NEWS

TOP CLASS အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
829 Views
 
FieldCore အမှတ်တံဆိပ် ဂျင်းဘောင်းဘီတွေ ချုပ်လုပ်နေတဲ့ TOP CLASS အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ညနက် ၉ နာရီအထိ အချိန်ပို ရက်ဆက် ခိုင်းစေနေပြီး အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ ဥပဒေပါ အခွင့်အရေးတွေ ချိုးဖောက်ခံနေရ တယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။
 
“ အချိန်ပိုတွေကို မနားမနေကို လုပ်ကိုင်ပေးနေရတယ်။ အချိန်ပို ဆင်းနိုင် မဆင်းနိုင်ဆိုတာလည်း သဘောဆန္ဒကို မေးမြန်းတာ မရှိခဲ့ဘူး ။ နောက် ကြိုတင်အကြောင်းကြားတာလည်း မရှိဘူး၊ ပြန်ခါနီးမှာ အချိန်ပိုဆိုပြီး ပြောတယ်။ ပြီးတော့ မဆင်းမနေရ ဆင်းခိုင်းတာ”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် စက်ရုံအတွင်းက ကြီးကြပ်ရေးမှူးဆိုသူတွေက လက်အောက်ခံ အလုပ်သမားတွေ အချိန်ပို မလုပ်ကိုင် ပါက ခွဲခြား ဆက်ဆံတာနဲ့ အငြိုးအတေးထား ပြောဆိုဆောင်ရွက်တာတွေကြောင့် နေထိုင်မကောင်း ဖြစ်နေလည်း အချိန်ပိုကို မဖြစ်မနေ လုပ်ကိုင်ပေးနေရတယ်လို့ TOP CLASS အထည်ချုပ်စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ထဲမှာ အချိန်ပိုလုပ်ကိုင်မဲ့ အစီအစဉ်ရှိပါက အလုပ်သမားတွေရဲ့ သဘော ဆန္ဒတောင်းခံပြီး မြို့နယ် အလုပ်သမားရုံးကို ကြိုတင်တင်ပြဖို့ ဖော်ပြထားပါတယ်။
 
TOP CLASS အထည်ချုပ် စက်ရုံက အလုပ်သမားတွေ အနေနဲ့လည်း အချိန်ပို လုပ်ကိုင်ဖို့အတွက် အလုပ်သမားသဘောဆန္ဒကို မေးမြန်းပြီး ကြိုတင်ပြောကြားဖို့ လိုလားသလို အကြောင်းကြောင့် အချိန်ပိုမဆင်းနိုင်တဲ့ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာတွေ မပြုလုပ်ဖို့ တောင်းဆိုတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။
 
ဒါ့အပြင်စက်ရုံတာဝန်ရှိသူတွေက အထည်စံချိန် (Hourly) ကို မတရားတောင်းခံပြီး တောင်းတဲ့ စံချိန်မရပါက လိုင်းစူပါတချို့ဟာ ဆဲဆို ပြောဆိုတယ်တာတွေ ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ စံချိန်တောင်းတာ အလုပ်သမားတဦးကို တပွိုင့်ကို ဂျင်းဘောင်းဘီဆို ၆၅ ထည်ပေးရတယ်။ ဂျာကင်အင်္ကျီ ဆိုရင် ၂၆ ထည်အထိ ပေးရတယ်။ မရဘူးဆိုရင်တော့ လုပ်ငန်းခွင်ထဲက အများရှေ့ လက်ညှိုးထိုးပြီး ဆဲတာပဲ။ အနည်းဆုံးတော့ လူကြားပြီး အရှက်ရအောင် အော်ဟစ်တာ ။ အအော်ခံ အဆဲခံရသူတွေကတော့ ခေါင်း မဖော် နိုင်အောင် ရှက်ကြတာပေါ့ ။ ဒီလို ဖြစ်ရင် အလုပ်လုပ်လို့ အဆင်မပြေဘူး ။ စံချိန်တောင်းလည်း ကောင်းကောင်းမွန် ပြောလည်း ဒီအလုပ်တွေက ပြီးပါတယ်။ ဆဲတယ်ဆိုတာက ရိုင်းစိုင်းတာ၊ ခိုင်းချင်လည်း ဆဲဆို အော်ဟစ်တာတွေ မလုပ်ကြဖို့ဘဲ၊ ဒါဆို အလုပ်လည်း ပိုပြီးမှာပါ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
TOP CLASS အထည်ချုပ် လုပ်ငန်းခွင်က အကူ (Helper) အလုပ်သမားတွေကို နေ့စားဖြစ် ခေါ်ယူခိုင်းစေနေပြီး တချို့ နေ့စား အလုပ်သမားတွေမှာ လုပ်သက် ၄ လကျော်တဲ့အထိ အတည်ပြု ဝန်ထမ်းအဖြစ် ခန့်အပ်ခံရတာ မရှိဘူးလို့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။
 
“ပါမန့်နန့် (Parmennt) မဖြစ်တော့ နေ့စား အလုပ်သမားတွေ နစ်နာကြတယ်။ ခွင့်ရက်တို့ အလုပ်ပိတ်တို့ကို အများနည်းတူ သူတို့ မရ ကြဘူး။ လူမှုဖူလုံရေကြေးလည်း ထည့်ခွင့် မရဘူး။ ဒါဆို တခုခု ထိခိုက်မှုဖြစ်ရင် အကာကွယ် မရတော့ဘူး ။ စက်ရုံပိတ်လိုက်တယ်ဆိုပါတော့ သူတို့က လက်ဗလာ ဖြစ်သွား ပြီ ။ စက်ရုံတူ အလုပ်သမား အချင်းချင်းကိုပဲ အလုပ်ချိန် အတူတူ လုပ်ပြီး လုပ်ခအတူ မရဘူး၊ အစမ်းခန့်ကာလမှာ နေ့စားတွေက သည်းခံပြီး လုပ်ခဲ့ရတယ်။ ဒါကြောင့် ကိုယ်ချင်းလည်း စာတယ်။ သူ့တို့ကိုလည်း အတည်ပြု ဝန်ထမ်း ခန့်ပေးဖို့ လိုတယ်။ တောင်းလည်း တောင်းဆို တယ်လို့” အလုပ်သမား တဦးက ပြောပါတယ်။
 
TOP CLASS အထည်ချုပ် လုပ်ငန်းခွင် ကျွမ်းကျင်ကြေးကို အဆင့်ခွဲခြားရာမှာလည်း မျှတမှု မရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။
 
“အလုပ်သမားတွေကို ကျွမ်းကျင်ကြေး ဂရိတ် အဆင့်တွေ ခွဲပေးထားတယ်။ အဲလို ခွဲထားတာ မျှတမှု မရှိဘူး။ တကယ် ချုပ်နိုင်လုပ်နိုင်တဲ့ အလုပ်သမားက ဂရိတ်အမြင့်တွေ မရဘူး ။ ကြီးကြပ်သူတွေနဲ့ နီးစပ်တဲ့ အလုပ်သမား တွေတော့ ဂရိတ်အဆင့် ကောင်းကောင်း ရကြတယ်။ အားလုံး မျှတမှုဖို့ဆိုရင် ဘယ်အလုပ်သမားက ဘာကြောင့် ဂရိတ်မြင့်တယ်ဆိုတာ ပွင့်လင်းမြင်သာစွာပြထားဖို့ လိုတယ်။ ခွဲခြားမှုတွေ ဘက်လိုက်မှုတွေ ရှိနေရင် အလုပ်သမားတွေကို သွေးခွဲသလို ဖြစ်မယ်။ ဒါကြောင့် ဘက်လိုက်ပြီး A၊ B၊ C၊ D အဆင့်ကို မခွဲစေချင်ဘူး “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဥပဒေမှာ သတ်မှတ်ထားပြီး အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေကိုလည်း TOP CLASS အထည်ချုပ် တာဝန်ရှိသူတွေက ခွင့်ပြု မပေးဘူးလို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေမှာ ရှောင်တခင် ခွင့် ၆ ရက်၊ လုပ်သက်ခွင့် ၁၀ ရက်နဲ့ ဆေးလက်မှတ်ခွင့် ဆိုတာတွေကို အလုပ်သမားတွေ အတွက် သတ်မှတ်ပြဌာန်း ပေးထားပါတယ်။
 
“ ခွင့်မပေးတော့ ရက်ပျက်ဖြစ်တယ်။ ရက်ပျက်တာနဲ့ ဒေးကြေး ၅၆၀၀ ၊ ရက်မှန်ကြေးက လတစ်လရဲ့ ရှေ့၁၅ ရက် အတွင်း ပျက်တယ်ဆို ၁၀၀၀၀၊ စုစုပေါင်း ၁၅၆၀၀ အဖြတ်ခံရတယ်။ ကျွန်မတို့က ကိုယ့်ရတဲ့ခွင့်ကို တောင်းတာပါ ။ မပေးဘူး ဆိုတာနဲ့ ရက်ပျက်ဖြစ်ပြီး ရပိုင်ခွင့်တွေ အဖြတ်ခံရတယ်။ ဒါတွေက ဥပဒေအတိုင်းခွင့်ပေးရင် ကျွန်မတို့ အနေနဲ့ နစ်နာဖို့ မရှိဘူး။ အခုပုံစံက စက်ရုံက ရက်ပျက်ဖြစ်ဖို့ သေချာဖန်တီးသလို ဖြစ်နေတယ်။ ဒါကြောင့် ဥပဒေပါ ခွင့်တွေပေးဖို့ တောင်းဆိုတာပါ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ အပေါ့အပါးသွားပါက တာဝန်ရှိသူတွေဟာ စက်ရုံဘက်က ထုတ်ပေးတဲ့ ကတ်နဲ့သာ သွားခွင့်ပြုတာကြောင် အလုပ်သမားတွေမှာ အလွယ်တကူ အိမ်သာ သွားခွင့်မရလို့ ကျန်းမာရေး မကောင်းတဲ့ အခြေအနေတွေနဲ့ မကြာခဏ ကြုံတွေ့နေရတယ်လို့လည်းအလုပ်သမားတွေက ပြောပါတယ်။
 
TOP CLASS အထည်ချုပ် စက်ရုံကတော့ တရုတ်လူမျိုး ပိုင်ဆိုင်ပြီး ရန်ကုန်မြို့ ၊ လှိုင်သာယာစက်မှုဇုန် ၃ ၊ ဒီပဲရင်းဝန်ထောက် ဦးမြဲလမ်းမှာ အလုပ်သမား ၂၀၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတယ်လို့ အလုပ်သမား တွေက ပြောကြားထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026