NEWS

အချိန်ပိုမဆင်းပါက ဒေးကြေး ၄၈၀၀ ကျပ်သာပေးမည်ဟု Teng Hui Myanmar Knitting စက်ရုံအသိပေး

CoverLogo
688 Views
 
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Teng Hui Myanmar Knitting အထည်ချုပ်စက်ရုံမှာ အောက်တိုဘာလကစပြီး အချိန်ပိုမဆင်းပါက ဒေးကြေး ၄၈၀၀ ကျပ်သာပေးမယ်လို့ အလုပ်သမားတွေကို အသိပေးလာတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ထံမှသိရပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၆၀၀၀ ကျော်နဲ့ H&M, Divideo အမှတ်တံဆိပ် သိုးမွှေးထည်တွေချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားတွေအနေနဲ့ ဥပဒေပါခွင့်ခံစားခွင့်မရတာ ၊ နားရက်မရှိ အချိန်ပိုဆင်းရပြီး ကျန်းမာရေးထိခိုက်ပြီး အလုပ်တရက်ပျက်ပါက ရှောင်တခင်ခွင့်ခံစားခွင့်မရတာကြောင့် ငွေကြေး ဖြတ်တောက်ခံရလို့ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
"၇ ရက်လုံး တရက်မှနားခွင့်မရှိဘဲ အချိန်ပိုတွေဆင်းရတယ်၊ ပင်ပန်းပြီး နေထိုင်မကောင်းဖြစ်လို့ တရက်လောက် အလုပ်ပျက်ရင် ဒေးကြေး ထောက်ပံ့ကြေး ရက်မှန်ကြေး တွေအပါ စုစုပေါင်း ၃၀၀၀၀ ကျပ်အဖြတ်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လာမယ့် အောက်တိုဘာလကစပြီး ဒေးကြေးကို ယခင် ( ၉၈၀၀) ကျပ်မပေးတော့ဘဲ ၄၈၀၀ ကျပ်သာပေးတော့မည်ဖြစ်ပြီး တနင်္ဂနွေနေ့နဲ့ အခြားရုံးပိတ်ရက်တွေမှာ အချိန်ပို အောလင်း အောနိုက်( ညလုံးပေါက်) မဆင်းပါက အလုပ်ဖြုတ်မည်ဖြစ်ကြောင်း အလုပ်သမားတွေကို အသိပေးလာတယ်လို့ ဆိုပါတယ်။
 
အခုလို အချိန်ပိုမဆင်းပါက ဒေးကြေး ၄၈၀၀ ကျပ်သာပေးမယ်လို့ ပြောဆိုမှုဟာ အခွင့်အရေးချိုးဖောက်တာဖြစ်ပြီး အချိန်ပိုအဓမ္မဆင်းခိုင်းတာဖြစ်တယ်လို့ အလုပ်သမားအရေးလုပ်ဆောင်သူကပြောပါတယ်။
 
"စက်ရုံမှာ အချိန််ပိုအိုတီမဆင်းရင် နောက်လကနေ စပြီး ဒေးကြေး ၄၈၀၀ ပဲပေးမယ်ဆိုပြီး အစည်းအဝေးခေါ်ပြီးတော့ တရားဝင်ပြောလာတာတွေရှိတယ်၊ အဲ့ဒီအပေါ်မှာတော့ အလုပ်သမားကို ပေးပြီးသား တိုင်တွေကို ပြန်ပြီးတော့ဖြုတ်ချလို့မရပါဘူး၊ နောက်တခုကတော့ အခုလိုလုပ်တာပိုတောင်မဖြစ်သင့်ဘူး။ အချိန်ပိုဆိုတာက အလုပ်သမား အခွင့်အရေးပါ၊ အလုပ်ရှင် အခွင့်အရေးပါ၊ အလုပ်သမားက အချိန်ပိုမရှိတာကို အချိန်ပိုဆင်းချင်ပါတယ်ဆိုပြီးအလုပ်ရှင်ကို ပြောလို့မရသလို ၊ အလုပ်ရှင်ကလည်း အချိန်ပိုရှိတယ် ဆင်းပါ ဆိုပြီး အတင်းအဓမ္မ ဆင်းခိုင်းလို့မရဘူးပေါ့နော်၊ အလုပ်သမားကလည်း အချိန်ပိုရှိပေမယ့် ဆင်ချင်ဆင်းမယ်၊ တခြားအကြောင်းအရာတွေလည်း ရှိချင်ရှိမယ်ပေါ့နော်၊ အဲ့တာကိုမှ အလုပ်ရှင်က သူတို့ခေါ်တဲ့အချိန်ပိုမဆင်းလို့ ဒေးကြေး ၄၈၀၀ ပဲပေးတော့မယ် အခြားဘာတိုင်မှ မပေးတော့ဘူး ဆိုတဲ့ဟာမျိုးက လုံးဝ လုပ်လို့မရပါဘူး။ ဒီလိုမျိုးလုပ်တယ်ဆိုလို့ရှိရင် အလုပ်သမားဆီက လုပ်ခလစာကို ဖြတ်တောက်တာဖြစ်ပါတယ်။"လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် တာဝန်ရှိသူကပြောပါတယ်။
 
လက်ရှိမှာလည်း အထည်စံချိန်သတ်မှတ်မှုကို ချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန်တောင်းခံနေပြီး လူဟောင်းအလုပ်သမားကို အထည် ၄၀၀ နှုန်းနဲ့ လူသစ်ကို အထည် ၂၀၀ နှုန်း သတ်မှတ်တောင်းခံပြီး စံချိန်မပြည့်မီပါက အောလင်း အောနိုက် ( ညလုံးပေါက် ) အချိန်ပို ဆင်းပေးရပြီး ပိတ်ရက်မရဘဲ ဖိအားပေးခိုင်းစေမှုတွေရှိနေတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
"တခါတလေ အလုပ်ချိန်အပြီးမှာ အချိန်ပိုမဆင်းနိုင်လို့ အိမ်ပြန်ရင် အလုပ်ပါတခါတည်းထွက်ဆိုပြီး ထုတ်ပစ်တယ်"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေရှိနေတာနဲ့ပတ်သက်ပြီး အလုပ်သမားအချို့က တိုင်ကြားမှုပြုလုပ်ခဲ့ပြီး သတင်းဖော်ပြခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်တာ ၊ အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ကာ အလုပ်သမားတွေကို လိမ်လည်ဖြေဆိုခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
"အလုပ်သမားတွေက အချိန်ပိုတွေ မတရားဆင်းရတဲ့အတွက် ကျန်းမာရေး ထိခိုက်တဲ့အထိဖြစ်ရတယ်၊ ဒီအတွက်ကြောင့်မို့လို့ အချိန်ပိုကို မဆင်းနိုင်တဲ့အထိအောင်ဖြစ်ကြတာပေါ့နော်။ အဲ့တာကိုတော့ အလုပ်ရှင်က အလုပ်သမားတွေ ဘယ်လောက်ထိ ပင်ပန်းပြီးအချိန်ပိုအိုတီမဆင်းနိုင်တော့တာလဲဆိုတာကို မကြည့်ဘဲနဲ့ အချိန်ပိုအိုတီမဆင်းလို့ ဒေးကြေး ၄၈၀၀ ပဲပေးတော့မယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူး" လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် တာဝန်ရှိသူကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ရှိနေတဲ့အပေါ် ဖြေရှင်းပေးဖို့နဲ့ လုပ်ခလစာတွေကို လျှော့ချဖြတ်တောက်ခြင်းမပြုဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
 
အလုပ်သမားတောင်းဆိုချက်တွေအနေနဲ့
၁။ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကို အလုပ်သမားများကို ခံစားခွင့်ပြုရန်။
၂။ အလုပ်ရှင်ဘက်မှ ၁၀လပိုင်းမှစပြီး ဒေးကြေး၉၈၀၀ကျပ်မပေးတော့ဘဲ ၄၈၀၀ကျပ်ဘဲပေးပြီးလျော့ချခြင်း မပြုလုပ်ရန်။
၃။ အလုပ်သမားများ တနင်္ဂနွေနေ့နှင့် အခြားရုံးပိတ်ရက်များ အချိန်ပိုအိုတီ အောလင်း၊ အောနိုက်မဆင်းလျင် အလုပ်ဖြုတ်ခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်က ဧည့်သည်တွေမေးရင် ဖြေရမည်ရေးပေးထားတဲ့စာ အတိုင်းမပြောရင် အလုပ်ထုတ် ပြစ်မည်ဟုခြိမ်းခြောက်ပြောဆိုခြင်း မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်က တောင်းခံသော စံချိန်မပြည့်လျင် အလုပ်သမားများကို အောလင်း၊ အောနိုက်ညလုံး ပေါက်အချိန်ပိုအိုတီဆင်းခိုင်းခြင်း မပြုလုပ်ရန် Teng Hui Myanmar Knitting အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026