ARTICLE

နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း

CoverLogo
393 Views
 
 
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ လုပ်ငန်းလည်ပတ်မှု မတည်ငြိမ်မှုများကို ဖြေရှင်းရန် နည်းပညာတိုးတက်မှုများနှင့် စွမ်းအင်အသုံးပြုမှုများကို ပိုအာရုံစိုက် လာခဲ့သည်။
 
သို့ရာတွင် နိုင်ငံရေးမသေချာမှုများကြောင့် ကဏ္ဍ၏ ရေရှည်အနာဂတ်တွင် အတွက် လမ်းပျောက်နေဆဲ ဖြစ်ပါသည်။
 
အထည်ချုပ်ကဏ္ဍသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တစ်ဝက်ခန့်သည် ၂၀၂၁ မတိုင်မီ ဆယ်စုနှစ်အတွင်း ဝင်ရောက်လာခဲ့ကြသည်။
 
၂၀၁၆ မှ ၂၀၂၁ အထိ စစ်အာဏာသိမ်းမှုမတိုင်မီကာလအတွင်း စက်ပစ္စည်းများကို အကြီးစားအဆင့်မြှင့် တင်ခဲ့သော်လည်း၊ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအရ အမြင့်ဆုံးနည်းပညာများ မဟုတ်သေးကြောင်း သိရသည်။
 
လက်ရှိအချိန်တွင်စက်ရုံအများစုသည် သက်တမ်း ၅ နှစ်မှ ၆ နှစ်ခန့်သာရှိသော စက်ပစ္စည်းများကို ဆက်လက်အသုံးပြုနေကြသည်။
 
ပြည်တွင်းစစ်နှင့် နိုင်ငံတဝှမ်း ထိန်းချုပ်မှုအပြောင်းအလဲများကြောင့် လျှပ်စစ်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများ ပြတ်တောက်လာခဲ့ရာ အထည်ချုပ်နှင့် အထည်အလိပ်ကဏ္ဍသည် စွမ်းအင်ထောက်ပံ့မှု ဘက်တွင် ဒုတိယအကြိမ် ခေတ်မီပြုပြင်တိုးတက်မှုကို ကြုံတွေ့နေရသည်ဟု ကျွမ်းကျင်သူများက Just Style သို့ ပြောကြားခဲ့သည်။
 
ကမ္ဘာ့ဘဏ်၏ “In the Dark” (၂၀၂၃) အစီရင်ခံစာအရ မြို့ကြီးများနှင့် စက်မှုဇုန်များတွင် မကြာခဏ လျှပ်စစ်ပြတ်တောက်မှုများ ဖြစ်ပွားနေပြီး စက်ရုံများနှင့် စီးပွားရေး အဆောက်အအုံများသည် ဒီဇယ်မီးစက်များ သို့မဟုတ် အစိုးရလျှပ်စစ်ကွန်ယက်ကို မမှီခိုဘဲ ကိုယ်ပိုင် စနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်အသုံးပြုနေရသဖြင့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် မြင့်တက်ကာ အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်းစေကြောင်း ဖော်ပြထားသည်။
 
EU ရန်ပုံငွေဖြင့် ထောက်ပံ့ထားသော MADE in Myanmar စီမံကိန်း၏ အဖွဲ့ခေါင်းဆောင် Jacob Andrew Clere က မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများသည် ဒီဇယ်အသုံးပြုမှုကို လျော့ချရန် နေရောင်ခြည်စနစ်များ၊ လီသီယမ်အိုင်အုန် ဘက်ထရီသိုလှောင်စနစ်များနှင့် အင်ဗာတာများကို တပ်ဆင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
 
Clere က MADE in Myanmar သည် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်နည်းပညာများကို အားပေး ထောက်ခံပြီး ၂၀၂၅ ဒီဇင်ဘာ ၃၁ မတိုင်မီ ကျောက်မီးသွေးကို ဘွိုင်လာလောင်စာအဖြစ် အသုံးပြုမှုကို ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းရန် ရည်မှန်းထားကြောင်း အလေးပေးပြောကြားခဲ့သည်။
 
“ကျွန်ုပ်တို့အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံး ခေါင်မိုးပေါ် နေရောင်ခြည်စနစ် တပ်ဆင်သည့် စက်ရုံနှင့် ဝန်ဆောင်မှုပေး သူကို ချိတ်ဆက်ပေးခဲ့ပြီး၊ ခေါင်မိုးပေါ် နေရောင်ခြည်စနစ် တပ်ဆင်ထားသော စက်ရုံ ၂၀ ကျော်ကို စနစ်စွမ်းဆောင်ရည်နှင့် လုံခြုံရေး တိုးတက်စေရန် အကြံပေးခဲ့ပြီး။
 
ထိုအပြင် ကျောက်မီး သွေးနှင့် ထင်းအစား ပြန်လည်အသုံးချပြီး လောင်စာအဖြစ် ထုတ်လုပ်ထားတဲ့ ဇီဝလောင်စာ (biomass fuel) အသုံးပြုနိုင်ရန်လည်း အထူးအကြံပေးခဲ့ပါသည်” ဟု Just Style သို့ ပြောကြားခဲ့သည်။
 
Clere အဆိုအရ ယင်းရင်းနှီးမြှုပ်နှံမှုများကြောင့် လောင်စာကုန်ကျစရိတ် လျော့နည်းလာပြီး ထုတ်လုပ်မှု တည်ငြိမ်လာပြီး အလုပ်လုပ်သည့် ပတ်ဝန်းကျင်ကောင်းမွန်လာသည်။
 
၂၀၂၆ တွင် မြန်မာ နိုင်ငံ၏ အကြီးဆုံး အထည်ချုပ်ထုတ်လုပ်သူများသည် ခေတ်မီစက်ပစ္စည်းများနှင့် နေရောင် ခြည်စွမ်းအင် ထုတ်လုပ်မှုကို ပေါင်းစပ်အသုံးပြုလာမည်ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်း လာကာ နိုင်ငံတကာဝယ်လက်များအတွက် ပိုမိုဆွဲဆောင်မှုရှိလာမည်ဟု သူက ပြောသည်။
 
နိုင်ငံရေးအကျပ်အတည်းနှင့် စစ်ရေးပဋိပက္ခများကြားတွင်ပင် အနောက်နိုင်ငံဝယ်လက် ၁၀၀ ကျော်သည် ယနေ့အချိန်ထိ မြန်မာနိုင်ငံမှ ဆက်လက် ဝယ်ယူနေကြသည်။
 
၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း ထွက်ခွာသွားသော ကုမ္ပဏီအချို့သည် ပြန်လည်ဝင်ရောက်လာကြပြီး၊ ထွက်ခွါရန် စီစဉ်ထားသူ အချို့လည်း ဆုံးဖြတ်ချက် ပြန်လည်ပြင်ဆင်ခဲ့ကြသည်။
 
EU သည် အထည်ချုပ်တင်ပို့မှု၏ ၅၂ မှ ၅၄ ရာခိုင်နှုန်းအထိကို ကိုယ်စားပြုနေပြီး၊ တရုတ်နှင့် ရုရှားသည် တစ်ခုစီ ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း EuroCham Myanmar (၂၀၂၃)၊ ကမ္ဘာ့ဘဏ် (၂၀၂၃) နှင့် UNDP အချက်အလက်များအရ သိရသည်။
 
Clere က ယူကေ နှင့် ဂျာမနီမှ ဝယ်လက်များ အများစု ထွက်ခွာသွားခဲ့သော်လည်း အီတလီ၊ ပြင်သစ်၊ ချက်ကီးယား၊ ပိုလန်နှင့် တူရကီမှ ဝယ်လက်များဖြင့် တစ်စိတ်တစ်ပိုင်း အစားထိုးခံရကြောင်း ပြောကြားခဲ့သည်။
 
Germany သည် မြန်မာအတွက် အကြီးစွာသော စျေးကွက်အဖြစ် ဆက်လက်ရှိ နေပြီး ၂၀၂၅ ခုနှစ်တွင် အဝတ်အထည်၊ ဖိနပ်နှင့် လက်ကိုင်အိတ် တင်ပို့မှု တန်ဖိုး ယူရို ၁.၂ ဘီလီယံ ကျော်မည်ဟု ခန့်မှန်းထားသည်။
 
သို့သော် စက်မှုကဏ္ဍတစ်ခုလုံးအနေဖြင့် နိုင်ငံတကာမှ ကုန်ပစ္စည်းမဝယ်ယူရန် တိုက်တွန်းသည့် လှုပ်ရှားမှုများ၊ အလုပ်မလုပ်နိုင်သေးသော စက်ရုံအလုပ်ခုံ ၂၀၀,၀၀၀ ခန့်နှင့် အသုံးမချနိုင်သေးသည့် ယူရို ၁ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကြောင့် ထုတ်လုပ်နိုင်စွမ်း ကျဆင်းနေဆဲဖြစ်ပြီး စိန်ခေါ်မှုများကို ဆက်လက်ကြုံတွေ့နေရကြောင်း သိရသည်။
 
၂၀၂၅ ခုနှစ်တွင် အထည်ချုပ်၊ အထည်အလိပ်နှင့် ဖိနပ်တင်ပို့မှု တန်ဖိုးသည် ဒေါ်လာ ၈–၉ ဘီလီယံခန့်သာ ရှိမည်ဟု ခန့်မှန်းထားပြီး၊ အာဏာသိမ်းမှုမတိုင်မီ အဆင့်များထက် အလွန်လျော့နည်းနေဆဲဖြစ်သည်။
 
လုံခြုံရေးအန္တရာယ်များနှင့် သွားလာခွင့်ကန့်သတ်ချက်များကြောင့် နိုင်ငံတကာဝယ်လက်များသည် မြန်မာနိုင်ငံသို့ ကိုယ်တိုင် လာရောက်စစ်ဆေးနိုင်ခြင်း မရှိသေးဘဲ ကဏ္ဍ၏ ပြန်လည်ထူထောင်ရေးသည် အချိန်ရှည် ကြာနိုင် ကြောင်း ဖော်ပြနေသည်။
 
စစ်အစိုးရထိန်းချုပ်နယ်မြေများတွင် ဒီဇင်ဘာလအဆုံးတွင် ရွေးကောက်ပွဲကျင်းပရန် စီမံထားသဖြင့် နိုင်ငံတကာဝယ်လက်အများစုသည် “စောင့်ကြည့်ကြမယ်” ဟု သဘောထားထားကြသည်။
 
Council on Foreign Relations (၂၀၂၅) အဆိုအရ စစ်တပ်သည် နိုင်ငံမြေ၏ ၂၁ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားပြီး၊ တော်လှန်ရေးအဖွဲ့များနှင့် လူမျိုးရေးလက်နက်ကိုင်များက ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကာ ကျန်ဒေသများမှာ ပြိုင်ဆိုင်နေဆဲဖြစ်သည်။
 
သို့သော် စက်ရုံများသည် အနာဂတ်တွင်အမှာစာများ ပြန်လည်တက်လာနိုင်သည်ကို မျှော်လင့်ကာ စွမ်းရည်တိုးချဲ့ခြင်းနှင့် အလုပ်သမားလေ့ကျင့်ရေးများကို ကြိုတင်လုပ်ဆောင်နေကြသည်။
 
“ရွေးကောက်ပွဲပြီးနောက် ၂၀၂၆ အတွက် မျှော်မှန်းချက်ကို စက်ရုံခြောက်ခုကို မေးမြန်းခဲ့ရာ ငါးခုက အကောင်းမြင်ကြပြီး တစ်ခုက မကောင်းမြင်ခဲ့ပါသည်” ဟု Clere က ပြောသည်။ “ဒါက ကဏ္ဍရဲ့ စိတ်နေ သဘောထားကို ပြသနေပါတယ် မျှော်လင့်ချက်မြင့်မားပေမယ့် ယုံကြည်မှုကတော့ အားလုံး အတွက် မတူညီပါဘူး” ဟုဆိုသည်။
 
မြန်မာနိုင်ငံ တာဝန်ခံ စီးပွားရေးစင်တာ အကြီးအကဲဟောင်း ဖြစ်ပြီး Global Network Initiative (GNI) ၏ လက်ရှိဥက္ကဋ္ဌ ဖြစ်သူ Vicky Bowman က EU နှင့် ဂျပန် စျေးကွက်များရှိ လက်လီရောင်း ချသူများသည် နိုင်ငံရေးအခြေအနေနှင့် စစ်တပ်စီစဉ်သော ရွေးကောက်ပွဲများကို အနီးကပ် စောင့်ကြည့် နေကြောင်းပြောကြားခဲ့သည်။
 
အထူးသဖြင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ သို့မဟုတ် အလုပ်သမား အခွင့်အရေး ကာကွယ်သူများကို ဖမ်းဆီးခြင်းများ ဖြစ်ပေါ်လာပါက စိုးရိမ်မှုများ ပိုမိုမြင့် တက်လာမည်ဟု သူမက ဆိုသည်။
 
ရွေးကောက်ပွဲပြီးနောက် ဥရောပမှ လက်လီရောင်းချသူများအနေဖြင့် လစာအနည်းဆုံးနှုန်း တိုးမြှင့်ပေးခြင်း၊ မဖြစ်မနေ စစ်မှုထမ်းစေမှုကို ရပ်တန့်ခြင်းနှင့် လျှပ်စစ်ထောက်ပံ့ရေးစနစ် ပိုမိုတိုး တက်ကောင်း မွန်လာခြင်းတို့ကို မျှော်လင့်နေကြောင်း Bowman က ထပ်မံ ပြောကြားခဲ့သည်။
 
လုံခြုံရေးအကြောင်းကြောင့် အမည်မဖော်ပြထားသည့် ပြည်တွင်းအခြေစိုက် ပို့ကုန်လုပ်ငန်းတစ်ခု၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးမှ ရလာဒ်မည်သို့ပင်ဖြစ်စေ အပြောင်းအလဲနည်းပါးမည်ဟု ခန့်မှန်းခဲ့သည်။
 
 “စစ်တပ်က အစိုးရအသစ်ကို ဆက်လက် ထိန်းချုပ်နေမယ်ဆိုရင်၊ သို့မဟုတ် မင်းအောင်လှိုင်က နောက်ထပ် အရပ်သားအစိုးရတစ်ခု ခန့်အပ်ခဲ့ရင် နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ ဆက်ရှိနေဦးမှာပါ” ဟု ပြောသည်။
 
Just Style သည် မြန်မာအထည်ချုပ်ထုတ်လုပ်သူများအသင်း (MGMA) သို့ မှတ်ချက် တောင်းခံ ခဲ့သော်လည်း ပြောကြားရန် ငြင်းဆိုခဲ့သည်။
 
မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားအခွင့်အရေး လှုပ်ရှား သူများကလည်း လုံခြုံရေးအကြောင်းကြောင့် မှတ်ချက်မပေးခဲ့ကြပါ။
 
ဖြည့်စွက်ချက် Just Style (သတင်းဌာန) သည် ဖက်ရှင်၊ အဝတ်အထည်နှင့် အထည်ချုပ်လုပ်ငန်း (apparel & textile industry) ဆိုင်ရာ အကြောင်းအရာများကို အထူးပြုဖော်ပြသည့် သတင်းမီဒီယာ (trade news outlet) တစ်ခု ဖြစ်ပါသည်။ ဤဆောင်းပါးကို ရေးသားရာတွင် Just Style တွင် ဖော်ပြခဲ့သော ဆောင်းပါးကို ဆောင်းပါရှင်၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ပြီး ကိုးကား ရေးသားထားခြင်း ဖြစ်ပါသည်။
 
မူရင်းဆောင်းပါးလင့် https://www.just-style.com/.../myanmar-garment-sector.../
 
 
 
 
 

Related posts

Cover
ဗီနိုင်းထက်က ILO နှင့် မြေပြင်က ဖိနှိပ်မှုများ- Bontech စက်ရုံဖြစ်စဉ် ဆန်းစစ်ခြင်း
Mar 23, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)
Mar 15, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
"မေတ္တာနဲ့ အသိအမှတ်ပြုမှု တောင်းဆိုခြင်း - လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဝန်းကျင်တစ်ခု"
Mar 08, 2026
Cover
Pad သည် စစ်လက်နက်မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ
Mar 06, 2026
Cover
၁၂,၀၀၀ ကျပ်က ဇိမ်ခံဖို့ မဟုတ်၊ အသက်ဆက်ဖို့
Feb 26, 2026
Cover
တစ် နဲ့ တစ် ပေါင်းပြီး သုည ဖြစ်နေတဲ့ လူသားတန်ဘိုး ဆုံးရှုံးမှု၊ ဆင်းရဲမှု သံသရာ နဲ့ လူမှု တရားမျှတမှု
Feb 20, 2026