NEWS

WHN Garment အထည်ချုပ်စက်ရုံအလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
1.2K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဆရာစံလမ်းမှာဖွင့်လှစ်ထားတဲ့ WHN Garment အထည်ချုပ်စက်ရုံအလုပ်သမားတွေအလုပ်လုပ်ကိုင်ရာမှာ  အလုပ်ခန့်ထားမှုဆိုင်ရာ (EC) စာချုပ် ချုပ်ဆိုထားခြင်းလည်း မရှိဘဲ 
အခွင့်အရေးချိုးဖောက်ခံနေရတာတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာအလုပ်သမား ၅၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းရော၊ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီပါ ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ ET VOUS, PROMOD, CALLOPE,PUNT စတဲ့အမှတ်တံဆိပ် ကုတ်အင်္ကျီ နဲ့ ဘောင်းဘီအထည်တွေချုပ်လုပ်နေတာလို့သိရပါတယ်။

အလုပ်ချိန်သတ်မှတ်ချက်အနေနဲ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီ ၃၀ အထိ မှာ အချိန်ပို ၂ နာရီ ပါဝင်ပေမဲ့ လက်ရှိမှာတော့ ည ၉ နာရီ ကနေ ၁၂ နာရီအထိ အချိန်ပိုလုပ်ကိုင်နေရတာဖြစ်လို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

"အချိန်ပိုတွေက ည ၉ နာရီ ဒါမှမဟုတ် ည ၁၂ နာရီထိ မဆင်းချင်လဲ ဆင်းရတယ် အလုပ်သမားတွေရဲ့ သဘောကို မေးမြန်းခြင်းမရှိဘူး စက်ရုံတရုံလုံးကို အချိန်ပိုခေါ်တာတော့မဟုတ်ဘူး လိုင်းအလိုက်လူရွေးခေါ်တာ နိုင်ငံရေးအခြေအနေအရ မဆင်းချင်ပေမဲ့ ဆင်းနေရတယ် ၉ နာရီအထိ ဆင်းရတဲ့နေ့တွေကို ပတ်ကားနဲ့လိုက်ပို့တာ ၁၀ နာရီလောက်မှ ပြန်ရောက်တယ် ည ၁၂ နာရီထိလုပ်ရတဲ့နေ့ဆို စက်ရုံမှာပဲအိပ်ပြီး မနက် ၄ နာရီပတ်ကားနဲ့ပြန်ရတယ် မနက်မှ ရေမိုးချိုးအလုပ်ကိုပြန်လာအဲ့လိုမျိုးလုပ်နေရတာ"လို့အလုပ်သမားကပြောဆိုပါတယ်။

အခုလိုအချိန်ပိုလုပ်ကိုင်နေရတာကလည်း သက်ဆိုင်ရာ ဌာနတွေကလာရောက်စစ်ဆေးပါက အလုပ်သမားတွေက ဂိုထောင်ထဲမှာ သွားရောက်ပုန်းအောင်းနေရတာဖြစ်လို့ လုပ်ပိုင်ခွင့်မရှိပဲ အချိန်ပိုဆင်းခိုင်းနေတာလို့ ယူဆရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အထည်တွေပုံတာတို့  ပြင်ထည်ကျတာတို့ဆိုရင် ည ၉ နာရီအထိ အချိန်ပိုအလကားဆင်းပေးရတာပါ တနင်္ဂနွေနေ့တွေဆိုလည်း အထည်ပြင်ပြီးတဲ့အထိ အချိန်ပိုကြေးမရဘဲ အလကားဆင်းပေးရတာပါ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အခုလိုအချိန်ပိုတွေကို ညည့်နက်တဲ့အထိ လုပ်ကိုင်ရတဲ့အတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။ စက်ရုံမှာညလုံးပေါက်လုပ်ကိုင်ရတဲ့ ရက်တွေမှာလည်း ကျန်းမာရေးထိခိုက်ပြီး နစ်နာမှုတွေရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့အထည်စံချိန်တွေ တောင်းခံနေပြီး အထည်မရတာ ပြင်ထည်ကျတာတွေဖြစ်ပေါ်ပါက ကြီးကြပ်သူတွေဖြစ်တဲ့ အောစူပါ‌ နဲ့ စူပါတွေက ကြမ်းတမ်းစွာဆဲဆိုမှုတွေ ပြုလုပ်ခံနေရပြီး ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

လစဉ်လူမှုဖူလုံရေးကြေးပေးဆောင်ရပေမဲ့ ဆေးခွင့်ခံစားခွင့်မရသလို ဥပဒေပါခွင့်ခံစားခွင့်တွေလည်းမရဘဲ တရက်ပျက်ပါက ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံရတာဖြစ်ပြီး နစ်နာမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

"ဥပဒေပါခွင့်ခံစားခွင့်ဘာတခုမှမရပါဘူး ဆေးခွင့်လည်းမရဘူး အလုပ်သမား ၅၀၀ နီးပါးရှိပေမဲ့ ဆေးပေးခန်း နားနေခန်း မရှိဘူး သူနာပြုလည်းမရှိဘူး အိမ်သာတွေဆိုလည်း ညစ်ပတ်စုတ်ပျက်နေတာပါ ထမင်းစားဆောင်ဆိုလည်း မနှစ်ကဆို မိုးရေထဲမှာ စားရတယ် ထမင်းစားခုံတွေလည်းမလောက်ဘူး"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ 
၁။ အချိန်ပိုလုပ်ကိုင်ပါက အလုပ်သမားသဘောဆန္ဒကို ကောက်ယူရန်။
(က) အချိန်ပိုကို ပုံမှန် ၆း ၃၀ ထိသာလုပ်ကိုင်ရန်။
(ခ) အချိန်ပိုလုပ်ကိုင်ရပါက အချိန်ပိုကြေးပေးရန်။
၂။ ဥပဒေပါခွင့်များခံစားခွင့်ပေးရန်။
၃။ ဆေးပေးခန်း၊ နားနေခန်းထားပေးရန်၊ ဆရာဝန်သို့မဟုတ် နက်စ်ထားပေးရန်။
(က) အိမ်သာများကို သန့်ရှင်းစွာထားပေးရန်၊ လူဦရေးနှင့် လုံလောက်စွာစီစဥ်ပေးရန်။
(ခ) ထမင်းစားဆောင်များကို အမိုးမိုးပေးရန်။ ထမင်းစာခုံများလုံလောက်စွာထားပေးရန်။
၄။ လမ်းကြောင်းအလိုက် ဖယ်ရီကားစီစဥ်ပေးရန်။
၅။ တနင်္ဂနွေနေ့များနှင့် ည ၉ နာရီထိ အချိန်ပိုခိုင်းပြီးမပေးခဲ့သည်များကို ဘက်ဒိတ်ဖြင့် ပြန်လည် တွက်ချက်ပေးရန်။
၆။ အထည်စံချိန်များကို အလုပ်သမားလုပ်နိုင်သည်စံချိန်ကိုသာလုပ်ကိုင်ရန်။
၇။ အော်စူပါ၊ စူပါများ ရိုင်းဆိုင်းစွာဆဲဆိုခြင်းမပြုရန်နှင့် ဆဲဆိုမှုများကို အရေးယူဆောင်ရွက်ပေးရန် စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026