NEWS

Real Star စက်ရုံမှာ အခြေခံလစာကို သတ်မှတ်နှုန်းအတိုင်းမပေးသည့်အပြင် အချိန်ပိုနာရီများကိုပါ လုပ်အားခခေါင်းပုံဖြတ်နေ

CoverLogo
564 Views

ကိုရီးယားနိုင်ငံသားပိုင် Real Star စက်ရုံမှာ အခြေခံလုပ်ခလစာကို အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းအတိုင်းမပေးတဲ့အပြင် အချိန်ပိုနာရီတွေပါခေါ်ယူပြီး လုပ်အားခခေါင်းပုံဖြတ်နေတယ်လို့ စက်ရုံအလုပ်သမား တွေက ပြောပါတယ်။
 
ဒီစက်ရုံကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၂)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား တစ်ထောင်ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ ကိုရီးယားအမှတ်တံဆိပ် BOUTIQUE လေဖောင်း အနွေးထည်တွေကို ချုပ်လုပ်နေရတာဖြစ်ပြီး အလုပ်သမားအင်အား ထက်ဝက်ကျော်ကတော့ ကလေးအလုပ်သမားတွေ ဖြစ်ပါတယ်။

“အခုထိကို လစာက (၅၈၀၀)ကျပ်ပဲ ရပါတယ်။ ဝန်ကြီးဌာနက အပိုထောက်ပံ့ကြေးနှစ်ထောင်ထိ တိုးပေးရမယ် ပြောထားပေမယ့် စက်ရုံမှာတော့ မရပါဘူး။ နောက်တစ်ခုက အချိန်ပိုတွေ လုပ်ပေးရပေမယ့် ကျွန်မတို့ လုပ်ခ လစာ အပြည့်အဝမရပါဘူး။ ပုံမှန်အလုပ်ချိန်က မနက်(၇) နာရီ (၄၀) ကနေ ညနေ (၄) နာရီ (၂၀) ထိပါ။ အချိန်ပိုဆင်းရရင်တော့ ည (၇) နာရီထိ လုပ်ရပါတယ်။ ဒါပေမယ့် တစ်ပတ်မှာနှစ်ရက် အင်္ဂါနဲ့ကြာသပတေးနေ့ ကတော့ ည (၈) နာရီကနေ မနက်(၂) နာရီထိ ဆင်းပေးရတယ်။ အဲဒီအတွက်လည်း ကျပ်(၆၀၀၀) ပဲပေးပါတယ်။ ကျွန်မတို့က ကိုယ့်ဘာသာထမင်းဝယ်စားရပါတယ်။ ဘာမှမကျွေးပါဘူး။ စက်ရုံကနေ ဝေးလို့မပြန်နိုင်တဲ့သူတွေဆို အိမ်ကလည်း ထမင်းချိုင့် လာမပို့နိုင်ရင် နောက်တစ်နေ့ နေ့လည်စာပါ ဝယ်စားရပါတယ်။ သူတို့ပေးတဲ့ပိုက်ဆံက ထမင်းဖိုးနဲ့ တင်ကုန်ပါတယ်။ အချိန်ပိုတွေ ဆင်းနေပေမယ့် ကျွန်မတို့အတွက် ဘာမှခံစားခွင့်မရပါဘူး”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာ သောက်သုံးရေအတွက်  အိမ်သာနဲ့ လက်သန့်ရှင်းရေးမှာ သုံးတဲ့ရေကိုပဲ အတူတူသုံးစွဲခိုင်းနေသလို အိမ်သာတွေ မသန့်ရှင်းတာ၊ အလုပ်သမားအရေအတွက်နဲ့ အသုံးပြုနိုင်တဲ့အိမ်သာ မမျှတတာတွေလည်း ရှိနေပါတယ်။ 

ဒါ့အပြင် ဆေးခန်းမှာ ဆေးမရှိတာ၊ အလုပ်အတွက် အသုံးပြုရတဲ့ လွန်းဆံ၊ လွန်းအိမ်၊ ကတ်ကြေး စတာတွေကိုလည်း အလုပ်သမားတွေက စက်ရုံရုံးခန်းမှာ ကိုယ်ပိုင်ငွေကြေးနဲ့ ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါ တယ်။

“သူတို့က ည(၂)နာရီ အလုပ်ပြီးတာနဲ့ မီးဖြတ်ချလိုက်တယ်။ တစ်ချို့နီးတဲ့သူတွေလည်း ပြန်တယ်။ မပြန်တဲ့သူ တွေကတော့ ကိုယ့်စက်ချုပ်တဲ့နေရာလေးတွေမှာ အိပ်ကြတယ်။ သံမံတလင်းတို့၊ အထည်တင်တဲ့ခုံပေါ်မှာ အိပ်ကြ တယ်။ ခြင်ထောင်လေးတွေပါတဲ့သူလည်း ထောင်အိပ်ပေါ့။ မရှိတဲ့သူတွေကျတော့လည်း အထည်ခြုံအိပ်တယ်။ ဂုန်နီအိတ်ခြုံအိပ်တယ်။ အဆောင်နေစရာ မရှိပါဘူး။ ကြာလာတော့ အလုပ်သမားတွေ ကျန်းမာရေးတော့ ထိတာပေါ့။ ခွင့်က ဆေးခွင့်ဆိုပြီးလည်း မပေးဘူး။ ခွင့်ယူလို့ရတယ်။ တစ်ရက်ပျက်ရင်ဒေးကြေးကော၊ ရက်မှတ်ကြေးပါ ပြုတ်တယ်။ အထည်ကတော့ မိနစ်လေးဆယ်ကို (၃၅) ထည်ပေးရတယ်။ ticket ကြေးကတော့ (၁၀၀) ပြည့်ရင် ၆၀၀၀၀ (၉၀)ရာခိုင်နှုန်းဆို ၅၀၀၀၀ (၈၀)ရာခိုင်နှုန်းဆို လေးသောင်း (၇၀) ရာခိုင်နှုန်းဆို သုံးသောင်းပေးတယ်။ အဲဒီအောက် ကျသွားရင်တော့ မပေးတော့ဘူး။ ကျွန်မဆို တစ်လပဲ ရဖူးတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်  (EC) စာချုပ် ချုပ်ဆိုတာမရှိသလို လူမှုဖူလုံရေး ထည့်ဝင် ကြေးတွေ ပေးသွင်းနေပေမယ့် တစ်နှစ်ကျော်ရတဲ့အထိ လူမှုဖူလုံရေးကတ်ပြား မရတဲ့သူတွေလည်း ရှိနေပါတယ်။

“ချိုးဖောက်တာတွေကတော့ အများကြီးပါပဲ။ စက်ရုံတွေမှာ EC စာချုပ်မရှိတာက အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက စစ်ဆေးတာတွေ မလုပ်လို့ပါ။ နောက်အဲဒီစက်ရုံမှာ မီးဖွားခွင့်မပေးဘူး။ ကလေးမွေးမယ်ဆို အလုပ် ထွက်ရပါတယ်။ သူတို့အလုပ်ချိန်ပြီးလို့ မီးတွေအကုန်ပိတ်ချ လိုက်တယ်ဆိုတော့ အမျိုးသမီးတွေရဲ့ လုံခြုံရေးပိုင်း အရလည်း စိုးရိမ်စရာ ရှိပါတယ်။ ပြောမယ်ဆို အလုပ်သမားဝန်ကြီးဌာနက သေသေချာချာ ကြပ်မတ်ပေးဖို့ လိုနေပါတယ်”လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

စက်ရုံမှာ လုပ်သက်ခွင့်မယူတဲ့ အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ခွင့်ရက်အတိုင်း လုပ်ခလစာပြန်လည် ထုတ်ပေးတာမရှိဘဲနဲ့ ဆုကြေးသဘောမျိုးသာ ထုတ်ပေးသလို အချိန်ပိုနာရီတွေကိုလည်း အများပြည်သူ ရုံးပိတ်ရက်တွေမှာပါ ခေါ်ယူနေတာ ဖြစ်ပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026