NEWS

WCC အဖွဲ့ဝင်များအား တောင်းဆို ပြောကြားခွင့်မပြုဟု Yangon Art Materials စက်ရုံ HR မန်နေဂျာ ပြောဆို

CoverLogo
1K Views

အလုပ်သမားစစ်ဆေးအဖွဲ့တွေ စစ်ဆေးဖို့ ရှိတဲ့အတွက် အလုပ်သမားရေးရာညှိနှိုင်းရေး ကော်မတီ WCC ကို မဲစနစ်နဲ့ ရွေးကောက်ဖွဲ့စည်းမှာ ဖြစ်ပေမဲ့ အဖွဲ့ဝင်တွေကိုတော့ အလုပ်သမားအရေးကိစ္စ တောင်းဆို ပြောကြားခွင့် မပြုဘူးလို့ Yangon Art Materials Incorporation Limited စက်ရုံ HR မန်နေဂျာက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

“WCC အဖွဲ့ဝင်တွေကို လုပ်သားတွေကိုယ်တိုင် ရွေးကောက်ပြီး ပြန်ဖွဲ့မယ်လို့ ပြောတယ်။ စက်ရုံ အလုပ်သမား တွေ အကုန်ပါတဲ့ မီတင် (Meeting)မှာ ပြောတာ။ ရွေးချယ်ခံရမဲ့ အဖွဲ့ဝင်တွေကိုလည်း တောင်းဆိုတာတွေ၊ အလုပ်သမားအရာရှိတွေနဲ့ အစည်းဝေးတွေမှာ ပြောဆိုတာတွေ မလုပ်ဖို့ ပြောတယ်။ WCC အဖွဲ့ဝင် အမည်ခံ လောက်ပဲဆိုတာမျိုး ပါ ။ ” လို့ အလုပ်သမား တစ်ဦးက ပြောပါတယ်။ 

 

ပထမအကြိမ် WCC အဖွဲ့ကို အခုနှစ် သင်္ကြန်အပြီးမှာ ဖွဲ့စည်းခဲ့တာလို့ သိရပြီး အလုပ်သမားတွေကတော့ အဖွဲ့ ဖွဲ့စည်းတာကို စက်ရုံမှာ ကြေညာ ချိတ်ဆွဲထားမှာသာ သိခဲ့ရတယ်လို့ ပြောပါတယ်။ 

 

ဖွဲ့စည်းစဉ်ကလည်း စက်ရုံ အလုပ်သမားတွေ မသိလိုက်ရဘဲ နောက်ပိုင်း တိုင်းရုံးက စစ်ဆေးမယ်လို့ အကြောင်းကြားမှ ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်တာလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

 

“အခုလ နောက်ဆုံးအပတ်ထဲမှာ တွေ့တော့လည်း အသစ်ဖွဲ့မဲ့ WCC အဖွဲ့ကို သိရှိကြောင်း၊ ထောက်ခံကြောင်းကို ကြိုပြီး လက်မှတ် ထိုးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတဲ့ စာရွက်ကလည်း အလွတ်ကြီး။” လို့ အဲ့ဒီ အလုပ်သမားက ဆက်ပြောပါတယ်။  

“ညှိနှိုင်းရေးကော်မတီသည် အလုပ်ရှင်နဲ့ အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်အကြား ဆက်ဆံရေး ကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှု အခြေအနေ၊ စည်းကမ်းများ ဆွေးနွေးညှိနှိုင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို မြှင်တင် ဆောင်ရွက်ရမည်”လို့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီကို အလုပ်သမား ၃၀ နဲ့အထက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ ဖွဲ့စည်း ရမယ်လို့လည်း ပြဋ္ဌာန်းထားတယ်ဆိုပြီး အလုပ်သမားရေး ဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

 

“အလုပ်ရှင်တွေက WCC တွေကို သူတို့နဲ့ ပနံသင့်တဲ့ အလုပ်သမားတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ ဖွဲ့စည်း ကြတာတွေ ရှိတယ်။ တဖက်ကိုကြတော့ သူတို့မှာ WCC ရှိတယ်ဆိုမျိုး ပြတာပါ။ အလုပ်ရှင်လွှမ်းမိုးတဲ့ WCC တွေနဲ့ ဆို့ရင် ပြဿနာတွေ ဖြစ်ရင် ညှိနှိုင်းလို့ အဆင်မပြေတော့ဘူး ။ အလုပ်သမားကိုယ်စားပြုခွင့်မရှိဘဲ အလုပ်ရှင်ဘက်က WCC နဲ့ ညှိနှိုင်းထားတာ ဒီအဖြေပါလို့ ဆိုရင် အလုပ်သမားတွေ အတွက် အများကြီး နစ်နာ တာပေါ့။ “ လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ မအေးအေးက ပြောပါတယ်။ 

 

“အလုပ်ရှင်အနေနဲ့ ငွေကြေး သို့မဟုတ် အခြားနည်းဖြင့် လွမ်းမိုးမှု သို့မဟုတ် ထိန်းချုပ်မှုဖြင့် အလုပ်သမား အဖွဲ့အစည်းများ ထည်ထောင်ခြင်း သို့မဟုတ် လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်းပြုရန် ရည်ရွယ်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ မပြုလုပ်ရလို့”လည်း အလုပ်သမားအဖွဲ့အစည်း ဥပဒေ အခန်း ၇ ၊ ပုဒ်မ ၃၁ မှာ ပြဋ္ဌာန်း ထားပါတယ်။ 

 

လက်ရှိ Yangon Art Materials အလုပ်သမားတွေဟာ ခွင့်ခံစားခွင့်မရတာကြောင် ရက်ပျက် သတ်မှတ်ခံရပြီး လစာငွေနဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက်ခံနေရတယ်လို့လည်း Myanmar Labour News ကို ပြောပါတယ်။

 

“ ခွင့်က လုံးဝ မရတာပါ။ အကြောင်းကြောင့် ရက်ပျက်ရင်လည်း ၊ ရက်မှန်ကြေးတင် မဟုတ်ဘူး ။ ဒေးကြေးပါ ဖြတ်တာပါ။ လစာ တစ်သိန်းခွဲကျော်ကို ရက်ပျက်တာနဲ့ တစ်သောင်းခွဲလောက်ဖြတ်ခံရတာဆိုတော့ လစာရဲ့ ၁၀ ရာခိုင်းနှုန်းလောက် အဖြတ်ခံရတာပါ ။ ဖြတ်တဲ့ ပိုက်ဆံကို မိသာစု လေးယောက် ဖြစ်သလို စားမယ်ဆိုရင် ၂ ရက် ၃ ရက် စားလို့ရမယ် “ လို့ ကိုပိုင်ပိုင် (အမည်လွှဲ) က ပြောပါတယ်။ 

 

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်များ ဥပဒေ အခန်း (၃)၊ ခွင့်ခံစားခြင်း ပုဒ်မ ၂၃မှာ “အလုပ်သမားသည် ဥပဒေအရ သတ်မှတ်ထားသည့် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ကာလအတိုင်း သက်ဆိုင် ရာ အခကြေးငွေ သို့မဟုတ် လစာငွေဖြင့် ခံစားခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၂၄ မှာတော့ အလုပ်သမားသည် အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်၊ မီးဖွားခွင့်ရက်တို့ ခံစားခွင့်ရှိတယ်”လို့ ဖော်ပြထားပါတယ်။  

 

Yangon Art Materials မှာ နေ့စားလုပ်သား လုပ်ကိုင်အချိန်က အချိန်ပို လုပ်ခ ၆၀၀ ကျပ်သာရရှိတာကို ကိုပိုင်ပိုင်က အခုလို ပြောပြပါတယ်။

 

“ကျွန်တော်တို့ အလုပ်ဝင်ခါစကဆို အချိန်ပိုကို ၆၀၀ ပဲ ရတာ၊ အဲလို ပေးနေတာက ၃ လလောက် ကြာတယ်။ နေ့စားဘဝကလည်း ခွင့်လည်း မရဘူး၊ လူမှုဖူလုံရေးဆိုတာက ဖြတ်သေးတယ် ။ အလုပ်ကလည်း ရှားတော့ လုပ်ခကို ဖြတ်မှာစိုးလို့ ဖျားနာလည်း သွားရတာပဲ ။ အခုလည်း နေ့စားတွေ ရှိတယ်။ လူမှုဖူလုံရေးတော့ သွင်းနေရ တာပါပဲ ။ ” လို့ ပြောပါတယ်။ 

 

နေ့စားလုပ်သားအဖြစ် ၁၀ လ ဝန်းကျင်လုပ်ကိုင်ပြီးမှ အတည်ပြုဝန်ထမ်းအဖြစ် ခန့်ထားခံခဲ့ရတာလို့လည်း ကိုပိုင်ပိုင်က ပြောပြပါတယ်။ 

 

Yangon Art Materials Incorporation Limited စက်ရုံကတော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနဲ့ တည်ထောင်ထားတာဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် ၊ မြရတနာလမ်းမှာ လက်ရှိ လုပ်သား အင်အား ၂၀၀ ဝန်းကျင်နဲ့ လုပ်ငန်း လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ 

 

စက်ရုံအလုပ်သမားတွေ ရရှိတဲ့ လက်ရှိ တရက် လုပ်ခလစာမှာ ၄၈၀၀ ကျပ် ဖြစ်ပြီး တခြား စက်ရုံတွေလို့ တိုးမြှင့်ရရှိတာ မရှိဘူးလို့လည်း အလုပ်သမားတွေက တညီတညွတ်တည်း ပြောကြားကြပါတယ်။

 

ရန်ကုန်မြို့က စက်ရုံအလုပ်ရုံအများစုကတော့ ပြီးခဲ့တဲ့ ဇွန်လက စပြီး အလုပ်သမားတွေကို တရက်လုပ်ခလစာ ၅၆၀၀ ကျပ်ကနေ ကျပ် ၆၀၀၀ အထိ ထိုးမြှင့် ပေးချေနေပေမဲ့ အဆင့်လိုက်ခွဲခြား ပေးချေမှုတွေလည်း ရှိနေပါ တယ်။

 

#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026