြေးကိုတော့ လကုန်မှလစာနဲ့ရတဲ့ ရာခိုင်နှုန်းအပေါ်မူတည်ပြီးထည့်ကြရတာဖြစ်လို့ ဖူလုံရေးမှတ်ပုံတင်ပြီးထည့်ဝင်ကြေးမရှိသေးပေမယ့် မှတ်ပုံတင်အကျုံးဝင်အာမခံလုပ်သားဖြစ်သွားတဲ့အတွက်ပထမဆုံးအနေနဲ့ နေမကောင်းမကျန်းမမာဖြစ်တဲ့အခါ ဖူလုံရေးဆေးခန်း တွေမှာ ဆေးကုသမှုခံစားခွင့်ကိုရ ရှိမှာဖြစ်ပါတယ်။ ဆေးကုသစရိတ်ငွေကြေးအကျိုးခံစားခွင့်က တော့ အာမခံလုပ်သားအနေနဲ့ ထည့်ဝင်ကြေးပေးသွင်းတဲ့ကာလ ၄လကျော် ကနေ ၆လကျော်အတွင်း ရှိထားပြီးရင် သတ်မှတ်ထားတဲ့အမျိုးအစားအလိုက် ဆေးကုသစရိတ်ငွေကြေးအကျိုးခံစားခွင့်ကို ရ ရှိမှာပါ။ ဒီတော့ ပြောချင်တာက အလုပ်သမားတွေအနေနဲ့လူမှုဖူလုံရေးအဖွဲ့ထဲကို ဝင်လိုက်ပြီ လူမှုဖူလုံရေးအကျုံးဝင်လုပ်သားဖြစ်သွားတာနဲ့ ထည့်ဝင်ငွေကြေးပေးသွင်းထားတာဖြစ်စေ မပေးသွင်းထားတာဖြစ်စေ အားလုံးတန်းတူ ဆေးကုသမှုအကျိုးခံစားခွင့်ကို ဌာနကပေးထားကြောင်းအသိပေးတာဖြစ်ပါတယ်"လို့  လူမှုဖူလုံရေးအဖွဲ့ရဲ့တာဝန်ရှိသူက မီဒီယာကို ပြောပြထားပါတယ်။

ဖူလုံရေးအာမခံအကျုံးဝင် လုပ်သားတွေအနေနဲ့ ဆေးကုသမှု အကျိုးခံစားခွင့်တွင် အာမခံအလုပ်သမားတစ်ဦးကို  ရောဂါတစ်မျိုးအတွက် အများဆုံး ရက်သတ္တပတ်(၂၆)ပတ်အထိ ဆေးကုသခွင့်ပြုထား ပြီး မှတ်ပုံတင်ကာလ ၆လအတွင်း ထည့်ဝင်ကြေးပေးသွင့်တဲ့ကာလ  ၄လရှိပါကမကျန်းမာမှုငွေကြေးအကျိုးခံစားခွင့် ဖြစ်တဲ့ ဆေးကုသစရိတ်အချို့ကို လူမှုဖူလုံရေးမှ သက်ဆိုင်ရာအထောက်အထားတွေတင်ပြပြီး ထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆေးကုသမှုခံစားခွင့်မှာ  မကျန်းမာမှုအတွက်ဆေးကုသမှုခံစားခွင့် နဲ့ မီးဖွားမှုနဲ့ဆက်စပ်တဲ့ စရိတ်ခံစားခွင့်တွေအပြင်   ၊ နောက်တစ်မျိုး အာမခံလုပ်သားက အငြိမ်းစားပင်စင်ယူပြီးသူဖြစ်ပါကလည်း ထည့်ဝင်ကြေးကာလက ဖူလုံရေးအဖွဲ့မှသတ်မှတ်ထားတဲ့ ကာလအတွင်းထည့်ဝင်ငွေကြေးရှိပါက အလုပ်လုပ်ကိုင်ခြင်းမရှိတော့သော်လည်း ဆေးကုသမှုကုန်ကျစရိတ်ကို ရာခိုင်နှုန်းအလိုက်ပေးအပ်သွားမယ်လို့သိရပါတယ်။

အာမခံလုပ်သားမကျန်းမာမှုအတွက်ကို မှတ်ပုံတင်ကာလ၆လမှာ လူမှုဖူလုံရေးထည့်ဝင်ကြေး ၄လရှိပြီးပါက မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့်ဆေးဖိုးငွေကိုထုတ်ပေးမှာဖြစ်ပြီး မီးဖွားစရိတ်အကျိုးခံစားခွင့်မှာလည်း မှတ်ပုံတင်ကာလ၁၂လ မှာထည့်ဝင်ကြေး၆လ ရှိပြီးပါက မီးဖွားမှု ၊ ကလေးမွေးမှုနဲ့ဆက်စပ်တဲ့အကျိုးခံစားခွင့်တွေရရှိနိုင် ကာ ၂၀၁၂ခုနှစ် ရဲ့ ပြဋ္ဌာန်းထားတဲ့ လူမှုဖူလုံရေး  ဥပဒေအရ ထည့်ဝင်ကြေးပေးသွင်းတဲ့ကာလပေါင်း ၁၈၀ ကျော်ပါက အငြိမ်းစားယူပြီးနောက် ဆေးကုသမှုဆက်လက်ခံယူခွင့်ကို အငြိမ်းစားဆေးကုသမှုဆိုင်ရာ ကန့်သတ်ချက်များနဲ့အညီ လူမှုဖူလုံရေးအဖွဲ့မှဆေးကုသစရိတ် ကုန်ကျမှုကို၅၀ရာခိုင်နှုန်းကျခံပေးမယ်လို့ဆိုပါတယ်။

"မကျန်းမာမှုအတွက်ငွေကြေးအကျိုးခံစားခွင့်မှာက ဆေးကုသမှုခံနေရပြီးအလုပ်မဆင်းနိုင်တဲ့ကာလတွေအတွက် ပျှမ်းမျှလုပ်ခလစာရဲ့၆၀ရာခိုင်နှုန်းကိုငွေကြေးအကျိုးခံစားခွင့်ပြုထားတာဖြစ်ပြီး  အဲ့ဒီငွေကြေးရဖို့ လျှောက်ထားဖို့လိုအပ်တာတွေက  လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား၊ မကျန်းမာမှုဖြစ်ကြောင်းအလုပ်ရှင်ထံမှအကြောင်းကြားစာပုံစံ ၊ ဆရာဝန်မှဆေးခွင့်ပေးတဲ့ဆေးလက်မှတ်ပုံစံ၊ ဆေးရုံတက်ရပါကဆေးရုံတက်ဆင်းလက်မှတ်များ၊ လူနာကိုယ်တိုင်ရေးလျှောက်လွှာစတဲ့ အထောက်အထားများတင်ပြထားရမှာဖြစ်ပါတယ်"  လူမှုဖူလူံရေးအဖွဲ့တာဝန်ရှိသူကဆက်လက်ပြောကြားထားပါတယ်။

ပြည်တွင်းက အစိုးရ၊ ပုဂ္ဂလိက လူမှုဖူလုံရေးအာမခံလုပ်သားတွေအနေနဲ့ လူမှုဖူလုံရေးရပိုင်ခွင့်တွေကို တစ်ချို့လည်း သိရှိမှုအားနည်းတာနဲ့ အလုပ်ရှုပ်တယ်ဟုထင်မြင်တာတွေကြောင့် ထည့်ဝင်ကြေးပေးပြီး လုံးဝအသုံးမပြုတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

" ဖူလုံရေးစရိတ်အထောက်အပံ့က ကျန်းမာရေးအတွက် အသုံးပြုရတာကိုအာမခံအလုပ်သမားတွေကသိကြပေမယ့် ။ တစ်ခါတလေ ဖူလုံရေးစရိတ်တင်ရတာ အရမ်းကြာတယ် ၊ အလုပ်ရှုပ်တယ်ဆိုပြီး အသုံးမပြုကြတဲ့ အာမခံအလုပ်သမားတွေလည်း ပြည်တွင်းမှာအတော်များများရှိနေကြတယ်။ အဲ့ဒါကထည့်ဝင်ကြေးပေးနေရပြီး နစ်နာတာပေါ့ သေချာသိအောင် နဲ့ တစ်ချို့စာရွက်စာတမ်းအတိအကျမသိလို့ ဖူလုံရေးစရိတ်ကြန့်ကြာတာမဖြစ်အောင် အလုပ်သမားတွေအနေနဲ့လူမှုဖူလုံရေးဥပဒေပါကိစ္စရပ်တွေကို အကျယ်တဝင့် သိရှိကြဖို့တော့လိုအပ်တာပေါ့"လို့ လူမှုဖူလုံရေးအဖွဲ့ဝင် အာမခံအလုပ်သမားတစ်ဦးက  မိမိအမြင်ကို ပြောကြားထားပါတယ်။

 


Related posts

Cover
လုပ်ငန်းခွင်ထိခိုက်မှုအတွက် ဖူလုံရေးစရိတ်ထုတ်ယူရာမှာ သတ်မှတ်ချက်တွေကြောင့် နစ်နာမှုဖြစ်ပေါ်နေ
Jul 23, 2024
Cover
လူမှုဖူလုံရေးအာမခံအကျုံးဝင်လုပ်သားတွေအတွက်  ဖခင်ဖြစ်ခွင့်အကျိုးခံစားခွင့်ကို ရရှိမှုမရှိသလောက်ဖြစ်နေ
Jul 22, 2024
Cover
ကိုယ်ဝန်ဆောင်အလုပ်သမား မီးဖွားခွင့်ဆိုင်ရာ ဖူလုံရေးထောက်ပံ့ငွေ ခံစားခွင့်ထုတ်ယူရာမှာအခက်အခဲများရှိနေ
Jul 19, 2024
Cover
လူမှုဖူလုံရေး အကျုံးဝင်လုပ်သားတွေအတွက် ဆေးကုသခွင့်ကို နည်းလမ်း ၃ မျိုးနဲ့လုပ်ဆောင်နေဟုဆို
Jul 17, 2024