NEWS

Myanmar Bago NTMODE Garments စက်ရုံ သတင်းဖော်ပြခံရပြီးနောက် နေ့စား ကလေးလုပ်သားများအား အလုပ်ထုတ်

CoverLogo
1.1K Views

Myanmar Bago NTMODE Garments စက်ရုံရဲ့ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေချိုးဖောက်နေတဲ့ သတင်းကို Myanmar Labour News မှာ ဖော်ပြပြီးနောက် စက်ရုံက နေ့စား ကလေးအလုပ်သမား ၂၀ ဝန်းကျင်ကို အလုပ်ထုတ်လိုက်တယ်လို့  သိရပါတယ်။

“ နေ့စားအလုပ်သမားလျှော့မယ်ဆိုပြီး အသက် ၁၅ နှစ်အောက် နေ့စားလေးတွေကို ထုတ်လိုက်တာပဲ။ တချို့ဆို လုပ်သက် ၃ နှစ်နီးပါးလောက် ရှိတယ်။ အခု ၁၅ နှစ် အထက် အလုပ်သမားတွေရှိသေးတယ်။ နေ့စားဆိုတော့ လူမှုဖူလုံရေးကြေးလည်း သွင်းမပေး၊ ခွင့်လည်း ခံစားခွင့်မရ၊ ဆေးခွင့်တောင် မရကြတာပါ ။ ဥပဒေပါအတိုင်း ဆောင်ရွက်ရင် အလုပ်ထုတ်စရာလည်း မလိုပါဘူး ။ နေ့စား အလုပ်သမားတွေအတွက် တိုင်ကြားနိုင်အောင် ကူညီမဲ့သူ မရှိဘူး ၊ စိတ်မကောင်း ဖြစ်ရပါတယ်” လို့ အလုပ်သမားတဦး က ပြောပါတယ်။ 

သတင်းဖော်ပြပြီးနောက် Myanmar Bago NTMODE Garments စက်ရုံဘက်က နေ့စားကလေး လုပ်သားတွေ ကို အလုပ်ထုတ်တာ၊ သောက်ရေစင်ကို ပြုပြင်ပေးတာ နဲ့ EC စာချုပ် ချုပ်ပေးတာတွေကို ပြုလုပ်ပေးတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

“သတင်းတက်တယ်လို့ ကြားတယ်။ နောက် ၂ ရက်နေတော့ EC စာချုပ် လက်မှတ်ထိုးဆိုပြီး လာပြောတယ်။ ထိုးလိုက်ရတာပဲ။ ဘယ်လို စည်းကမ်းသတ်မှတ်ချက်ပါတယ်ဆိုတာမျိုးလည်း ဖတ်မပြဘူး။ စာချုပ်လည်း မပေးလိုက်ဘူး ။ သောက်ရေစင်ကတော့ အရင် ရေခွက် ၁ လုံးကနေ ၅ လုံးထပ်ချပေးထားတယ် ။ အလုပ်သမား ၇၀၀ ဝန်းကျင်နဲ့ ဘယ်လိုသောက်ရ မလဲမသိဘူး။ နေ့စားကလေးမလေးတွေကတော့ သနားပါတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 
EC စာချုပ်မှာ  ကြိုပို့ အစီအစဉ်တွေကို သေချာဖော်ပြထားပေမဲ့ စက်ရုံဘက်က လက်ရှိအချိန်အထိ လိုက်နာတာ မရှိသေးသလို အချိန်ပို လုပ်ခရှင်းပေးရာမှာလည်း ဥပဒေသတ်မှတ်ကို ချိုးဖောက်နေတယ်လို့ အလုပ်သမားတဦး ပြောပါတယ် ။

“စက်ရုံက သနပ္ပင်ဘက်ကို ကြိုဖို့ နှစ်စီးပဲ ထားပေးထားတာ၊ ကျန်တဲ့သူတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာ ရတယ်။ လုပ်ခလစာပိုပေးတာလည်း မဟုတ်ဘူး။ တခြားစက်ရုံတွေလိုကို ပေးတာမဟုတ်ဘူး။ ဂရိတ်ကြေး ဆိုတာ စက်ချုပ် အလုပ်သမားတွေပဲရတယ်။ ရက်မှန်ကြေးဆိုလည်း တခြားစက်ရုံထက် နည်းပေးထားတယ်။ အချိန်ပိုခဆိုလည်း အလုပ်သမားတွေကို ဖိနှိပ်ပြီး ခိုင်းနေတယ်”လို့ ပြောပါတယ်။

Myanmar Bago NTMODE Garments  အလုပ်ချိန် အထည်အရေအတွက် မပြည့်ပါက အချိန်ပိုကြေး မပေးဘဲ ခိုင်းစေတာ၊ တနင်္ဂနွေ နဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေမှာ အချိန်ပိုလုပ်ကိုင်ရပါက သတ်မှတ် အချိန်ပိုခ မပေးဘူးလို့လည်း လုပ်သက်ရင့် အလုပ်သမားတဦးက ပြောပါတယ်။  

“ပုံမှန်အလုပ်ချိန် အထည်မပြီး ပြီးအောင် ချုပ်ရတယ်၊ ချုပ်မပြီးရင် အချိန်ပို နှစ်နာရီလောက် ချုပ်ပေးရတယ်။ အချိန်ပိုကြေးတော့ မပေးဘူး ။ အဲဒါကို မဆင်းဘူးဆိုရင် ရက်မှန်ကြေး ဖြတ်လိုက်တာ။  အဲဒါက ကြာနေပြီ ။ အလုပ်ပိတ်ရက်တွေမှာ  အချိန်ပိုခကို သတ်မှတ်ထားတဲ့ လုပ်ခနဲ့ မတွက်ဘူး။ ပုတ်ပြတ် ၉၀၀၀ နဲ့ လုပ်ခိုင်းတာ။ ၁၂၀၀ နဲ့တွက်ရင် ၉၆၀၀ ရရမယ်။ ၁၄၀၀ ဆိုရင်တောင် ၁၁၀၀၀ ကျော်ရရမယ်မလား။ အလုပ်သမားတွေကို အကာကွယ်ပေးမဲ့သူ မရှိဘူး။ လိုင်းခေါင်းဆောင်တွေက အလုပ်သမားနစ်နစ်မှုတွေကို မကာကွယ်ကြပါဘူး။ တချို့က ဆဲတောင် ဆဲနေသေးတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

စက်လိုင်းနံပါတ် ၃ ရဲ့ ခေါင်းဆောင်ဆိုတဲ့ အမျိုးသမီးက လက်အောက် အလုပ်သမားတွေအပြင် တခြားအလုပ်ဌာနက အလုပ်သမားတွေကိုပါ ဆဲဆိုလေ့ရှိတယ်လို့ စက်ချုပ်အလုပ်သမား အမျိုးသမီးတဦး က ပြောပါတယ်။

“တနေ့ကလည်း ဆဲနေတာ နင်တို့ဟာလောက် ကျယ်လားတို့။ အကောင်တွေနဲ့ဆို သာယာနေ တာပဲ တို့၊ “ေ-ာက်လုံး” ကန်းနေလားတို့ အစုံပဲ ၊ ဖေတွေ -ာတွေစုံအောင်ဆဲတာ ။ မိန်းကလေးတွေ ကို ယောက်ျားလေးတွေ ရှေ့ ဆဲတာဆိုတော့ စဉ်းစားကြည့်ပါ ။ ကြားရတာက မသင့်တော်ဘူးဆိုတာ သိမှာပါ။” အလုပ်သမားတဦးက ပြောပါတယ်။ 

လက်ရှိအချိန်အထိ ဆေးပေးခန်းတွေမှာ ဆေးမရှိသေးဘဲ အပြင်ကနေ ဝယ်ယူနေရဆဲ ဖြစ်သလို WCC အဖွဲ့အစည်းကိုလည်း စစ်ဆေးမှုတွေရှိမှသာ ယောင်ပြအဖွဲ့ဝင်တွေနဲ့  ဖွဲ့စည်းထားတာမျိုး စက်ရုံဘက်က လုပ်လေ့ရှိတယ်လို့လည်း  အဲဒီ အလုပ်သမားက ဆက်ပြောပါတယ်။

Myanmar BAGO NTMODE Garment Co.,Ltd စက်ရုံမှာ လုပ်သား ၆၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး  တရုတ်အမျိုးသားတဦး ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ စက်ရုံကတော့ ပဲခူးမြို့၊ သနပ္ပင်လမ်းမတန်း၊ ဟင်္သာကုန်း၊ ဗိုလ်ကုန်း ၁၈ ရပ်ကွက်၊ မာဃလမ်းမှာ လုပ်ငန်း လည်ပတ် နေတယ်လို့ သိထားရပါတယ်။

#MyanmarLabourNews 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026