NEWS

S.H.UNITED  အထည်ချုပ် လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေ

CoverLogo
721 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်လမ်းမကြီးအနီး ဖွင့်လှစ်ထားတဲ့ S.H.UNITED COMPANY LIMITED  အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်နေပြီး လွပ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်တွေကိုပါ ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၁၂၀၀ ကျော်နဲ့ COLIN’S အမှတ်တံဆိပ် ဂျာကင်အထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။ 

ပုံမှန်အလုပ်ချိန်မှာ နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ အထိ သတ်မှတ်ထားပြီး လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခံစားခွင့်တွေ မရရှိဘူးလို့ ပြောပါတယ်။

"နေမကောင်းလို့ အလုပ်တရက်ပျက်ရင် ဒေးကြေး ၅၈၀၀ နဲ့ ထောက်ပံ့ကြေး ၁၀၀၀ ရက်မှန်ကြေး ၄၀၀၀၀ နဲ့ ကျွမ်းကျင်ကြေးအချိုးကျ ဖြတ်ခံရတယ်။ အရေးပေါ် ရှောင်တခင်ခွင့် ဖုန်းဆက်ပြီးတိုင်လည်း မပေးပါဘူး ။ လူမှုဖူလုံရေးဆေးခွင့်လည်းမပေးပါဘူး။"လို့ အလုပ်သမားကပြောပါတယ်။

လူမှုဖူလုံရေးကြေး လတိုင်းပေးသွင်းရပေမယ့် ဆေးခွင့်ယူပါက ကြီးကြပ်သူ စူပါ ၊ အောစူပါနဲ့ မန်နေဂျာတို့က ဖိအားပေးပြောဆိုတာကြောင့် ကျန်းမာရေးခွင့်ယူဖို့ ခက်ခဲနေပြီး နစ်နာမှုဖြစ်ပေါ်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန် အလွန်အကျွံတောင်းခံနေပြီး အလုပ်သမား ၅၀ ရှိတဲ့ စက်လိုင်းတစ်လိုင်းလျှင် တနာရီကို လိုင်းပေါက် ဂျာကင် အထည် ၄၀ ကျော် ပေးရပြီး တောင်းသောအထည်စံချိန်မပြည့်ပါက ဆဲဆိုခိုင်းစေတယ်လို့ ပြောပါတယ်။

"အထည်စံချိန်က အလုပ်ရှင်ဘက်က တဖက်သတ် သတ်မှတ်ပြီးတောင်းတာပါ၊ ချုပ်ရတာလက်ဝင်ပြီး အသဲအသန်ချုပ်ရလို့  ရေလဲမသောက်၊ အပေါ့အပါးတောင်မသွားရဘူး၊ သူတို့လိုသလောက်မရရင် ယောက်ျားလေးတွေရှေ့လဲမရှောင် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်ပြီးတော့ ဆဲတာ"လို့ အလုပ်သမားကပြောပါတယ်။

နေ့စားအလုပ်သမားတွေအများအပြားခိုင်းစေနေပြီး အော်ဒါများပါက နေ့စားအလုပ်သမားတွေကို တိုးမြှင့်ခေါ်ပြီး အော်ဒါနည်းသွားပါက အလုပ်ထုတ်ပစ်တာတွေ ပြုလုပ်ကာ ခွဲခြားဆက်ဆံနေတယ်လို့ ဆိုပါတယ်။

အဆိုပါ စက်ရုံဟာ ယခင်က ဆောက်ဘေးအထည်ချုပ်စက်ရုံဖြစ်ပြီး အပြီးပိတ်သိမ်းပြီးနောက် နာမည်အသစ်ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ယခင်စက်ရုံဟောင်းမှ သမဂ္ဂအဖွဲ့ဝင်ဖူးတဲ့ အလုပ်သမားတွေ လာရောက် လျှောက်ထားပါက နာမည်စာရင်းစစ်ကြည့်ပြီး အလုပ်လက်မခံဘူးလို့ ပြောပါတယ်။

"အရင်က စက်ရုံအဟောင်းမှာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းရှိတယ်၊ အခုစက်ရုံအသစ်မှာ‌တော့မရှိဘူး။ အရင်စက်ရုံက အလုပ်သမားသမဂ္ဂ တွေ ကို အလုပ်လာလျှောက်ရင်လက်မခံဘူး လူအများရှေ့မှာပြောဆိုပြီး ပြန်ခိုင်းတာ၊ အခုလို လုပ်တာက လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ပြောင်ချိုးဖောက်တာပါ"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းပေးဖို့ အချက် ၅ ချက်ကို တောင်းဆိုထားပါတယ်။

အလုပ်သမားများတောင်းဆိုချက်တွေကတော့ 

၁။အလုပ်ရှင်ဘက်မှ ၂၀၁၁ခုနစ်တွင်ပြဌာန်းထားသော လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့် ဥပဒေကိုချိုး ဖောက်သော လုပ်ရပ်ကိုလုပ်နေခြင်းကို ရပ်တန့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အောစူပါ၊စူပါများမှ ယောက်ကျားလေးများအရှေ့လဲ အော်ဟစ်ဆဲဆိုပြီးရိုင်းစိုင်းစွာပြော ဆိုခြင်းများ ပြုလုပ်နေခြင်းကို ရပ်တန့်ပေးရန်။
၃။ အလုပ်ရှင်ဘက်မှ အော်ဒါများလျင် နေ့စားအလုပ်သမားများ ခေါ်ခိုင်းပြီး အော်ဒါနည်းသွားလျင်အလုပ် ထုတ်ခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့် ဆေးခွင့်များခံစားခွင့်ပေးရန်။
၅။ အလုပ်ရှင်ဘက်က မန်နေဂျာမှ ဆေးခွင့်ယူသော အလုပ်သမားများကိုခေါ်ပြီးပြောဆိုခြင်း မပြုလုပ်ရန် စတာတွေ တောာင်းဆိုလိုတယ်လို့ သိရပါတယ်။




Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026