ARTICLE

ကိုလိုနီခေတ်ဥပဒေ အသက်ဝင်နေဆဲလား။

CoverLogo
379 Views

ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ဒေါ်မျိုးမျိုးအေးနှင့် သမီးဖြစ်သူ သင်းထက်စံ အပါအဝင် ရုံးအဖွဲ့သား ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ယခုအခါ တစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ 

၎င်းတို့ ၁၀ ဦးသည် စစ်ကြောရေးစစ်ခန်းတွင် ၁၀ ရက်ကြာ ဖြတ်သန်းပြီးနောက် ရွှေပြည်သာမြို့နယ် ရဲစခန်းသို့ ၈ ဦး၊ မြောက်ဥက္ကလာရဲစခန်းသို့ ၁ ဦး၊ အင်းစိန်ရဲစခန်းသို့ ၁ ဦး တို့ကို သက်ဆိုင်ရာ ရဲစခန်းများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းတို့အား ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာနှင့် အင်းစိန် ရဲစခန်းများတွင် (၁၃) ရက်ကြာ ထိန်းသိမ်းထားပြီးနောက် အင်းစိန်ထောင် အချုပ်သို့ ပို့ဆောင်ကာ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ် တရားရုံးအသီးသီးတွင် ၄ကြိမ် တရားရုံးထုတ်ပြီး စတုတ္ထအကြိမ်မှာသာ စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။

 

ကိုလိုနီခေတ် ဥပဒေဖြင့် အရေးယူခြင်း

ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၏ အမိန့်ညွှန်ကြားချက်အရ ကိုလိုနီခေတ်လက်ကျန်ဖြစ်သည့် သူကြီးဥပဒေ၊ ခြေချုပ်နှင့်ခံဝန်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် အရေးယူဆောင်ရွက်ရန် ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ထွေအုပ်ချုပ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကိုလိုနီခေတ်က လက်ကျန်ဖြစ်သည့် ခံဝန်ခြေချုပ်ဥပဒေဖြင့် အရေးယူခြင်းသည် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သိက္ခာကျဆင်းစေနိုင်သော ကိစ္စရပ် တစ်ရပ်ဖြစ်သည်။ ယင်းဥပဒေသည် လွတ်လပ်ရေး မရရှိမီ ကာလက တည်ရှိခဲ့ပြီး ယနေ့ခေတ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့် မကိုက်ညီတော့ပါ။

ဤဥပဒေကို အသုံးပြုခြင်းသည် ပြည်သူလူထု၏ လွတ်လပ်စွာ စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် မိမိ၏ အမြင်ကို ဖော်ထုတ်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများကို ထိခိုက်စေနိုင်သည်။

အထူးသဖြင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးနေသူများအပေါ် ယင်းကဲ့သို့သော ရှေးခေတ်ဥပဒေများဖြင့် အရေးယူခြင်းသည် ၎င်းတို့၏ လုပ်ငန်း တာဝန်ကို အဟန့်အတားဖြစ်စေရုံသာမက လူ့ဘောင်လောကတွင် ၎င်းတို့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင် သည်။

ယနေ့ခေတ်တွင် နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုကို တိုင်းတာရာ၌ ၎င်း၏ ဥပဒေစနစ်သည် ခေတ်မီတိုးတက်ပြီး လူ့အခွင့်အရေးကို အလေးထားမှုအပေါ်တွင်လည်း များစွာ မူတည်နေပါသည်။ ရှေးခေတ်ဥပဒေများကို အသုံးပြုခြင်းသည် နိုင်ငံ၏ ဥပဒေစနစ်၏ ခေတ်နောက်ကျမှုကိုလည်း ဖော်ပြနေခြင်း ဖြစ်ပါသည်။

"ခြေချုပ်နှင့်ခံဝန်ဥပဒေ" သည် လူ့အခွင့်အရေးကြေညာစာတမ်းနှင့် အခြားသော နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူညီချက်များ၏ မူများနှင့် လုံးဝ ဆန့်ကျင် နေပါသည်။

လူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းနှင့် တရားစီရင် ခြင်း တို့သည် ဥပဒေနှင့်အညီ၊ တရားမျှတသော တရားစီရင်ရေးစနစ်၏ အောက်မှသာလျှင် ဖြစ်သင့်သည်။ အထူးသဖြင့် ခံဝန်ဥပဒေကဲ့သို့သော ဥပဒေများသည် ကြိုတင် ကာကွယ်မှု အမည်ခံ၍ လွတ်လပ်ခွင့်ကို အလွန်အကျွံ ကန့်သတ်ထားသည်။

အဂတိကင်းရှင်းရေးနှင့် တရားစီရင်ရေး

တရားစီရင်ရေးသည် လွတ်လပ်စွာ ဆောင်ရွက်ရမည်ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်း၏ ညွှန်ကြားမှုဖြင့် တရားစီရင်ရေးကို လွှမ်းမိုးခြင်းသည် တရားမျှတမှုကို ပျက်ပြား စေနိုင်သည်။

ဒေါ်မျိုးမျိုးအေး နှင့်အဖွဲ့သားများသည်ဝါဏိဇ္ဇ အက်ဥပဒေအရ ဖွဲ့စည်းထား သောမြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့တွင် အလုပ်ရှင် အလုပ်သမား အငြင်းပွား မှုများကို ဖြေရှင်းဆောင်ရွက် ပေးနေသည်ကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် အုပ်ချုပ်ရေး ဆိုင်ရာ များ၏ အဂတိကင်းရှင်းရေး အပေါ်တွင် မေးခွန်းထုတ် စရာ ဖြစ်လာ သည်။

အဆိုပါ ဥပဒေများကို အသုံးပြုခြင်းသည် တရားမျှတမှု ရှိ၊ မရှိ၊ မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ကို ပြည်သူလူထုက စောင့်ကြည့်လျက်ရှိသည်။

ခေတ်မီတိုးတက်သော နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ဥပဒေ၏အောက်မှ အားလုံးတန်းတူ ဖြစ်ရမည်ဖြစ်ပြီး လူ့အခွင့်အရေးကို အလေးထား ရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လည်း ခေတ်နောက်ကျနေသည့် ဥပဒေများကို ပြင်ဆင်ရန် အရေးတကြီး ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။

 


Related posts

Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ဗီနိုင်းထက်က ILO နှင့် မြေပြင်က ဖိနှိပ်မှုများ- Bontech စက်ရုံဖြစ်စဉ် ဆန်းစစ်ခြင်း
Mar 23, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)
Mar 15, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
"မေတ္တာနဲ့ အသိအမှတ်ပြုမှု တောင်းဆိုခြင်း - လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဝန်းကျင်တစ်ခု"
Mar 08, 2026
Cover
Pad သည် စစ်လက်နက်မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ
Mar 06, 2026
Cover
၁၂,၀၀၀ ကျပ်က ဇိမ်ခံဖို့ မဟုတ်၊ အသက်ဆက်ဖို့
Feb 26, 2026