NEWS

Sunrise(Myanmar)fashion စက်ရုံ ဥပဒေကျော်လွန်ပြီး အချိန်ပို ခိုင်းစေ၊ စစ်ဆေးရေးအဖွဲ့များအား လိမ်လည် ဖြေကြားခိုင်း

CoverLogo
1.1K Views

Sunrise(Myanmar)fashion အထည်ချုပ်စက်ရုံက အချိန်ပို ဥပဒေထက်ကျော်လွန် ခိုင်းစေတဲ့ အပြင် စစ်ဆေးရေးအဖွဲ့တွေက အလုပ်သမားတွေကို လာရောက် စစ်ဆေး မေးမြန်းရာမှာလည်း လိမ်လည် ဖြေကြားခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အချိန်ပိုကတော့ လတိုင်း ခေါ်ပါတယ် ။ အရင်လတွေက ည ၉ နာရီအထိ ခေါ်ခဲ့ပါတယ် ။ အခုတော နိုင်ငံရေး အခြေအနေအရ ပေါ်တာဆွဲတာတွေရှိလို့ ဆိုပြီ ည ၁၂ နာရီအထိ ခေါ်တယ်။ အခု ဒီဇင်ဘာလထဲမှာဆို အမျိုးသား နေ့နဲ့ ခရစ်စမတ်နေ့  အဲဒီ ၂ ရက်တည်းနားရသေးတယ်။ တနင်္ဂနွေနေ့တွေ ဆိုလည်း မနားရဘူး။ အချိန်ပိုမဆင်းရင် လိုင်းစူပါက တယောက်ချင်း ခေါ်တွေ့တယ် ၊ ပြောဆို တယ်။ နာမယ် (အမည်)ကို မှတ်တယ်။ ပြင်းပြင်းထန်ထန် ပြောတယ်။ အလုပ်သမားတွေက အနားမရတော့ အခုဆို  ညောင်နာနာ ဖြစ်နေကြတယ်။” လို့ အလုပ်သမားတဦး ကပြောပါတယ်။

Sunrise(Myanmar)fashion အထည်ချုပ်စက်ရုံက အချိန်ပို အလွန်အကျွံခေါ်တာ၊ အလုပ်သမားတွေရဲ့ ဆန္ဒ မပါဘဲ အတင်းကျပ် အချိန်ပိုကို လုပ်ကိုင်ခိုင်းတာ၊ အချိန်ပိုလုပ်ကိုင်ဖို့ ငြင်းဆန်ပါက ဂရိတ်ချပြီး ရပိုင်ခွင့်ဖြတ်တာ၊ ခွဲခြားဆက်ဆံတာ ၊ အချိန်လုပ်ခ မရတာ၊ ဆဲဆိုခံရတာ၊ လုပ်ငန်းခွင်အတွင်း ဖြစ်သလို အိပ်ရတာ၊ အပြန် ဖယ်ရီ မရတာတွေကြောင့် အခုနှစ်အတွင်း ၄ ကြိမ်မြောက် သတင်းဖော်ပြခံရတဲ့ အထည်စက်ရုံဖြစ်ပါတယ်။ 

“တိုင်တာလည်း ခဏခဏ ၊ လာစစ်တာ ဒီနှစ်ထဲမှာ ၆ ကြိမ်လောက်ရှိနေပြီ ။ အလုပ်သမားရုံးကရော၊ အမှတ်တံဆိပ် ကိုယ်စားလှယ်ရော လာစစ်တယ်။ အမှတ်တံဆိပ် ကိုယ်စားလှယ် လာစစ်တယ်ဆိုရင် ပိုပြီး လိမ် ပြောခိုင်းတယ် ။ အချိန်ပို မရှိပါဘူးဆိုပြီး လိမ်ပြောခိုင်းတယ်။ အချိန်ပိုကို တလလုံးမှ တနင်္ဂနွေနေ့ တရက် လောက်ပဲ ဆင်းရပါတယ်လို့ လိမ်ပြောခိုင်းတယ်။ အဲလို လိမ်ဖို့ကို စူပါတွေ အကုန်လုံးကို ရုံးခန်းမှာ အစည်းအဝေး ခေါ်ပါတယ် ။ အဲဒီက ပြန်လာရင် အလုပ်သမားတွေကို ခေါ်ပြီး ဘယ်လို ပြောလို့ သင်ပေးတာပါ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

Sunrise Myanmar fashion စက်ရုံရဲ့ အလုပ်ချိန်ကတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိ  မနက် ၈ နာရီ ကနေ ညနေ ၄ နာရီခွဲအထိ ဖြစ်ပြီး အချိန်ပိုကိုတော့ ည ၇ နာရီအထိ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။ 

စနေနေ့မှာ အချိန်ပို ၄ နာရီ  လုပ်ကိုင်ရတဲ့အပြင် တနင်္ဂနွေနေ့မှာလည်း ညနေ ၄ နာရီခွဲအထိ လုပ်ကိုင်ရလို့  နားရက်မရှိ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  စူပါတွေ ၊ အောစူပါတွေကလည်း တရုတ်အမျိုးသား နည်းပညာကျွမ်းကျင်သူတွေနဲ့နည်းတူ အလုပ်သမားတွေကို ဖိနှိပ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

“အချိန်ပို(OT) က ဆင်းချင် မဆင်းချင် မမေးဘူး ၊  ဆင်းရမှာလို့ ပြောပြီး ဆင်းခိုင်းပါတယ်။ ခွင့်ယူရင်လည်း စူပါ၊ တရုတ် ကျွမ်းကျင်ဆရာ၊ မန်နေဂျာ၊ စက်ရုံမှူး အဲ့ ၄ ဦး လက်မှတ်ပါမှ ရတယ်။ ပြောရင် ခွင့်ယူဖို့ ခက်အောင် လုပ်ထားတာ။ ဥပဒေမှာပါတဲ့ အလုပ်သမားအခွင့်အရေးဆိုတာ ဒီစက်ရုံမှာမရှိဘူး။ စစ်ဆေး တာတွေ သေချာ မလုပ်တော့။ ဒီတနှစ်လုံးလုံး နားရက်မရသလောက် ဖြစ်ခဲ့တာဘဲ။ ကိစ္စနဲ့ အပြင်ထွက်လည်း ခက်ခဲ့တာပါပဲ။ စက်ရုံဘက်က အလုပ်သမားဥပဒေ ချိုးဖောက်တာတွေကို တာဝန်ရှိသူတွေက ပြောဆို ညှိနှိုင် ပေးတာ မရှိပါဘူး။ အလုပ်သမားတွေက အဲဒါတွေ ခံစားနေရတာပါပဲ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

Sunrise Myanmar fashion အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက ရှောင်တခွင်ခွင့် တရက်တည်းသာပေးပြီး နောက်ရက်တွေကိုတော့ ရက်ပျက်အဖြစ် သတ်မှတ်ပြီး ဒေးကြေးနဲ့ ရက်မှန်ကြေး ဖြတ်တောက်တာ၊ ကျွမ်းကျင် ကြေး (ဂရိတ်)အဆင့်ချတာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

စက်ရုံအတွင်း အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး သမဂ္ဂဖွဲ့စည်းထားတာ မရှိဘူးလို့ သိရပါတယ်။ 

WCC အဖွဲ့ ဖွဲ့စည်းထားပြီး စက်ရုံဘက်ကို ဘက်လိုက်တာကြောင့် အလုပ်သမားတွေတွေက ယုံကြည်မှု မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောကြားပါတယ်။ 

စက်ရုံကတော GLOBAL WORK, WOLLYTEC, CINEMA CLUB, HARE, LEPSIL,URBAL FUNCTION , SINCE 1930 UNITED ATHLA, FINO-OUT, LOWRYS FARM, AIRTHERMAL စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ် နေတယ်လို့  အလုပ်သမားတွေက ပြောဆိုပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026