NEWS

Myanmar Jiale Fashion 2  အထည်ချုပ်စက်ရုံလုပ်သား ၄၀၀ ကျော် ဇန်နဝါရီ လုပ်ခလစာမရှိသေးဟုဆို

CoverLogo
924 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့ Myanmar Jiale Fashion Co.,Ltd 2 အထည်ချုပ်စက်ရုံလုပ်သား ၄၀၀ ကျော်ဟာ  ဇန်နဝါရီလုပ်ခလစာ ရရှိခြင်းမရှိသေးဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

လစဉ် လဆန်း ၅ ရက်နေ့ဟာ အလုပ်သမားတွေကို လုပ်ခလစာပေးချေရမဲ့ နောက်ဆုံးရက်အဖြစ် အလုပ်သမားဥပဒေမှာသတ်မှတ်ပြဌာန်းထားပါတယ်။ လက်ရှိမှာတော့ အလုပ်သမား ၄၀၀ ကျော်ရှိတဲ့ အထည်ချုပ်စက်ရုံမှာ ဇန်နဝါရီ လုပ်ခပေးချေခြင်းမရှိသေးတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"၅ ရက်နေ့မှာ လစာထုတ်ရမှာကို ဘာမှလည်းကြိုပြောတာမရှိဘဲနဲ့ ထုတ်မပေးဘူး ည ၈ နာရီထိစောင့်တာလည်း မပေးတော့ ၆ ရက်နေ့ကျမှမန်နေဂျာ ရောက်လာပြီး ၈ ရက်နေ့မှ ပေးမယ် မယူနိုင်ရင်မယူနဲ့ နင်တို့ဘာလုပ်ချင်လဲဆိုပြီး ပြောတယ် ဖုန်းတွေဘာတွေ ပစ်ပေါက် ပြီးပြောတယ် ၈ ရက်နေ့မှ ပေးမယ်ဆိုပြီးတော့ လက်မှတ်ထိုးပေးထားတယ် စက်ရုံက ၂ နှစ်အောက်တွေကို လျော်ကြေးပေးပြီး ထုတ်ထားတယ် ကျန်တဲ့လူတွေနဲ့ လည်ပတ်နေတာ လစာက ၅ ရက်နေ့ပေးရမှာကို ၅ သောင်းစီပေးတယ် မလိုချင်ရင်မယူနဲ့ပြောတယ် နင်တို့ဘာလုပ်နိုင်တာလဲဆိုပြီးပြောတယ် အဓိကက ၈ ရက်နေ့ပေးမယ်လို့လည်းမကြေညာဘူး ၅ ရက်နေ့မှာ မပေးနိုင်ဘူးဆိုရင်တောင်‌ ကြေညာပေးတာမျိုးမလုပ်ဘူး အလုပ်သမားတွေကို မပြောချင်ရင်တောင် ခေါင်းဆောင်ပိုင်းတွေကို ခေါ်ပြီးတော့ ပြောထားရမှာမဟုတ်ဘူးလား အဲ့လိုလည်းမပြောဘူး "လို့ အလုပ်သမားကပြောပါတယ်။

"အကုန်လုံးက လစာရမှ အဆောင်စရိတ်ပေးရမဲ့လူတွေရှိတယ် ၅ ရက်နေ့ဆိုပေးရတာပဲ ဘသူမှ စောင့်ပေးတာမရှိဘူး ခုက ၅ သောင်းပေးပြီးပြီဆိုတော့ ၂ သိန်းခွဲ ကျော်ကျော်တော့ကျန်သေးတယ်"လို့ ယင်းကပြောဆိုပါတယ်။

စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး GM ဆိုသူ အင်ဒိုနီးရှားနိုင်ငံသားက လုပ်ခလစာပေးချေမှုမရှိတာကို ကြိုတင်အသိပေးပြောဆိုတာမရှိဘဲ အလုပ်သမားတွေသွားရောက်ပြောဆိုချိန်တွင် မှ ဇန်နဝါရီ ၈ ရက်နေ့တွင် ပေးချေမည်ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

"မကျေနပ်တာက မပေးနိုင်ဘူးဆို ကောင်းကောင်းမွန်မွန် ၅ ရက်နေ့ကတည်းက မီတင်ခေါ်ပြော အခုက ဝုန်းဒိုင်းကျဲပြီး ခုံတွေထုရိုက်ပြောတာ ဘာတွေဖြစ်လာအုံးမလဲမသိဘူး လက်မှတ်ကတော့ အလုပ်သမားတွေရှေ့မှာပဲထိုးပေးထားတာ သူက အင်ဒိုနီးရှားနိုင်ငံသား အရင်က မန်နေဂျာက အဆင်ပြေသေးတယ် အခုက သူ့တွဲဘက်က စစ်တပ်ဘက်က ဆိုလားပဲ "နင်တို့ဘာလုပ်နိုင်လဲ လုပ်ကြည့်လေ စက်ရုံနဲ့ နင်တို့ ဘယ်သူနိုင်မယ်ထင်လဲ" အဲ့လိုပြောတာ တော်တော်လေးဆိုးပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

Myanmar Jiale Fashion စက်ရုံဟာ ရုံ ၁ နှင့် ရုံ ၂ ရှိပြီး ယခုလိုလစာပေးချေခြင်းမရှိသေးတာက ရုံ ၂ မှာသာ ဖြစ်ပေါ်နေတာဖြစ်ပြီး လက်ရှိမှာအော်ဒါဝင်ရောက်မှုတွေလည်းနည်းပါးနေပြီး အော်ဒါရရှိမှုပေါ်မူတည်ကာ ချုပ်လုပ်နေရတာလို့ အလုပ်သမားကပြောပါတယ်။

"အော်ဒါတော့မရှိဘူး အဲ့လိုမရှိရင် စက်ရုံပိတ်လိုက်ဖို့ကို လျော်ကြေး မပေးနိုင်လို့တော့ထင်တာပဲ အနုနည်းနဲ့ ခြိမ်းခြောက်ပြီးတော့ ထွက်ချင်စိတ်ပေါက်အောင်လုပ်နေတာလားတော့မသိဘူး အော်ဒါမရှိလို့ရှိရင် ပိတ်ရမှာပဲလေ ၂ နှစ်အောက်တွေတောင်ထုတ်နေပြီလေ အော်ဒါကလည်းမရှိဘူး နည်းနည်းပါးပါးပဲ မရှိရင်တော့ ပိတ်ရမှာကို မပိတ်ဘဲ တခုခုဆို စကားပြောရင် ခုံတွေကို ထုရိုက်ပြီး ပြောတာ ပိုက်ဆံလိုချင်လို့အလုပ်လုပ်တဲ့လူတွေချည်းပဲလေ ပိုက်ဆံမပေးဘဲနဲ့ ဆူညံနေတာကျတော့ အဆင်မပြေဘူး  လုပ်သက်က ၃ နှစ်အထက်တွေချည်းပဲ ၂ နှစ်အောက်တွေထုတ်တာကတော့ ဒီဇင်ဘာလောက်ကပဲ အခုက ၄၀၀ လောက်ရှိသေးတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတာ ညှိနှိုင်းပေးတာမရှိဘူးလို့ ဆိုပါတယ်။

မကြာသေးခင်က လုပ်ငန်းခွင်ထဲက လုပ်သက် ၂ နှစ်အောက်အလုပ်သမားတွေကို လျော်ကြေးပေးထုတ်ပယ်ခဲ့ပြီး လက်ရှိမှာတော့ လုပ်သက် ၃ နှစ်အထက် အလုပ်သမား ၄၀၀ ကျော်သာကျန်တော့တယ်လို့ ဆိုပါတယ်။အဲ့ဒီအချိန်တုန်းကလည်း မန်နေဂျာဆိုသူက အလုပ်သမားတွေအပေါ် အာဏာရှင်ဆန်ဆန်ပြောဆို မှုတွေ ကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားရုံးမှာ သွားရောက် တိုင်ကြားခဲ့သေးတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026