NEWS

Wounderful Apparel Co,Ltd အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးဆိုးရွားစွာ ချိုးဖောက်ခံနေရ

CoverLogo
905 Views

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် ဟန်စတီးပါဝါလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Wounderful Apparel Co,Ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေပြီး ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမား ၄၅၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး Cooltee၊ ERC၊ ENSORED၊ စတဲ့အမှတ်တံဆိပ် အပျော့သား စပို့ရှပ်လက်တို၊ အတွင်းခံများ၊ ဇာအပါးဂါဝန်တွေချုပ်လုပ်ပြီး ဂျပန်နိုင်ငံကိုတင်ပို့နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ ညှိနှိုင်းရေးကိစ္စများ လုပ်ဆောင်နိုင်ရန် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိသလို အလုပ်သမားညှိနှိုင်းရေးကော်မတီလည်း ဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ အလုပ်သမား ၂ ယောက်ချုပ်ရမည့် ပွိုင့်အား တစ်ယောက်ထည်းချုပ်ခိုင်းပြီး အထည်စံချိန်အပြည့်အဝချုပ်လုပ်ပေးနေရပြီး အလုပ်သမားတစ်ဦးလျင် တနာရီအထည်စံချိန် ၁၅၀ ထိ ချုပ်လုပ်ရန် ခိုင်းစေနေတာဖြစ်တယ်လို့  အလုပ်သမားကပြောဆိုပါတယ်။ ယင်းကဲ့သို့ သတ်မှတ်ထားတဲ့ စံချိန်မရပါက ကြီးကြပ်သူတွေဖြစ်တဲ့ အောစူပါ စူပါဝန်ထမ်းများမှ ဆဲဆိုခြင်း ရိုင်းစိုင်းစွာပြောခြင်းများကျူးလွန်လျက်ရှိတယ်လို့ ဆိုပါတယ်။

"သူတို့တောင်းတဲ့စံချိန်မရရင် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာတင်မကဘဲ ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေပါလုပ်ပါတယ် သိပ်မကြာသေးခင်က စာရေးမတစ်ဦးကို စက်ချုပ်ခိုင်းတာ စာရေးမက စက်မချုပ်တတ်တော့ စက်ရုံမှူးက အလုပ်ဖြုတ်ခိုင်းတယ် အလုပ်ဖြုတ်ကြောင်းသွားပြောတဲ့ အောစူပါ နှင်းအိခိုင်က စာရေးမနဲ့ တယောက်တခွန်းစကားများရင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာရှိတယ် မန်နေဂျာကတောင်ဝင်ဆွဲရတဲ့အထိဖြစ်သွားတာကို မှော်ဘီအလုပ်သမားရုံးမှာ သွားတိုင်ပေမဲ့ မန်နေဂျာက မလုပ်ဘူးဆိုပြီးငြင်းတယ် ဦးစီးမှူးကလဲဘာမှလုပ်မပေးဘဲ ဒီအတိုင်းပဲပြီးသွားတာရှိတယ် နောက်ပြီး စက်ရုံမှူး တရုတ်အမျိုးသမီးက မြန်မာစကားလည်းတတ်တော့ စက်ချုပ်တဲ့နေရာကိုလာပြီး စိတ်တိုင်းမကျတာနဲ့ အထည်တွေနဲ့ ပစ်ပေါက်တာတွေလုပ်တယ် ကိုယ်ထိလက်ရောက်လုပ်တာတွေလည်းရှိတယ် နောက်ပြီး အလုပ်သမားတစ်ယောက်က ပဲကျတဲ့အထည်ကို အမှိုက်ခြင်းထဲထည့်လိုက်တာကို သူခိုးလို့စွတ်စွဲခံရတယ် ကိုယ့်သဘောနဲ့ကိုယ်အလုပ်မထွက်ရင် အများမြင်သာတဲ့နေရာမှာ ဓါတ်ပုံကပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး အလုပ်ထုတ်ခံလိုက်ရတယ် အထဲမှာဘယ်လိုဖြစ်နေလဲဆိုတော့ လုပ်သက်ကြီးကြီး ငယ်ငယ် အလုပ်ရှင်က အလုပ်ထုတ်ချင်လာပြီဆို အကြောင်းပြချက်မရှိ ဥပဒေမဲ့အလုပ်ထုတ်ပစ်လိုက်တာပဲ"လို့  အမည်မဖော်လိုတဲ့အလုပ်သမားက လုပ်ငန်းခွင်ထဲမှ ကျူးလွန်မှုတွေကို ပြောဆိုပါတယ်။

အဲ့ဒီလုပ်ငန်းခွင်အတွင်း မည်သည့်ခွင့်အမျိုးအစားမှ ခံစားခွင့်မရဘဲ လူမှုဖူလုံရေးမှ ကျန်းမာရေးခွင့်ပေးပါကလည်း ၂ ရက်ထက်ပိုရပါက အလုပ်မှဥပဒေမဲ့ထုတ်ပယ်ပြီး သက်ဆိုင်ရာအလုပ်သမားရုံးကိုသွားရောက်တိုင်ကြားသော်လည်း ပြေလည်မှုမရဘဲ အလုပ်ထုတ်ခံရတယ်လို့ ဆိုပါတယ်။

"ဥပဒေပါခွင့်ခံစားခွင့်ဆို ဝေးသေးတယ် အလုပ်လာခါနီး အရေးပေါ် အကြောင်းတခုခုပေါ်လို့ ရှောင်တခင်ခွင့် တိုင်ရင် မပေးဘူး အဲ့ရက်ပျက်လိုက်ရတာမျိုးဆို ဒေးကြေး ၄၈၀၀ ရက်မှန်ကြေး ၂၀၀၀၀ အဖြတ်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

နေ့စဉ် အလုပ်ချိန် နံနက် ၈ နာရီမှ ညနေ ၆ နာရီ ၃၀ ထိ ဆင်းရပြီး စနေနေ့မှာ ညနေ ၄ နာရီအထိ ဆင်းရတဲ့အပြင် ညလုံးပေါက် လုပ်ကိုင်ရပြီး နံနက် ၄ နာရီအထိ အချိန်ပိုဆင်းရတာရှိပြီး အချိန်ပိုဆင်းရန် ကြိုတင်အသိပေးပြောဆိုတာမရှိတဲ့အတွက်ကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"စနေနေ့ဆိုညလုံးပေါက်အချိန်ပိုဆင်းရတာရှိတယ် ကြိုမပြောဘူး ပြန်ရင် မနက် ၄ နာရီ ပြီးတဲ့အချိန်ပြန်ရတာ လမ်းစရိတ် ၁၀၀၀ ပေးတယ် မလောက်တော့ ကိုယ့်အိတ်ထဲက စိုက်ပြီး ပြန်ရတယ် ဒီလိုပြန်ရတာအမျိုးသမီး စက်ရုံအလုပ်သမားတွေအတွက် မလုံခြုံဘူးလေ ဖယ်ရီတော့စီစဉ်ပေးသင့်တယ် အော်ဒါအရေးကြီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညလုံပေါက်အိုတီ ဆင်းထားတဲ့ရက်ကို ပိုက်ဆံရှင်းမပေးဘဲ အစားထိုးပိတ်ရက်ပေးမယ်ဆိုပြီး ပြောတယ် အိုတီဆင်းဖို့ငြင်းရင်တော့ အလုပ်ထုတ်မယ် ဒေးကြေး ရက်မှန်ကြေးဖြတ်မယ်ဆိုပြီးခြိမ်းခြောက်တယ်"လို့ အလုပ်သမားကပြောပါတယ်။

ယင်းကဲ့သို့ အချိန်ပိုညလုံးပေါက်ဆင်းနေရမှုများကို  စားဝတ်နေရေးအခက်အခဲများကြောင့် မဖြစ်မနေ ဆင်းပေးနေရပြီး အချိန်ပိုကြေး မပေးဘဲ ခြိမ်းခြောက်ခိုင်းစေတာက  အလုပ်သမားတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေတာလို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ ၁၈ နှစ်မပြည့်သေးတဲ့ လူရွယ် အလုပ်သမားများ လူငယ် အလုပ်သမားများ အများအပြားခိုင်းစေနေပြီး အရွယ်ရောက် လူကြီးလုပ်သားများနှင့်တန်းတူ အထည်စံချိန်တောင်းခံပြီး စံချိန်မရပါက ဖိအားပေးခိုင်းစေနေလို့ မခံနိုင်လို့ အလုပ်ထွက်ပါက ဒေးကြေး ၄၈၀၀ မပေးဘဲ ၃၆၀၀ ကျပ်နဲ့သာရှင်းပေးနေတာကြောင့် နစ်နာမှုတွေရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်မှ အချိန်ပိုခေါ်ပါက ကြိုတင်အသိပေးပြီး အလုပ်သမားသဘောဆန္ဒဖြင့်သာ ခိုင်းစေရန် အချိန်ပိုအိုတီ ဆင်းပါက လုပ်အားခကို ရှင်းပေးရန် နှင့် ခေါင်းပုံမဖြတ်ရန် ညလုံးပေါက် အချိန်ပိုဆင်းတဲ့အလုပ်သမားတွေကို ဖယ်ရီစီစဉ်ပေးရန် သို့မဟုတ် လမ်းစရိတ် တိုးပေးရန် ကလေးလုပ်သားများအလုပ်ထွက်ပါက ဒေးကြေး ၄၈၀၀ ကျပ်ဖြင့်သာ တွက်ချက်ရှင်းပေးရန် နိုင်ငံခြားသားတရုတ်အမျိုးသမီးမှ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းမပြုရန် အောစူပါမှ အလုပ်သမားတွေကို မဆဲဆိုရန်နဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းမပြုရန် စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ သိရပါတယ်။

 


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026