NEWS

New Plus အထည်ချုပ်စက်ရုံ ခွဲခြားဆက်ဆံမှုများ တင်ပြခြင်း

CoverLogo
180 Views
 
(ခေါင်းဆောင်မှုပုံစံနှင့် ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုများ ၊တိုင်ကြားမှုများအပေါ် အရေးယူဆောင်ရွက်မှုမရှိခြင်း)
 
ကျွန်မတို့ New PLusထည်ချုပ်စက်ရုံ၊ Cutting ဌာနမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး ဒီစာကိုရေးသားလိုက်ပါတယ်။
 
အဓိကပြောချင်တာကတော့ ကျွန်မတိုရဲ့ တရုတ်ဆရာရဲ့ လုပ်ရပ်တွေနဲ့ စက်ရုံမှူးရဲ့ တာဝန်ယူမှုမရှိတဲ့ ပုံစံတွေကြောင့် ဝန်ထမ်းတွေ စိတ်ဓာတ်ကျဆင်းနေကြရပါတယ်။
 
အထူးသဖြင့် Cutting ဌာနရဲ့ တရုတ်ဆရာဟာ ဝန်ထမ်းတွေကို ဘက်လိုက်ခွဲခြားဆက်ဆံနေပါတယ်။ သူ့ကို အမြဲကပ်ချွဲနေတဲ့ စာရေးမတစ်ယောက်ကို ရာထူးတိုးပေးပြီး၊ အရင်က တာဝန်ကျေတဲ့ စူပါမိန်းကလေးကို ရာထူးလျှော့ချသလိုမျိုး လုပ်ခဲ့ပါတယ်။
 
ဒီစူပါအသစ်ဟာ တရုတ်ဆရာနဲ့ဆို ချိုချိုသာသာပြောဆိုပေမဲ့၊ ကျန်တဲ့ဝန်ထမ်းတွေကိုတော့ အော်ဟစ်ဆဲဆို နေပါတယ်။
ဒါ့အပြင် တရုတ်ဆရာဟာ ရာထူးခန့်အပ်တာကို ပညာနဲ့အရည်အချင်းအပေါ် မူတည်တာမဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင်စိတ်ခံစားချက်နဲ့ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်တွေပေါ် မူတည်ပြီး လုပ်ဆောင်နေပါတယ်။
 
မိန်းကလေးတွေကို မုန့်ကျွေး၊ မုန့်ဖိုးပေးပြီး ထိကပါးရိကပါးလုပ်တာ၊ ရည်းစားရတာနဲ့ အိမ်ထောင်ကျရင် အပြစ်ရှာပြီး လုပ်ငန်းခွင် အနိုင်ကျင့်တာမျိုးတွေပါ လုပ်နေပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့် ကျွန်မတိုမှာ အလုပ်ခွင်လုံခြုံမှု လုံးဝမရှိတော့ပါဘူး။ ဝန်ထမ်းတွေဟာ စိတ် မလုံမခြုံနဲ့ အမြဲတမ်း စိုးရိမ်ပူပန်နေရပါတယ်။
 
ကျွန်မတို ရင်ဖွင့်ဖိုအတွက် အကြံပြုစာပုံးထဲ စာတွေထည့် ခဲ့ကြပါတယ်။ ဒါပေမဲ့ စက်ရုံမှူးက တိုင်ကြားမှုတွေကို လုံးဝအရေးမယူခဲ့ပါဘူး။ “တရုတ်ဆရာခန့်ထားတဲ့သူရဲ့စကားကိုပဲ နားထောင်ပါ” ဆိုပြီး ကျွန်မတိုရဲ့တိုင်ကြားမှုကို လျစ်လျူရှုခဲ့ပါတယ်။
 
ဒါဟာ ကျွန်မတိုရဲ့ အခွင့်အရေးတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပါပဲ။ ဒီမတရားမှုတွေကို မခံနိုင်တော့တဲ့အတွက် အားလုံးက သဘောကျပြီး အားကိုးရတဲ့ စူပါမိန်းကလေးဟာ ဩဂုတ်လ ၁၈ ရက်နေ့မှာ အလုပ်ကနေ ထွက်စာတင်သွားပါပြီ။
 
သူမရှိတော့တဲ့အတွက် ကျွန်မတိုအားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ အလုပ်ခွင်မှာ အေးအေးချမ်းချမ်းနဲ့ စိတ်လုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ဖိုဆိုတာ အခုလိုမျိုး မတရားတာတွေရှိနေသရွေ့ မဖြစ်နိုင်ပါဘူး။
 
ဒါကြောင့်မိုလို ဒီကိစ္စတွေကို စက်ရုံတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို၊ တရုတ်ဆရာနဲ့ သူတင်ထားတဲ့ စူပါရဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးပေးဖို၊ ပြီးတော့ ဝန်ထမ်းတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိတဲ့ အလုပ်ခွင်တစ်ခုကို ဖန်တီးပေးဖို တောင်းဆိုလိုက်ပါတယ်။
 
ကျွန်မတို့က စက်ရုံရဲ့အကျိုးကို ရှေးရှုတဲ့ ဝန်ထမ်းတွေပါ။ ဒီပြဿနာကို သက်ဆိုင်သူတွေက တာဝန်ယူ ဖြေရှင်းပေး လိမ့်မယ်လို ယုံကြည်မျှော်လင့်ပါတယ်။
ရေးသားသူ - စက်ရုံဝန်ထမ်းတစ်ဦး
(New Plus အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပါတယ်။ လုပ်သားအများစုက အမျိုးသမီးတွေဖြစ်ကြပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ ရှိပါတယ်။)‌

Related posts

Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025