NEWS

Tha Shu (Myanmar)  စက်ရုံတွင် တနင်္ဂနွေအပါအဝင် သတ်မှတ်အချိန်ပိုနာရီထက် ကျော်လွန် ခိုင်းစေ

CoverLogo
807 Views

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ သံလွင်လမ်းက Tha Shu (Myanmar) Glory Fashion Co.,Ltd ပိုင် အထည်ချုပ် စက်ရုံမှာ အချိန်ပိုအလွန်အကျွံ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

နေ့စဉ် အချိန်ပို လုပ်ကိုင်ခိုင်းတဲ့ အပြင် စနေနဲ့ တနင်္ဂနွေ  ပိတ်ရက်တွေမှာပါ ဆက်တိုက် ခိုင်းစေနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။   

“မနေ့ (ဇူလိုင် ၁၄) တနင်္ဂနွေနေ့ကဆို အချိန်ပို ည ၆ နာရီအထိ လုပ်ကိုင် ခိုင်းတယ်။ အလုပ်သမားတွေ ပင်ပန်း နေပြီ။ ဖျားတဲ့သူလည်း များနေတာ။”  လို့ အလုပ်သမား တွေက ပြောပါတယ်။ 

ဒီလို တနင်္ဂနွေ လုပ်ကိုင်ပေးရတာ နှစ်ပတ် ဆက်တိုက်ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က နေ့စဉ် ည၈ ခွဲအထိ အချိန်ပိုလုပ်ကိုင်ခိုင်းတာ၊ စနေနဲ့ တနင်္ဂနွေ ပိတ်ရက်တွေပါ လုပ်ကိုင်ခိုင်း နေတာ တွေက အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ တပတ် အချိန်ပို နာရီ ၂၀ ထက်ကျော်လွန်နေပြီး Tha Shu (Myanmar)  အထည်ချုပ်အလုပ်သမားတွေ လုပ်ကိုင်ရတဲ့ အချိန်ပိုက စုစုပေါင်း နာရီ ၄၀ နီးပါး အထိ ရှိနေတာဖြစ်ပါတယ်။  

“ နေ့ဉ် အချိန်ပိုက ၈ ခွဲအထိ၊ စနေ့လို နေ့မှာ တခါလေ ၄ခွဲ၊ တခါတလေ ၆ ခွဲ။ တနင်္ဂနွေနေ့လည်း ၆ နာရီခွဲအထိ လုပ်ခိုင်းသေးတယ်။ ပင်ပန်းနေပြီး။ အိပ်ချိန်၊ နားချိန် မရှိသလောက်ပဲ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

အချိန်ပိုလုပ်ကိုင်ရာမှာ  နေ့လယ်စာ စားပြီးကတည်း ၈ ခွဲအထိ ဆက်တိုက် ချုပ်ရပြီး နားချိန် ၁၀ မိနစ် ရတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ ည ၇ ခွဲအထိ လုပ်ကိုင်ရတဲ့ အချိန်ပိုတွေမှာ စက်ရုံက နားချိန်ပေးတာ မရှိဘူးလို့ သိရပါတယ်။ 

မြန်မာမှာ လက်ရှိ ကျင့်သုံးနေတဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံများ  အက် ဥပဒေ( ၂၀၁၆  ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှာ ပြင်ဆင်) အခန်း ၇ ၊ (လူကြီးများ အလုပ်လုပ်ချိန် နာရီများ) ပုဒ်မ ၆၃ မှာ “အလုပ်ရုံရှိ လူကြီးအလုပ်သမားများ၏ ရက်အသီးသီးတွင် အလုပ်လုပ်သည့် ကာလအပိုင်းအခြားများကို သတ်မှတ်ရာ၌ မည်သည့်ကာလ အပိုင်းအခြား မျှ ငါးနာရီထက် မပိုစေရ။ ထို့အပြင် မည်သည့်အလုပ်သမားကိုမျှ အနည်းဆုံး နာရီဝက်နားစေရန် အားလပ်ချိန် မရသေးမီ ငါးနာရီထက် ပို၍ တစ်ဆက်တည်း အလုပ် မလုပ်စေရ။” လို့ ပြဌာန်းထားပါတယ်။

ဒီပုဒ်မကို ဖောက်ဖျက်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက အလုပ်ရုံမန်နေဂျာ၊ အလုပ်ရုံပိုင်ရှင်ကို ထောင်ဒဏ် ၃ လ ဖြစ်စေ၊   ဒဏ်ငွေ ကျပ်သိန်း ၂၀ အောက် မနည်းတဲ့ ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံး စီရင်ခြင်းခံရမယ်လို့ ပုဒ်မ ၈၅ မှာ ပြဌာန်းထားပါတယ်။ ဆက်လက် ချိုးဖောက်ပါက တရက် ကျပ်တသိန်းနှုန်းနဲ့ ငွေဒဏ် စီရင်ခံရမယ်လို့လည်း ဖော်ပြပါထားပါတယ်။  

Tha Shu (Myanmar) Glory Fashion Co.,Ltd  စက်ရုံ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လုပ်သား ၁၄၀၀ ဝန်းကျင် လောက်က Mohito ၊ DeFacto တံဆိပ်အထည်တွေ လက်ရှိ ချုပ်ပါတယ်။ စက်ရုံအတွင်း မန်နေဂျာ၊ အောစူပါနဲ့ စူပါတချို့က ဆဲဆိုခိုင်းစေမှုနဲ့ ခွဲခြားဆက်ဆံမှုရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ လိုင်း ၁,၂,၃,၄ က စူပါတွေက အဆဲဆုံးလိုင်းတွေပဲ။ အောစူပါကလည်း ဆဲပြီး အထည်တောင်းတယ်။ မန်နေဂျာကလည်း နင်တို့ ေ-ာက်ထည်တွေ ဒီလောက်ပဲ ချုပ်နိုင်လား၊ ေ-ာက်ရှက်မရှက်ဘူးလား ဆိုပြီး ဆဲပြောတယ်။ သူနဲ့ အဆင်ပြေတဲ့လိုင်းတွေဆို ဘာလိုလို အကုန်လုပ်ပေးတယ်၊ အဆင်မပြေတဲ့လိုင်းတွေဆို လာဆဲနေတာပဲ။” လို့ ပြောပါတယ်။

စက်ရုံအတွင်း ဆဲဆိုတာတွေ၊ အပူဒဏ်မြင့်မားစွားခံစားနေရတာ၊ သောက်ရေသန့်ရှင်းမှုမရှိတာ၊ စားသောက် ဆောင် ကျပ်တည်းနေတာတွေနဲ့ ပတ်သက်ပြီး Myanmar Labour News မှာ သတင်းဖော်ပြပြီးနောက် အလုပ်သမားအရာရှိ အမျိုးသားအမျိုးသမီးတွေ လာရောက်စစ်ဆေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အဲလို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့  စက်ရုံအတွင်း ပြုပြင်ပြောင်းလဲတာတွေ မရှိသလို၊ အလုပ်သမား ဝန်ကြီး ဌာနက အရေးယူဆောင်ရွက်မှုတွေ မရှိခဲ့ပါဘူး။ ဒီနောက်မှာတော့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်အချိန်ပို နာရီထက် ပိုမိုခေါ်ယူမှုတွေကို Tha Shu (Myanmar) အထည်ချုပ်က လုပ်ဆောင်လာတာ ဖြစ်ပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026