NEWS

Panko Bago Company အထည်ချုပ် အချိန်ပို အလွန်အကျွံခိုင်းနေဟု အလုပ်သမားများ ပြော

CoverLogo
906 Views

ပဲခူး အခြေအစိုက် ကိုရီးယားနိုင်ငံသားပိုင် Panko Bago Company အထည်ချုပ်စက်ရုံက အချိန်ပို အလွန်အကျွံ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  ဒီလို အချိန်ပိုတွေ ခိုင်းစေနေတာ ၄ လ ကျော်နေ ပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ 


“စက်ရုံမှာ တနင်္ဂနွေနေ့ကို တပတ်ခြား အချိန်ပိုခေါ်တယ်။ တလ ၂ ရက်ပဲ နားရတယ်။ ညနက် အိုတီခေါ်တဲ့ ရက်တွေဆို အိပ်ဖို့ ခင်းဖို့ပါ ယူလာရတယ်။ အလုပ်သမားတွေ တန်းစီအိပ်ရတာပါပဲ” လို့ အလုပ်သမားတွေက ပြောပါတယ်။


စက်ရုံဘက်က အချိန်ပိုကို တရက် ၂ နာရီ ပုံမှန်ခေါ်ယူနေတဲ့အပြင် ည ၈ ခွဲ၊ ၁၀ ခွဲ စတဲ့ အချိန်တွေအထိ ခိုင်းစေနေပေမဲ့ ညစာအတွက် အလုပ်သမားတွေရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့သာ စားသောက်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် နေ့လယ်စာ နားချိန် ၁၂ ခွဲကတည်းက ညနေ ၆ ခွဲအထိ ဆက်တိုက် လုပ်ကိုင်နေရတယ်လိုလည်း အလုပ်သမားတွေဆီက သိရပါတယ်။


“ညနေ ၄ ခွဲမှာ အိုတီမပါတဲ့ အလုပ်သမားတွေပြန်တယ်။ အဲလိုချိန်မှာ အိမ်သာသွား၊ လက်ဆေး၊ မုန့်စား အဲ့လိုလေးပဲ နားရတယ်။ သီးသန့် ၁၅ မိနစ်၊ မိနစ် ၂၀ နားရတာမျိုးမရှိဘူး။  ဒီတော့ ပိုပင်ပန်းတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။ 
Panko Bago Company အချိန်ပိုညနက်အထိ လုပ်ကိုင်အပြီး အပြန်မှာ စစ်ဆေးရေး အဖွဲ့တွေနဲ့ တွေ့ပါက ဖြေရှင်းရခက်တယ်ဆိုပြီး စက်ရုံဘက်က ညအိပ်ခိုင်းတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 


“ စူပါတွေက မဆင်းချင် ထွက်ဆိုပြီး ပြောပါတယ်။ အချိန်ပိုတွေကို ဆင်းမလား မဆင်းဘူးမလား၊ မမေးတာမျိုး မရှိဘူး။ ပါဝါပြပြီး အိုတီဆင်းဖို့ အလုပ်သမားတွေ မမေးဘဲ လက်မှတ်တွေလည်း သူ့တို့ဘာသာ ထိုးကြတယ်။ အဲလို ရက်ဆက်လုပ်နေရတော့ အကြောကပ်တဲ့လူတွေ၊ မူးလဲတဲ့လူတွေ ရှိပါတယ်။ လူပင်ပန်း နာမကျန်း ဖြစ်ကြပါတယ်” လို့ အလုပ်သမားတွေကပြောပါတယ်။
ဒါ့အပြင် အချိန်ပို ရှိမရှိ ကြိုမသိရဘဲ ညနက်မှ အိမ်ကို ပြန်ရလို့ မိဘနဲ့ မိသားစုတွေ စိတ်ပူတာမျိုး လည်း ကြုံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  ခွင့်မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ရက်မှန်ကြေး ဖြတ်တောက်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 


“ပင်ပန်းခဲ့သမျှ၊ အကုန်အလကားဖြစ်ရပါတယ် ။ သုံးသောင်းလောက် နစ်နာတာ၊ ဆန်ဝယ်လို့ ရတယ်၊ အဲ့ဒီ ငွေက ။ အများကြီး နစ်နာပါတယ်။ မိသားစု ၅ ယောက်ရှိတဲ့ အလုပ်သမားတွေဆို မပြေလည်တော့ဘူး။” လို့ အလုပ်သမား တဦးက ပြောပါတယ်။ 
အချိန်ပို လုပ်ခအတွက် ရှင်းပေးရာမှာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း အလုပ်သမား တဦးက ပြောကြားထားပြီး အချိန်ပို ခေါ်ယူရာလည်း အမည်နဲ့ ရွေးချယ် ခေါ်ယူတာ ဖြစ်လို့ ခွဲခြားမှုတွေလည်း ရှိနေတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ စက်ရုံအတွင်း ချဲထီလို ၂ လုံး၊  ၃ လုံး ရောင်းချတဲ့ စူပါတွေရှိနေပြီး အုပ်ချုပ်ရေးပိုင်းက ဝန်းထမ်းတချို့ ပါဝင်နေတယ်လို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။ 


 “ချဲထီရောင်းတဲ့ စူပါတွေနဲ့ ထိုးသားတွေကတဖွဲ့၊ အဲလို မလုပ်တဲ့အဖွဲ့က တဖွဲ့ ဖြစ်နေတာ။ စက်ရုံက လောင်းကစား ရုံ ကြီးလိုပဲ၊ စူပါတွေနဲ့ အဆင်ပြေတဲ့သူဆို ရုံထဲမှာ ဖုန်းကိုင်လို့ ရတယ်။ ထီတွေ ချဲတွေကို ဒိုင် ဆီတင်ဖို့တဲ့ ။ ရုံးအဖွဲ့ကလည်း ထိုးသားတွေဆိုတော့ ၊ ဒါတွေသိတယ်။ မသိချင်ယောင် ဆောင်နေတာပါ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။ 
စက်ရုံအတွင်း ချဲထီလို လောင်းကစားလုပ်ကိုင်နေတာ ၆ လ လောက်ရှိပြီလို့ လည်း သိရပါတယ်။ စက်ရုံ ထမင်းစားဆောင်မှာ စက်ရုံနဲ့ အလှမ်းဝေးပြီး အလုပ်သမားတွေ နေ့လယ် နားချိန်နည်းနည်းမှာ ပြေးလွှား စားသောက်  ရတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။


Panko Bago Company စက်ရုံကတော့ ညောင်အင်းကျေးရွာ၊ ပဲခူးမြို့နယ်ထဲမှာရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ တည်ထောင်ထားလို့ DICA ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။ စက်ရုံမှာ  အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး WCC ဖွဲစည်းထားပေမဲ့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေ မရှိဘူးလို့ အလုပ်သမားတွေက ပြောကြား ထားပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026