NEWS

Myanmar Guotai  Huasheng  Glory  Fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမားလစာကို ဘဏ်ကတ်စနစ်ဖြင့် ပြောင်းလဲလိုက်လို့ လစာထုတ်ယူရာမှာအခက်တွေ့နေ

CoverLogo
1K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မူဇုန် (၂)၊ ဦးထွန်ညိုလမ်း၊ ခြံအမှတ်(-)တွင် ဖွင့်လှစ်ထားသော   Myanmar Guotai  Huasheng  Glory  Fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့လစာပေးချေမှုကို ဘဏ်ကတ်စနစ်နဲ့ ပြောင်းလဲလိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ လစာထုတ်ယူရာမှာအခက်အခဲကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အရင်က လစာကို ငွေသားဖြင့်ပေးချေပေမဲ့ နိုဝင်ဘာလကစပြီး ဘဏ်ကတ်ထဲထည့်သွင်းပေးတာဖြစ်ပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ တဖက်သတ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အခုလို ဘဏ်ကတ်စနစ်နဲ့ လစာပေးချေရာမှာ အခက်အခဲတွေကြုံတွေ့ရပြီး လစာထုတ်ရက်ဖြစ်တဲ့ လဆန်း ၅ ရက်နေ့မှာ အဆောင်လခ နဲ့ ပေးချေစရာရှိတာတွေကို လက်ငင်းပေးချေရတာဖြစ်ပြီး အဲ့ဒီနေ့မှာ ငွေသားထုတ်ယူဖို့ အခက်အခဲကြုံရတာကြောင့် လစာထုတ်ယူသုံးစွဲဖို့ ခက်ခဲပေမဲ့ စက်ရုံဘက်က ဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် ဘဏ်ကတ်စနစ်နဲ့ လစာထည့်သွင်းပေးဖို့ အလုပ်သမားအချို့ကို နေရပ်ပြန် မှတ်ပုံတင် ပြန်လုပ်ခိုင်းတာတွေကြောင့် လည်း လမ်းခရီးအခြေအနေနဲ့ လုံခြုံရေးအခြေအနေတွေ စတဲ့  အခက်အခဲကြောင့် အလုပ်မှနုတ်ထွက်သွားရတဲ့အလုပ်သမားတွေရှိနေတယ်လို့ဆိုပါတယ်။

"ကျွန်မတို့ရတဲ့လစာဆိုတာ ရတဲ့နေ့မှာပဲ ရေဖိုး မီးဖိုး အဆောင်လခ တစ်လစာ သုံးဖို့အတွက် ဝယ်ရခြမ်းရတာနဲ့တင် လောက်တောင်မလောက်ပါဘူး ဒီလိုအခြေအနေမှာ ဘဏ်ကတ်ထဲထည့်ပေးတာကို မန်နေဂျာက ကိုယ့်သဘောနဲ့ကိုယ် လုပ်ချလိုက်တော့ ကျမတို့မှာ ကိုယ့်လုပ်အားခ ကိုယ်ထုတ်ဖို့ စက်တွေမှာတန်းဆီရတာ နေရာတိုင်းမှာလည်း ထုတ်လို့မရတော့ ကိုယ့်ငွေကိုယ်သုံးလို့မရဖြစ်နေတာ"လို့ အခက်အခဲကြုံနေရတဲ့အလုပ်သမားကပြောပါတယ်။

" မှတ်ပုံတင်ပြန်လုပ်ခိုင်းတဲ့အလုပ်သမားတွေကိုဆိုရင် ရှောင်တခင်ခွင့်တွေ လုပ်သက်ခွင့်တွေနဲ့ သွားခိုင်းတာမဟုတ်ဘူး သွားတဲ့ရက်က တပတ်လောက်ကြာတော့ ဒေးကြေး ၅၈၀၀ ရက်မှန်ကြေး ၂၀၀၀၀ နဲ့ ကျွမ်းကျင်ကြေးတွေ ဂရိတ်တွေ အလျှော့ခံရတယ် သွားရတဲ့အလုပ်သမားကလည်း ပိုက်ဆံက အဖြတ်ခံရ မှတ်ပုံတင်အတွက်လည်း ကုန်ကျရနဲ့ ဘယ်လိုမှ အဆင်မပြေဘူး အခုလိုတဖက်သတ် ဆုံးဖြတ်လိုက်တာက ကျွန်မတို့ အလုပ်သမားတွေအတွက် အရမ်းနစ်နာပါတယ် ပိုက်ဆံကလည်းအကုန်ထုတ်လို့မရဘူး"လို့ အလုပ်သမားကပြောဆိုပါတယ်။

ဒါ့အပြင်လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန် တစ်နာရီလျင် ၄၀ အထိတောင်းပြီး      Inextenso၊ CORTEFIEL    စတဲ့အမှတ်တံဆိပ် အထည်တွေကို အလုပ်သမား ၇၀၀ ကျော်နဲ့  ချုပ်လုပ်နေတာလို့ အလုပ်သမားကပြောပါတယ်။

"အလုပ်ရှင်တောင်းတဲ့စံချိန်တွေက အပျော့သားတွေဆိုတော့လက်ဝင်တယ် သူတို့တောင်းတဲ့စံချိန်ပြည့်မီဖို့ အလုပ်အချိန်အတွင်း ရေမသောက် အိမ်သာမသွားဘဲ အသဲအသန်ချုပ်ရတာပါ စံချိန်တောင်းခံချိန်မှာလည်း လိုင်းစူပါတွေ အထူးသဖြင့် လိုင်း ၁၄ နဲ့ လိုင်း ၁၆ စူပါတွေဆို စက်လိုင်းထိပ်ကနေ နေ့စဉ်နဲ့အမျှ အော်ဟစ်ဆဲဆိုပြီးစံချိန်တောင်းတာ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအချင်းချင်းခွဲခြားဆက်ဆံတာတွေပြုလုပ်ပြီး အလုပ်သမားတွေ ထမင်းစားပြီးချိန်နှင့် အိမ်သာသွားချိန်တွေမှာ မန်နေဂျာနှင့် လုံခြုံရေးဝန်ထမ်းတို့မှ အလုပ်သမားတွေရဲ့ ပစ္စည်းတွေကို လိုက်လံရှာဖွေတာတွေ ပြလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

"ထမင်းစားချိန် ထမင်းစားပြီး အိမ်သာခဏသွားတာနဲ့ လူမရှိရင် မန်နေဂျာနဲ့ လုံခြုံရေးက လိုက်စစ်တာတွေ လုပ်ပါတယ် မနက်တိုင်းလည်းစက်ရုံဝင်ပေါက်မှာလုံခြုံရေးတွေက စစ်ဆေးတာတွေလုပ်သေးတယ် အဲ့ဒါကြောင့် လူမရှိတဲ့အချိန် ရှာဖွေတာမလုပ်ဖို့ပြောလည်း ငါ့စက်ရုံ ငါကြိုက်သလိုလုပ်မယ် ငါစစ်ချင်တဲ့အချိန်စစ်မယ် ဆိုပြီး မန်နေဂျာက ပြန်ပြောပါတယ်။ အရင်တုန်းက သမဂ္ဂအဖွဲ့ဝင်လုပ်ဖူးတဲ့အလုပ်သမားတွေကိုလည်း  အောစူပါ စူပါတွေက အပြစ်မရှိ အပြစ်ရှာပြီး အငြိုးအတေးထားပြီး ဆက်ဆံပါတယ် မန်နေဂျာကို သွားပြီးပြောလည်း ဖြေရှင်းပေးတာမရှိဘူး သူတို့လုပ်ချင်တိုင်း လုပ်ချင်သလို လုပ်နေကြတာ"လို့ အလုပ်သမားကပြောပါဝယ်။

လုပ်ငန်းခွင်ဟာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအချင်းချင်းခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ စံချိန်တောင်းခံရာမှာ အောစူပါ စူပါတို့မှ အော်ဟစ်ဆဲဆိုတာတွေမလုပ်ဖို့ အလုပ်သမားတွေမသိဘဲ မန်နေဂျာမှ ရှောင်တခင်ဝင်စစ်ဆေးတာတွေမလုပ်ဖို့ အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်တာထက် စံချိန်ကို ပိုမိုတောင်းခံတာတွေမလုပ်ဖို့နဲ့ လစာပေးချေရာမှာ ဘဏ်ကတ်နဲ့ပေးချေဖို့အဆင်မပြေတဲ့အလုပ်သမားတွေကို ငွေသားဖြင့်သာပေးချေဖို့ စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026