RONG DA Garment စက်ရုံက နေ့စဉ် အချိန်ပို ၃ နာရီခေါ်ယူပြီး တနင်္ဂနွေနေ့ တွေပါ လုပ်ကိုင်ခိုင်းနေတယ်လို့ အထည်ချုပ်လုပ်သားတွေကပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာန ဝက်ဆိုဒ်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက် မှာတော့ အချိန်ပို အလုပ်လုပ်ချိန် နာရီ ၂၀ ထက် မပိုဖို့ ဖော်ပြထားပါတယ်။
“စက်ရုံမှာ တနင်္လာကနေ သောကြာနေ့အထိ အချိန်ပိုက နေ့စဉ် ၃ နာရီ၊ စနေနေ့မှာလည်း ည ၇ နာရီအထိဆို တော့ အချိန်ပိုက ၇ နာရီ လုပ်ရတယ်။ အခု ၁၁ လပိုင်း (နိုဝင်ဘာ)မှာ တနင်္ဂနွေပိတ်ရက် ၄ ရက်မှာ ၃ ရက် အလုပ် ဆင်းထားရတယ်။ ၁၂ လပိုင်း(ဒီဇင်ဘာ) မှာ တရက်တည်းနားရတယ်။ ခရစ်စမတ်နေ့အတွက်လည်း တနင်္ဂနွေနေ့ ရက်စား ဆင်းဖို့ ပြောနေတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်မှာတော့ တနင်္ဂလာနေ့ကနေ သောကြာနေ့အထိ နေ့စဉ် အချိန်ပို ၃ နာရီ နဲ့ စနေနေ့မှာ အချိန်ပို ၅ နာရီ ခေါ်ယူနိုင်လို့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အချိန်ပို ခေါ်ယူမှုတွေကို သက်ဆိုင်ရာ အလုပ်သမားရုံးတွေကို အချိန်ပို လုပ်ကိုင်မည့် အလုပ်သမား၏ သဘောတူ မှတ်တမ်းနဲ့ တင်ပြရ မယ်လို့ လမ်းညွှန်ထားပါတယ်။
“စက်ရုံမှာ အချိန်ပို ခေါ်မယ်လို့ ကြိုပြောတာလည်းမရှိဘူး။ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာ မရှိဘူး ။ မဆင်းလို့လည်း မရဘူး။ စက်ရုံထဲက တချို့ဌာနတွေမှာ ဆို ညနက် ၁၂ အထိ လုပ်ကိုင်ရတာတွေရှိတယ်။ စက်ရုံမှာပဲ ဖြစ်သလို အိပ်ရတာ။ ညနေ အလုပ်ဆင်းချိန်မှာ အချိန်ပိုဆက်ဆင်းရမယ်ဆိုလည်း အနားလုံးဝ မပေးဘူး ။ ည ၇ နာရီအထိ ဆက်လုပ်ရတယ်။ ဘာမှလည်း မစားရဘူး၊ အနားလည်း မရဘူး။” အလုပ်သမား တဦးက ပြောပါတယ်။
RONG DA Garment စက်ရုံရဲ့ ပုံမှန်အလုပ်ချိန်က မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီအထိဖြစ်ပြီး ၊ နေ့လယ် နားချိန်အပြီး ၁၂ နာရီကနေ ည ၇ နာရီအထိ နားချိန်မရှိဘဲ ဆက်တိုက် အလုပ်လုပ်နေရတာလို့ စက်ရုံ အလုပ်သမားတဦးက ရှင်းပြခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ အလုပ်ရုံများဥပဒေမှာတော့ အလုပ်ချိန်အပိုင်းအခြားတခုက ၅ နာရီထက် မပိုဖို့နဲ့ အနားပေးဖို့ကို သတ်မှတ်ပြဌာန်းထားတာ ဖြစ်ပါတယ်။
“ခွင့်လည်း မရဘူး၊ ခွဲခြားပေးတာမျိုးပေါ့။ ခေါင်းဆောင်တွေနဲ့ အဆင်ပြေရင်တော့ ရတယ် မပြေရင်တော့ မရဘူး။ ဘာခွင့်မှ မရတာပါ။ အဲလို အချိန်ပို ဆင်းရတာ တနှစ်ရှိနေပြီ၊ တနင်္ဂနွေနေ့ ဆင်းပေးရတာက ၂ လ နီးပါးရှိနေပြီ ။ အလုပ်ကို မဆင်းချင်လောက်အောင် ပင်ပန်းနေပြီ ။ ဖြစ်စေချင်တာက တနင်္ဂနွေလိုနေ့တွေကို ပိတ်ပေး ၊ ခရစ်စမတ်လို့ နေ့တွေလည်း ပိတ်ပေးဖို့ပဲ၊ ခွင့်တွေရဖို့ပါပဲ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
RONG DA Garment စက်ရုံဘက် ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေအတွက် နေ့လည်နားချိန်အပြီး ဂိတ်ပက်နဲ့ ခွင့်ပြုပေမဲ့ အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကိုတော့ ကြီးကြပ်ရေးမှူးတွေက အငြိုးထားတာတွေရှိတယ်လို့ ပြောပါတယ်။
“အချိန်ပိုမဆင်းတဲ့သူတွေကို ရုံးက စာရင်းမှတ်တယ်၊ ခေါင်းဆောင်တွေကလည်း လုပ်ငန်းခွင်ထဲ မဲတာတော့ ရှိတယ်။ ဆဲဆိုတာတော့ မရှိဘူး ။ ဒါပေမဲ့ အချိန်ပိုတွေ အလွန်အကျွံဆင်းခိုင်းတာကတော့ ဝေးတဲ့သူတွေဆို ညလည်း နောက်ကျ၊ မနက်လည်း အစောထဆိုတော့ မလန်းဆန်းဘူး ၊ ကြာတော့လည်း မလုပ်ချင်တော့ဘူး။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
RONG DA Garment စက်ရုံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မင်းဗန္ဓုဘုရားလမ်းမှာရှိပြီး လုပ်သား ၃၀၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။
စက်ရုံအတွင်း အလုပ်သမားသမဂ္ဂတွေ မရှိသလို WCC အဖွဲ့လည်း ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ RONG DA Garment စက်ရုံကတော့ Logos Park ၊ Beloved ၊ Bekkin စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံလို့ သိထားပါတယ်။
#MyanmarLabourNews