NEWS

New Talent Garment  အလုပ်သမားများ ဘွိုင်လာ မီးခိုးနှင့် အနံအသက်များကြား လုပ်ကိုင်နေရ

CoverLogo
667 Views

လှည်းကူးမြို့နယ်ထဲက New Talent Garment (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံ B မှာ ဘွိုင်လာမီးမွှေးတဲ့ အချိန်တိုင်း မီးခိုးတွေနဲ့ အနံအသက်တွေကြားမှာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွက ပြောပါတယ်။ အဲဒီ စက်ရုံမှာ ဘွိုင်လာ မီးမွှေးတာကို တလ ၅ ကြိမ်ထက်မနည်း ပြုလုပ်လေ့ ရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

“ဘွိုင်လာမီးမွှေးတိုင်း ညှော်နံတွေရတယ်။ လုပ်ငန်းခွင်ထဲမှာဆို မီးခိုးတွေက မြူတွေဆိုင်းနေသလို ဖြစ်နေတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံ B အဆောက်အဦးက သုံးထပ် အဆောက်အဦးဖြစ်ပြီး စက်ချုပ်လုပ်ငန်းခွင်ကတော့ အပေါ်ဆုံးအထပ်မှာ ရှိတယ်လို့ သိရပါတယ်။ အဲဒီအထပ်မှာ စက်လိုင်း ၁၀ လိုင်းရှိပြီး လုပ်သား ၄၀၀ ဝန်းကျင် လုပ်ကိုင်နေတယ် လို့လည်း သိရပါတယ်။ ဒီ စက်ချုပ်လုပ်သားတွေက မီးခိုးနဲ့ အနံအသက်တွေကြောင့် အသက်ရှုကြပ်တာနဲ့ မူးဝေတာတွေ အမြဲခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“မီးခိုးတွေက မြူတွေလို ဖြစ်နေတာ့ အသက်ရှုကြပ်လို့ ဆေးခန်းသွားရတာ၊ မူးတွေတာတွေ ဖြစ်ကြတယ်။ စက်ရုံဘက်က မတ်ခ်(မျက်နှာအကာ) တွေ ပေးတာမရှိဘူး။ တခုခုဆို ဆေးခန်းနဲ့ သူနာပြုလည်း မရှိတော့ ဖူလုံရေးဆေးခန်းကို ကိုယ့်စာရိတ် သွားကြရတာ။ အဲလို လေမသန့် ဖြစ်လာရင် ရှုဆေးဗူးတွေ ဆောင်ထား ရတယ်။ အလုပ်ကိုလည်း  တွန်းလုပ်ခိုင်းတော့ ကိုယ်ဘာသာကိုယ် မကုနိုင်တော့ဘူး၊ ဖြစ်လာရင် လဲသွားတာပဲ" လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ချုပ် အလုပ်သမားတွေ သုံးစွဲတဲ့ သောက်ရေမှာလည်း သန့်ရှင်းမှုမရှိဘဲ အမှုန်တွေပါဝင်နေတာကို တွေ့ရပြီး သန့်စင်ခန်းအနီး ထားရှိတာကြောင့် အနံအသက်မကောင်းတဲ့  သောက်ရေကို သုံးစွဲနေရတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။

“ရေသောက်လို့ရတာ နှစ်နေရာရှိတယ်။ တနေရာက သန့်စင်ခန်းကို ဖြတ်လာတဲ့ ပိုက်လိုင်းကနေ ဗူးထဲ ထည့်သောက်ရတယ်။ အဲ့နေရာက အနံအသက်တွေကြား ရေထည့်ရတာပါ။ တရုတ်တွေက အဲ့နေရာမှာ လက်ဆေးတာတွေလည်း လုပ်နေတာ။ နောက်တနေရာက HR ရုံးခန်းနားမယ်။  ရေသန့်ဗူးနဲ့ အဲ့မှာလည်း ရေတွေက အနည်တွေနဲ့ပါ"လို့ သောက်ရေ ရရှိမှုအခြေအနေကို ပြောပါတယ်။ 

New Talent Garment  စူပါတချို့က အထည်တွေ တောင်းရာမှာလည်း ဆဲဆိုခိုင်းနေတာကြောင့် အလုပ်ထွက် သွားရတဲ့ အလုပ်သမား ဦးရေ တနှစ်အတွင်း ရာဂဏန်းအထိ ရှိတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“အလုပ်သမားအမျိုးသမီးတဦးက ကိုယ်ဝန်ရှိစဖြစ်တော့ လုပ်ငန်းခွင်ရောက်မှ နေထိုင်မကောင်းဖြစ်နေတာ။ ခဏခဏ ထသွားပြီး အော့အန်နေတာပေါ့ ။ ဒီလိုဖြစ်နေတော့ သူချုပ်တဲ့ ပွိုင့်ကို ပြောင်းပေးဖို့ စူပါကို ပြောတာ။ ပြောင်းမပေးဘူး။ ဒီပွိုင့်ကိုပဲ အတင်းအကျပ် ချုပ်ခိုင်းတယ်။ နောက်နေ့ကြ အဲ့ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီး အလုပ်က ထွက်သွားတယ်။ တနေ့ကဆို အထည်တွေပုံနေလို့ဆိုပြီး အမျိုးသား စက်ချုပ်သမားကို စူပါက ဆဲဆို တာ မခံနိုင်တော့ အလုပ်ထွက်သွားတယ်” လို့ အထည်ချုပ်အလုပ်သမားတွေက ပြောပါတယ်။

အဲဒီလို ဆဲဆိုတဲ့ စူပါက လိုင်းနံပါတ် ၄ က ဖြစ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ မိသားစုဝင်တွေနဲ့ ခိုင်းနှိုင်း ပေးစားပြီး ရိုင်းဆိုင်းစွာ ဆဲဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

ပြီးခဲ့နှစ်အတွင်း New Talent Garment  စက်ရုံ လုပ်ငန်းခွင်မှာ အမျိုးသမီးစူပါက ဂိတ်ပတ်စ်မပေးတာကြောင့် အလုပ်ထွက်စာတင်တဲ့ ကိုယ်ဝန်ဆောင် အလုပ်သမား တဦး အလုပ်ထွက်စာ စောင့်ဆိုင်းနေစဉ် ကိုယ်ဝန်ပျက်ကျ တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဖြစ်စဉ်အတွက် အလုပ်သမားအရာရှိတွေက စက်ရုံက အလုပ်သမား ၃ ဦးတည်းကိုသာ ရွေးချယ်စစ်ဆးခဲ့တာကြောင့် မှန်ကန်တဲ့ အဖြေမရခဲ့ဘဲ အဲ့ဒီကိုယ်ဝန်ဆောင် အလုပ်သမား  နစ်နာခဲ့ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
New Talent Garment (Myanmar) Co,Ltd. အထည်ချုပ် စက်ရုံရဲ့ အဆောက်အဦးနှစ်ခုမှာ အလုပ်သမား စုစုပေါင်း ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး စက်ရုံကို တရုတ်နိုင်ငံသား တွေပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်း ကျေးရွာမှာရှိပြီး၊ လက်ရှိမှာတော့ ခြေအိတ်နဲ့ ဂျာကင် အမျိုးအစားနှစ်မျိုးကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026