NEWS

ကိုယ်ဝန်ဆောင်အလုပ်သမား မီးဖွားခွင့်ဆိုင်ရာ ဖူလုံရေးထောက်ပံ့ငွေ ခံစားခွင့်ထုတ်ယူရာမှာအခက်အခဲများရှိနေ

CoverLogo
2K Views

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအမျိုးသမီးအလုပ်သမားများရဲ့ မီးဖွားခြင်းကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆေးကုသမှုဖူလုံရေးစရိတ်ကို  မီးဖွားတဲ့အခြေအနေအကြောင်းအရာ ၅ မျိုးသတ်မှတ်ကာ နှုန်းထားအလိုက် သတ်မှတ်ထုတ်ပေးတယ်လို့ သိရပါတယ်။

အာမခံအမျိုးသမီးအလုပ်သမားများအနေနဲ့ မီးဖွားခြင်းအတွက် ဆေးကုသစရိတ်ကိုပြန်လည်တောင်းခံရာမှာ ကုန်ကျစရိတ်များအား တစ်ပြေးညီခံစားခွင့်ရရှိစေဖို့  (၁) ရိုးရိုးမီးဖွားခြင်း အခြေအနေအတွက် ဆေးကုစရိတ်ကို ငွေကျပ် ၃၀၀၀၀၀ ၊ (၂) ခွဲစိတ်မီးဖွားခြင်း အခြေအနေအတွက် ဆေးကုသစရိတ်ကိုငွေကျပ် ၅၅၀၀၀၀ ၊ (၃) ကိုယ်ဝန်ပျက်ကျခြင်းအတွက် ဆေးကုသစရိတ်ကို ငွေကျပ် ၂၈၀၀၀၀ ၊( ၄) လေစုပ်/ ညှပ်ဆွဲမီးဖွားခြင်းအတွက် ဆေးကုသစရိတ်ကိုငွေကျပ်၃၂၀၀၀၀ နဲ့  (၅) နေရာလွဲမှား သန္ဓေတည်ခြင်းအတွက် ဆေးကုသစရိတ်ကို ငွေကျပ် ၅၀၀၀၀၀ နှုန်း သတ်မှတ်ထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မီးဖွားခြင်းသတ်မှတ်ချက် အကြောင်းအရာ ၅ မျိုးနဲ့ အကျုံးမဝင်တဲ့  မီးဖွာခြင်းရဲ့နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့ အချင်းကပ်ခြင်း ၊  သွေးသွန်ခြင်းရောဂါ နဲ့ နာတာရှည် ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါနဲ့ သွေးရောဂါများဖြစ်ပွားပါကလည်း ဆေးဖိုးကုန်ကျငွေကို စီစစ်ပြီးထပ်ပေါင်း ပေးအပ်ရန်  ၂၀၂၁ ခုနှစ်က စတင်ခွင့်ပြုပေးခဲ့ကြောင်း  သိရပါတယ်။

လူမှုဖူလုံရေးဥပဒေအရ အထက်ပါ နည်းလမ်းတွေနဲ့ ခွင့်ပြုပေးနေတယ်လို့ ပြောထားပေမဲ့ အမှန်တကယ်အာမခံအလုပ်သမားတွေအနေနဲ့တော့ ဖူလုံရေးစရိတ်တောင်းခံရာမှာ အခက်အခဲအမျိုးမျိုးရှိလို့ ခံစားခွင့်တွေ ဆုံးရှုံးနေရတယ်လို့ အာမခံ အလုပ်သမားတွေကပြောပါတယ်။လက်ရှိ အာဏာသိမ်းအစိုးရလက်ထက်မှာတော့ စက်ရုံအလုပ်ရုံလုပ်ငန်းအချို့မှာ ကိုယ်ဝန်ဆောင်လုပ်သားတွေကို အလုပ်ကထုတ်ပယ်တာတွေလည်းပြုလုပ်လျက်ရှိနေပါတယ်။

"မီးဖွားဖို့ ဖူလုံရေးစရိတ်ကို တင်ထားတာ ကလေးမမွေးခင်ကတည်းပါ အခုပဲ ကလေးက ၃လကျော် ၄လထဲရောက်နေပြီ စရိတ်ကမရသေးဘူး ။ သူများတွေတော့ရကြတယ်ပြောတယ်။ ကိုယ်ကဘာလိုအပ်နေလဲမသိဘူး ။ ရတဲ့သူတွေကတော့ ကိုယ်ဖောင်တင်တဲ့ ဖူလုံရေးရုံးမှာသွားမေးဖို့အကြံပေးကြတယ်။ တစ်ချို့လည်း ကလေးမီးဖွားပြီးလုပ်ငန်းခွင်ဝင်လို့ခွင့်ရက်စေ့တဲ့အချိန်မှရကြတယ်ပြောတယ်။ ဘယ်ဟာအမှန်လဲတော့မသိပါဘူး"လို့ လူမှုဖူလုံရေးအဖွဲ့မှာ မီးဖွားစရိတ်တောင်းခံထားတဲ့ အာမခံအမျိုးသမီးအလုပ်သမားတစ်ဦးကပြောပါတယ်။

အာမခံအမျိုးသမီးအလုပ်သမားများ က မီးဖွားစရိတ်တောင်းခံရန် ဖူလုံရေးအဖွဲ့မှာ မှတ်ပုံတင်တဲ့ကာလ ၁၂လ အတွင်း လူမှုဖူလုံရေးကြေးထည့်ဝင်ပေးသွင်းတဲ့ကာလ ၆လရှိပါက မီးဖွားခွင့်အတွက်ရမယ့် ခွင့်ရက်နဲ့အကျိုးခံစားခွင့်တွေကို ရရှိနိုင်ကာ  မီးဖွားခွင့် ဆေးကုသစရိတ်ရဖို့လျှောက်ထားတင်ပြရမယ့် အချက်အလက်တွေအနေနဲ့  အလုပ်သမားရဲ့မီးဖွားမှုအကျိုးခံစားခွင့်ဖြည့်စွက်ဖောင်ပုံစံ ၊ လူမှုဖူလုံရေးဆေးခန်းကနေပေးတဲ့ မမွေးခင်ခွင့် ၆ပတ် ပုံစံဖောင်မူရင်းနဲ့မိတ္တူ ၊ မွေးပြီးခွင့်၈ပတ် ပုံစံဖောင် မူရင်းနဲ့မိတ္တူ ၊ မိမိရဲ့ အလုပ်ရုံဌာနရဲ့ မီးဖွားသည်မှာမှန်ကန်ကြောင်းထောက်ခံစာနဲ့ မွေးစာရင်းမိတ္တူ ၊ လူမှုဖူလုံရေးကတ်ပြားမိတ္တူ နဲ့ အလုပ်သမားရဲ့ကိုယ်တိုင်ရေးလျှောက်လွှာ တွေ ပူးတွဲတင်ပြ ပြီး အချက်အလက်စီစစ်ရာတွင် ပြည့်စုံမှ ဆေးကုသစရိတ်ကို ရရှိနိုင်မယ်လို့ ဆိုထားပါတယ်။

"မီးဖွားစရိတ်ကို ဖူလုံရေးဌာနမှာ လျှောက်ထားတောင်းခံရာမှာလိုအပ်တဲ့အချက်အလက်ပြည့်စုံရင် မီးဖွားပြီး ၄၅ရက်ပြည့်တာနဲ့ရရှိနိုင်ပါတယ်။ တစ်ချို့မရရှိသေးတာက စီစစ်ရမှာ အချက်အလက်လွဲမှားနေတာနဲ့တင်ပြမှုမှာလိုအပ်ချက်ကျန်ရှိနေသေးတာမျိုးတွေဆို လိုအပ်တဲ့အထောက်အထားပြန်လည်ဖြည့်သွင်းပြီးမှ အကျိုးခံစားခွင့်ကို ရ ရှိနိုင်မှာပါ။ မီးဖွားခွင့်အနေနဲ့ စုစုပေါင်း၁၄ပတ်ကိုခွင့်ပြုထားပြီး မီးဖွားစရိတ်ကိုတော့နှုန်းထားသတ်မှတ်ချက်များအတိုင်းပြန်လည်ထုတ်ပေးရာမှာ အာမခံအလုပ်သမားရဲ့လုပ်ခလစာကနေ ၇၀ရာခိုင်နှုန်းကို ပြန်လည်ထုတ်ပေးနေတာဖြစ်ပါတယ်"လို့ လူမှုဖူလုံရေးဌာန မှတာဝန်ရှိသူကရှင်းပြထားပါတယ်။

မီးဖွားစရိတ်အကျိုးခံစားခွင့် များထဲတွင်  မီးဖွားတဲ့အကျိုးခံစားခွင့်(မီးဖွားစရိတ်)  ၊ ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်( ဖခင်ဖြစ်မှုစရိတ်) ၊ အာမခံထားသူအလုပ်သမားရဲ့ မွေးကင်းစကလေးအားဆေးကုသမှုခံယူခွင့် နဲ့အာမခံထားသူအလုပ်သမားရဲ့ ၁နှစ်အောက်ကလေးမွေးစားမှုအတွက်အကျိုးခံစားခွင့်စသဖြင့် သတ်မှတ်ထားပြီး လူမှုဖူလုံရေးဌာန ကနေ မီးဖွားခွင့်ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် ကို သားဖွားမီးယပ်ပြင်ပလူနာဌာန ဆေးခန်းပေါင်း၄၅ခန်း နဲ့ သားဖွားဝန်ဆောင်မှုဆေးရုံဆေးခန်း ၁၅ခန်း ကိုဖွင့်လှစ်ပေးထားကြောင်း ကြေညာချက်အရ သိရပါတယ်။

 


Related posts

Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025
Cover
အာမခံလုပ်သား သားသမီး ပညာသင်စရိတ်ထောက်ပံ့ငွေ စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားလျှောက်ရမည်ဟုဆို
Aug 26, 2025
Cover
Dong Chen Handbag စက်ရုံ ဖူလုံရေး မွေးဖွားစာရိတ် ကျပ် ခုနှစ်သောင်း ရမည်ဟု ပြောဆို
Jun 14, 2025
Cover
Shunrong Garment Myanmar လူမှုဖူလုံရေး လစဉ် ပေးသွင်းရပေမဲ့ ဆေးခွင့်မပေး
Jun 11, 2025
Cover
လူမှုဖူလုံရေးအာမခံ လုပ်သားများ၏ သားသမီးများပညာသင်ထောက်ပံငွေ ရမည်
May 27, 2025
Cover
လူမှုဖူလုံရေး အာမခံကြေး လစဉ်ပေးသွင်းနေရပေမယ့် အားကိုးရတဲ့ အခြေအနေမဟုတ်ဘူးလို့ အလုပ်သမားတွေဝေဖန်
Dec 14, 2024