NEWS

SEN YU အထည်ချုပ်စက်ရုံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရ

CoverLogo
990 Views

လှိုင်သာယာမြို့နယ်၊ အလယ်ရွာထိပ် ဗန်မော်အတွင်းဝန်လမ်း မှာ အလုပ်သမားဦးရေ ၆၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ SEN YU အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

အဆိုပါ လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို မတရားတိုးမြှင့်တောင်းခံတာ၊ တနင်္ဂနွေနေ့တွေမှာ အိုတီမဖြစ်မနေဆင်းပေးရတာ၊ ဆေးပေးခန်းမရှိတာ ၊ ခွင့် ၁ ရက် ပျက်ပါက ရက်မှန်ကြေး ဖြတ်တောက်တာ ဂရိတ် ကြေးလျှော့ချတာ၊ တနင်္ဂနွေနေ့ကို အိုတီဆင်းရန်ငြင်းဆန်ပါက ရက်မှန်ကြေး ဂရိတ်ကြေးများကို လုံးဝဖြတ်တောက်တာကနေ အလုပ်ကနေထုတ်ပယ်တဲ့အထိ ချိုးဖောက်မှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

အဆိုပါ လုပ်ငန်းမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး sinay၊ CUH စတဲ့အမှတ်တံဆိပ် ဂျာကင်အထည်တွေချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။

 

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ ဒီလုပ်ငန်းမှာတော့ အလုပ်ချိန်အနေနဲ့ တနင်္လာနေ့မှ သောကြာနေ့အထိ ကို မနက် ၈ နာရီမှ ည ၈ နာရီ ၃၀ မိနစ် အထိ အချိန်ပိုအပါအဝင် တစ်ရက်လျင် အလုပ်ချိန် ၁၂ နာရီခွဲ လုပ်ကိုင်ရတာဖြစ်တယ်လို့ အလုပ်သမားကဆိုပါတယ်။

 

စနေနေ့ကိုတော့ မနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ ထိလုပ်ကိုင်ရပြီး တနင်္ဂနွေနေ့ကိုပါ နားရက်မရှိဘဲအချိန်ပိုလုပ်ကိုင်နေရတယ်လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။

 

အချိန်ပိုအိုတီမဆင်းလျှင် ရက်မှန်ကြေး (၃၀၀၀၀)၊  ဂရိတ်ကြေး A (၄၅၀၀၀)၊ B (၃၀၀၀၀)၊ C (၂၀၀၀၀)များ ဖြုတ်ချမည်ဟု HRမန်နေဂျာမှ ပြောဆိုခြိမ်းခြောက်ကာ ခိုင်းစေတာကြောင့် အလုပ်သမားများမှာ မဖြစ်မနေဆင်းနေရတာလို့ အလုပ်သမားကပြောပါတယ်။

 

အချိန်ပိုအိုတီ မဆင်းသော စက်ချုပ်အလုပ်သမားများကို အလုပ်မှထုတ်ပယ်ခြင်းများ ပြုလုပ်နေပြီး အဆိုပါ ဖိအားပေးခြင်းကို မခံနိုင်သောကြောင့် အချိန်ပိုအိုတီကို ဆင်းပေးသော်လည်း  အလုပ်ရှင်ဘက်မှ သတ်မှတ်ထားချိန်ကို စာရင်းအချိန်မှီမပေးလို့ဆိုပြီး၊ အချိန်ပိုကြေးမရှိဘဲ အလကားဆင်းပေးရတာတွေရှိတယ်လို့ ဆိုပါတယ်။

 

အချိန်ပိုအိုတီ ခေါ်ရာတွင် အလုပ်သမားများ သဘောဆန္ဒကိုမမေးမြန်းဘဲ၊ ဖိအားပေးစေခိုင်းနေခြင်းများ လုပ်ငန်းခွင်ထဲတွင် ပြုလုပ်ခံနေရတယ်လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားကပြောဆိုပါတယ်။

 

စက်လိုင်းထဲရှိ hp(အကူ) အလုပ်သမားများကို နံနက် (၈း၀၀)နာရီမှ ညနေ့ (၆း၃၀)အထိခိုင်းစေပြီး (၅၆၀၀)ကျပ်သာ ပိုက်ဆံရှင်းပေးခြင်း၊ အချိန်ပိုအိုတီ ၂ နာရီကြေးကိုမပေးဘဲ အလကား‌စေခိုင်းတာရှိတယ်လို့လည်း အလုပ်သမားကပြောပါတယ်။

 

အလုပ်သမားများမှာ အချိန်ပိုမဆင်းလျှင် ရက်မှန်ကြေး၊ ဂရိတ်ကြေးများ ဖြုတ်ချခံရမည်ဖြစ်သောကြောင့် အလုပ်ရှင်ဘက်မှ ခေါ်သည့်အချိန်တိုင်း အမြဲဆင်းရခြင်း၊ တစ်လလုံးနားရက်မရှိဆက်တိုက် ဆင်းရသောကြောင့် နေထိုင်မကောင်းဖြစ်ခြင်း၊ နေထိုင်မကောင်းလို့ တစ်ရက်ပျက်လျှင် ခွင့်ခံစားခွင့်ရသော်လည်း ရက်မှန်ကြေး (၁၀၀၀၀) ကျပ်ဖြတ်တောက်ခံရခြင်း၊  ဂရိတ်ကြေး A (၄၅၀၀၀)၊ B (၃၀၀၀၀)၊ C (၂၀၀၀၀)ကျပ်တို့ကို တစ်ရက်အလုပ်ပျက်လျှင် အကုန်ဖြတ်ပစ်တယ်လို့ ဆိုပါတယ်။

 

ထို့အတွက်ကြောင့် အလုပ်သမားများက နေထိုင်မကောင်းလျှင်လည်း ရက်မပျက်ရဲဘဲ အလုပ်လုပ်နေရခြင်းဖြစ်ပြီး ဂရိတ်ကြေး အကုန်ဖြတ်တောက်လိုက်သည့်အတွက် ကျေနပ်မှုမရှိဘူးလို့ဆိုပါတယ်။

 

အလုပ်ပိတ်ရက် အချိန်ပိုအိုတီတွေမှာ အလုပ်သမားများအတွက် ဖယ်ရီကားမပေးဘဲ၊ လမ်းစရိတ်ဆိုပြီး အသွားအပြန် (၆၀၀)ကျပ်ပေးခြင်းဟာလည်း လောက်ငှမှုမရှိဘူးလို့ဆိုပါတယ်။

 

အဆိုပါ အလုပ်ခွင်အတွင်း စံချိန်များတောင်းခံရာတွင် အလုပ်သမားတစ်ဦး မချုပ်လုပ်နိုင်သော စံချိန်တောင်းခံခြင်း၊ စံချိန်ကိုလည်း တစ်သတ်မှတ်ထဲ မရှိပဲ၊ အထည်ပေါ်မူတည်ပြီ စံချိန်ကို တစ်နေ့တစ်နေ့ တိုးပြီးတောင်းခံနေတာတွေလည်း ပြုလုပ်တယ်လို့ဆိုပါတယ်။

 

လုပ်ငန်းခွင်အတွင်း အလုပ်သမား​သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်သမားရေးရာ ကိစ္စရပ်များကိုလည်းဖြေရှင်းပေးတာမရှိဘူးလို့ သိရပါတယ်။

 

အလုပ်သမားများတောင်းဆိုချက် အနေနဲ့ အချိန်ပိုအိုတီခေါ်ရာတွင် အလုပ်သမားများ ဆန္ဒမေးမြန်ရန်နှင့် ဖိအားပေးပြီးမခေါ်ရန်၊ အချိန်ပိုအိုတီခေါ်လျှင် ဖယ်ရီကားစီစဥ်ပေးရန်နှင့် လမ်းစရိတ်ပေးပါက အပြည့်အဝပေးရန်၊ အလုပ်သမားများ အလုပ်တစ်ရက်ပျက်ပါက ဂရိတ်ကြေးကို အချိုးကျသာ ဖြတ်တောက်ရန်၊ လုပ်ငန်းခွင်ထဲတွင် ဆေးများထားရှိပေးရန်နှင့် HRမှ ရိုင်းစိုင်းစွာမပြောဆိုရန်၊ စက်လိုင်းထဲရှိ hp အလုပ်သမားများကို ဒေးကြေး၊ အချိန်ပိုအိုတီကြေး အပြည့်အဝပေးရန်၊ လစာထုတ်ရက်တွင် အလုပ်သမားများကို ညနေ (၄း၃၀) အချိန်ပြန်လွတ်ပေးရန်၊ အချိန်ပိုအိုတီမဆင်းလျှင် အလုပ်မှထုတ်ပယ်ခြင်း၊ ရက်မှန်ကြေး၊ ဂရိတ်ကြေးများဖြုတ်ချခြင်း မပြုလုပ်ရန် စတာတွေ ပြုပြင်ပြောင်းလဲပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026