NEWS

Tanjin fashion milestone အထည်ချုပ် လူမှုဖူလုံရေးကတ်အား အလုပ်သမားကိုယ်တိုင် လုပ်ကိုင်ခိုင်း

CoverLogo
299 Views
 
Tanjin fashion milestone Co.,Ltd အထည်ချုပ်စက်ရုံက လူမှုဖူလုံရေး ကတ်အသစ်မထုတ်ဘဲ မူလ ကတ်ဟောင်းကို ပြန်လည် အသုံးပြုလိုတဲ့ အလုပ်သမားတွေကို ကိုယ်တိုင် သွားရောက် ဆောင်ရွက်ဖို့ ပြောဆိုတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဆီက သိရပါတယ်။
 
“ စက်ရုံ HR က အဲ့လို ပြောတော့ အလုပ်သမားက ရုံးမှာ ကိုယ်တိုင်သွားလုပ်ရတာပေါ့။ တကယ်ဆိုရင် အလုပ်ရှင်ဘက် လုပ်ဆောင်ပေးရမည်လုပ်ငန်းစဥ်၊ အဲဒါကို တာဝန်ယူပြီး လုပ်မပေးတာပါ.” လို့ (IWFM) တာဝန်ရှိသူက ပြောပါတယ်။
 
မြန်မာနိုင်ငံရဲ့ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားတစ်ဦးကို အလုပ်ခန့်အပ်ပြီဆိုတာနဲ့ အလုပ်သမားအတွက် လူမှုဖူလုံရေး မှတ်ပုံတင် တင်ပေးဖို့နဲ့ လစဉ်ကြေးပေးသွင်းဖို့က အလုပ်ရှင်ရဲ့ တာဝန် ဖြစ်ပါတယ်။ လုပ်ငန်းစဉ် အရ အလုပ်ရှင်က သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးမှာ "အလုပ်ဝင်/အလုပ်ထွက်" စာရင်းကို တင်ပြရမှာ ဖြစ်ပါတယ်။
 
“အလုပ်ပြောင်းတိုင်း နံပါတ်အသစ် ထပ်ယူစရာမလိုပါ။ နံပါတ်တစ်ခုတည်းနဲ့ တစ်သက်လုံး အကျိုးခံစားခွင့် ဆက်ယူလို့ရပါတယ်။ အလုပ်ဟောင်းမှာ လူမှုဖူလုံရေးကတ် (SSB Card) ရှိပြီးသားဆိုရင် အလုပ်ရှင်အသစ်ကို ကတ်နံပါတ် (သို့မဟုတ်) ကတ်ပြားမိတ္တူ ပေးရုံပါပဲ။ အလုပ်ရှင်က အဲဒီနံပါတ်ကို သုံးပြီး သူတို့ လုပ်ငန်း အောက်မှာ ဆက်လက် မှတ်ပုံတင်ပေးရမှာပါ။ ဒါက လုပ်ငန်းရှင်ဘက်က တာဝန်ရှိတာပါ ။ ” လို့ HR ဝန်ထမ်းဟောင်းတဦးက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း အသက်၁၄/ ၁၅ နှစ်လူငယ်၊လူရွယ် အလုပ်သမားအများအပြားကို ဆရာဝန် ဆေး ထောက်ခံချက် မပါဘဲ HR မန်နေဂျာက ခန့်ထားပြီး လူကြီးအလုပ်သမားတွေနဲ့ တန်းတူ ခိုင်းစေနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ ကလေးတွေက အားလုံးနဲ့ တန်းတူလုပ်ကြရတယ်။ တခုခုဆို စက်ရုံ ဆေးခန်းမှာက ဆေး မရှိဘူး။ ပါရာလို့ အကိုက်အခဲ ပျောက်ဆေး တောင်းရင် မရှိတာက များတယ်။ အဲ့ဒါကို HR ကို ပြောပြလည်း အငြိုး ထားခံရတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဆေးခွင့် နဲ့ ရှောင်တခင်ခွင့်တွေကို ဥပဒေအရ ခံစားခွင့်ကို စက်ရုံဘက်က မပေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ HR မန်နေဂျာက စက်ရုံ ဝန်ထမ်းဟောင်းတဦးဖြစ်ပြီး ဥပဒေမဲ့အလုပ်ထုတ်တာ၊ အချိန်ပို ကြေးမပေးဘဲ လုပ်ကိုင်ခိုင်းခဲ့တယ်လို့ ပြောပါတယ်။ အလုပ်ရှင်ဘက်က အလုပ်ပြန်ခန့်ခဲ့ပြီးနောက် အလုပ်သမား အခွင့်အရေးတွေ ထပ်မံ ဆုံးရှုံးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
တချို့လိုင်းမန်နေဂျာတွေက အလုပ်သမားတွေ ချုပ်နိုင်တာထက် ပိုတဲ့ အထည်စံချိန်ကို တောင်းပြီး အထည်စံချိန်မပြည့်ပါက အော်ဟစ် ဆဲဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ဆဲလိုက်တာများ နားတောင် ရှက်တယ်။ စက်လိုင်းမန်နေဂျာ ဒေါ်မိုးကြီး က အဆိုးဆုံး။ စံချိန်မရတာနဲ့ ဆဲနေ၊ အော်ဟစ်
နေတာ၊ ဂိတ်ပါတ်တောင်းလည်း ဆဲတာ၊ တနေ ကုန် မရပ်မနား ဆဲနေတာပဲ” လို့ Myanmar Labour News ကို အလုပ်သမားတဦးက ပြောဆိုပါတယ်။
 
Tanjin fashion milestone Co.,Ltd အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့နှစ်အတွင်း လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စက်ရုံဘက်က ညှိနှိုင်းပေးတာ မရှိခဲ့ပါဘူး။ စက်ရုံကတော့ တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်ပြီ အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ စက်ရုံ ဖွင့်လှစ်ထားပြီး လက်ရှိ Sinsay တံဆိပ် အင်္ကျီတွေ ချုပ်လုပ်နေပါတယ်။
 

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026