မီးဖိုချောင်သုံးဂတ်စ်(LPG)အရည်ပြတ်လပ်မှုကြောင့်တစ်နိုင်တပိုင်အရောင်းဆိုင်အများစုဆိုင်ပိတ်ထားရတယ်လို့ရောင်းချသူတွေဆီကသိရပါတယ်။
လက်ရှိမှာဂတ်စ်ဈေးနှုန်းတွေလည်းမြင့်တက်နေပြီးဖွင့်လှစ်ရောင်းချနေသူတွေကတော့ဂတ်စ်တစ်ပိဿာကိုကျပ်(၈၅၀၀)နဲ့ဘူးသေးတစ်ဘူးကိုတော့ကျပ်(၁၅၀၀)ရောင်းချနေကြပါတယ်။
"ပြီးခဲ့တဲ့အပတ်ထဲကအိုးတွေကခွဲတမ်းနဲ့ရတာ။ဒီအပတ်ဆိုလုံးဝမချပေးဘူး။နောက်ပိုင်းတွေဆိုင်တွေလည်းခွဲတမ်းနဲ့ပဲရတော့မယ်လည်းကြားနေတယ်။နောက်ဆုံးချတဲ့ 48kg ဈေးကတော့နှစ်သိန်းတစ်သောင်းနီးပါးထိဖြစ်သွားတယ်"လို့ဂတ်အရောင်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာဂတ်စ်အရည်တွေပြတ်တောက်နေသလိုမီးဖိုနဲ့ဆက်စပ်ပစွည်းတွေလည်းဈေးနှုန်းတွေထပ်မံမြင့်တက်လာပါတယ်။ဂတ်စ်နဲ့ဆက်စပ်ပစ္စည်းအမျိုးအစားတစ်ခုကိုအနည်းဆုံးကျပ်တစ်ထောင်ကနေသောင်းဂဏန်းအထိဈေးတွေတက်လာတယ်လို့အရောင်းဆိုင်တွေကသိရပါတယ်။
"အပြင်မှာအချင်းချင်းလိုက်ဝယ်တဲ့အိုးဈေးကနှစ်သိန်းခွဲလောက်ထိရှိတယ်။လိုသလောက်ဝယ်မရဘူး။ကုမ္ပဏီကပြောတာတော့ဂတ်စ်အရည်ထုတ်မရတာပြောတယ်။၁၃ရက်နောက်ပိုင်းတော့ပြန်ရမယ်ပြောတာပဲ"လို့ဂတ်စ်အရည်ဖြန့်ဖြူးသူတစ်ဦးကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလျှပ်စစ်မီးပြတ်တောက်ချိန်များလာတာကြောင့်ပြည်တွင်းမှာဂတ်စ်သုံးစွဲသူများလာပါတယ်။လက်ရှိမှာဂတ်စ်ဈေးကွက်မှာလည်းအရည်မကြာခဏပြတ်တောက်တာ၊ ဈေးနှုန်းတွေမငြိမ်တာနဲ့စံချိန်တင်ဈေးမြင့်တက်တာတွေဖြစ်ပေါ်နေပါတယ်။